ဆီးရီးယားစစ်တပ် ထိုးစစ်ကြီး ဆင်နွှဲရန် ပြင်ဆင်၊ မြို့ခံ ထောင်ပေါင်းများစွာ ထွက်ပြေး

ပို့စ်တင်ချိန် - 2/17/2014 03:39:00 AM


ဒမတ်စကတ်၊ ဖေဖော်ဝါရီ ၁၄

ဆီးရီးယား အစိုးရ စစ်တပ်က သူပုန်များ သိမ်းပိုက်ထားသော မြို့ကို လက်နက်ကြီးများနှင့် ဗုံးကြဲ လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ပြီး အဓိက ထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲရန် ပြင်ဆင်နေခြင်းကြောင့် မြို့ခံ ထောင်ပေါင်းများစွာ ထွက်ပြေး နေရကြောင်း ကုလသမဂ္ဂ အဖွဲ့၏ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။

ဂျနီဗာမြို့တွင် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေပြီး အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံးက မိမိတို့ ရပ်တည်ချက်များကို အခိုင်အမာ ကိုင်စွဲနေခြင်းကြောင့် သဘောတူညီချက် ရရှိရန် အလှမ်းဝေးနေချိန်တွင် ယခုကဲ့သို့သော အပြင်းအထန် တိုက်ခိုက်မှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

နှစ်ဖက်စလုံးက ဆွေးနွေးပွဲ အသာစီးရရန် ကြိုးပမ်း နေခြင်းကြောင့် အကြမ်းဖက်မှုများမှာ တရိပ်ရိပ် မြင့်တက်လာခဲ့ပြီး ဆွေးနွေးပွဲများ စတင်ခဲ့သည့် ကာလမှစ၍ လူပေါင်း ၅၀၀၀ ကျော် သေဆုံးခဲ့ကြောင်း အမေရိကန် ထိပ်တန်း အရာရှိတစ်ဦးက သောကြာနေ့တွင် ပြောကြားသည်။

ဒမတ်စကတ် မြို့တော်နှင့် သမ္မတ အာဆတ်၏ အခြေခံ နယ်မြေဖြစ်သော မြေထဲပင်လယ် ကမ်းရိုးတန်း ဒေသကြား ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်နိုင်ရန် အစိုးရ တပ်ဖွဲ့ဝင်များက ရည်မှန်းထားပြီး ဆီးရီးယား-လက်ဘနွန် နယ်ခြားရှိ ရာယတ်မြို့ကို စစ်ရေးအရ တိုက်ခိုက်လျက် ရှိသည်။

“လေကြောင်း တိုက်ခိုက်မှု အများအပြားနဲ့ လက်နက်ကြီး ပစ်ခတ်မှု များစွာ ဖြစ်ပွားခဲ့တယ်လို့ ဆီးရီးယား နိုင်ငံတွင်းက အစီရင်ခံထားပါတယ်။ မြို့အနီးကိုလည်း တပ်ဖွဲ့ဝင်တွေ စုဝေး ရောက်ရှိလာပြီး အဓိက မြေပြင် ထိုးစစ်ကြီးတစ်ရပ် လတ်တလော ပေါ်ပေါက် လာနိုင်ပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ရုပတ်က ပြောကြားသည်။

ယင်းကဲ့သို့သော အပြင်းအထန် တိုက်ခိုက်မှုများ ပေါ်ပေါက်နေခြင်းကြောင့် မြို့ခံ ထောင်ပေါင်းများစွာမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထွက်ပြေးခဲ့ရပြီး မြို့တွင်းတွင် လူပေါင်း ၄၀,၀၀၀ မှ ၅၀,၀၀၀ အထိ ကျန်ရှိနေသေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြို့ခံများ ထွက်ခွာခွင့်ကို ဒမတ်စကတ်က ပိတ်ပင်ပါက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုအဖြစ် မှတ်တမ်းဝင်မည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ရာယတ်ဒေသ အနီးသို့ ဆီးရီးယား တပ်မတော် ဦးတည် ချီတက်လာပြီး မြို့၏ အဓိက ဆက်သွယ်ရေး လမ်းမကြီးကို ထိန်းချုပ်လိုက်ကာ မှောင်ခိုလုပ်ငန်းတွင် အသုံးပြုသည့် နယ်စပ် ဖျက်ကျော်ရေး ဂိတ်များကို သိမ်းပိုက်ထားကြောင်း ဆီးရီးယား အစိုးရအဖွဲ့၏ မဟာမိတ် ဟစ်ဇဘိုလာ စစ်သွေးကြွ အဖွဲ့၏ Al- Manar ရုပ်မြင်သံကြားတွင် ဖော်ပြထားသည်။

ဆီးရီးယား ပြည်တွင်းစစ် ဖြေရှင်းနိုင်ရေး ဂျနီဗာမြို့၌ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေသော်လည်း အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံး သဘောတူညီချက် ရရှိနိုင်ရန် ဝေးကွာနေပြီး တတိယအကျော့ ဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ထားသော်လည်း လက်ရှိ အချိန်ထိ ရက် သတ်မှတ်နိုင်ခြင်း မရှိသေးပေ။
The Voice Weekly