ယာဉ်မောင်းလိုင်စင် ထုတ်ပေးရာတွင် ပိုမိုကောင်းမွန်သည့် စစ်ဆေးမှု များ ပြုလုပ်သွားမည်

ပို့စ်တင်ချိန် - 2/17/2014 03:51:00 PM



ယာဉ်မတော်တဆထိခိုက်မှု ဖြစ်ပွားရခြင်းအကြောင်းအရင်းများတွင် စည်းကမ်းများ နားလည်မှု အားနည်းခြင်း ပါဝင်နေ

ရန်ကုန် ဖေဖော်ဝါရီ ၁၆
မော်တော်ယာဉ်တင်သွင်းမှုများ ပိုမိုများပြားလာခဲ့ပြီး ယာဉ်မောင်းသူဦးရေမှာလည်း တိုးတက်များပြားလာခဲ့သည့် အတွက် ယာဉ်မောင်းများ၏အရည်အသွေး ပိုမိုမြင့်တက်လာစေရန် ရည်ရွယ်ကာ ယာဉ်မောင်းလိုင်စင် စစ်ဆေးမှုများကို ပိုမိုစနစ်ကျစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက သိရသည်။

မော်တော်ယာဉ်မောင်းနှင်သူများ၏ အရည်အသွေး ပိုမိုကောင်းမွန်လာစေရန်နှင့် ယာဉ်မတော်တဆ ထိခိုက်မှု အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်ကာ ယာဉ်မောင်းလိုင်စင်ရရှိရန် လျှောက်ထားသူများကို ပိုမိုတိကျသည့် စစ်ဆေးမှုများဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှတာဝန်ရှိသူ ကပြောကြားသည်။
ယာဉ် စတင်မောင်းနှင်သူများအတွက် မဖြစ်မနေလိုအပ်သည့် ယာဉ်မောင်းလိုင်စင်ရရှိမှု အပိုင်းတွင်မူလက စစ်ဆေးမှုဖြစ်သော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ ဆောင်ရန်၊ရှောင်ရန် နည်းလမ်းများနှင့် လမ်းညွှန် အမှတ်အသားများ၊ ဆိုင်းဘုတ်များ၊ ညွှန်ကြားချက်များကို စနစ်တကျတတ်ကျွမ်းနားလည်မှသာ ယာဉ်မောင်းလိုင်စင် ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုနောက်ပိုင်းတွင် ယာဉ်မောင်းသူများ၏ ကိုယ်ပိုင်စိတ် အခြေအနေ၊ အရက်သေစာသောက်စားမှု ရှိ မရှိနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အချက်အလက် များကို နားလည်ကျွမ်းဝင်မှုစသည့် မေးခွန်းများကို ယခင် အခု ၂၀ မှ ယခုအခုရေ ၅၀ ခန့်အထိ တိုးမြှင့်စိစစ် မေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။

'' ယာဉ်မောင်းလိုင်စင် လျှောက်ထားသူအများစုက မော်တော်ယာဉ်တွေကို ကျွမ်းကျင်စွာမောင်းနှင်နိုင်တာနဲ့ ယာဉ်မောင်းလိုင်စင်ရမယ်လို့ ထင်ကြတယ်။
အမှန်တကယ်ကမော်တော်ယာဉ်ကို ကျွမ်းကျင်စွာ မောင်းနှင်နိုင်တဲ့ နည်းတူ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း၊ လမ်းကြောတွေအကြောင်း၊ အရေးပေါ်ကြုံတွေ့လာရမယ့် အခြေအနေတွေမှာ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချမှတ်နိုင်ဖို့ အခြေအနေတွေကို ထည့်သွင်း စဉ်းစား ကြရမှာ ဖြစ်ပါတယ်။ ဒါမှလည်း အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်မှာဖြစ်ပြီး မိမိရဲ့အသက် အန္တရာယ်ကိုရော လိုက်ပါစီးနင်းမယ့်သူရဲ့ အန္တရာယ်ကိုပါသိရှိသဘောပေါက်ပြီး ပိုမိုကောင်းမွန်စေမယ် '' ဟု ကုန်းလမ်း ပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူကရှင်းလင်းပြောကြားသည်။

အဆိုပါ ဦးစီးဌာနအနေဖြင့်ယာဉ်မောင်းလိုင်စင် ထုတ်ပေးမှုကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည့် နည်းတူ ယာဉ်မောင်းလိုင်စင်များထုတ်ပေးခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့များအသီးသီးသို့ ကွင်းဆင်းဆောင်ရွက်မှုများလည်း ဆက်တိုက် ဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံတဝန်းလုံးတွင် ယာဉ်မတော်တဆတိမ်းမှောက်မှုနှင့် ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားရသည့် အကြောင်းရင်းမှာ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ အချက်အလက်များကို လေ့လာမှု အားနည်းခြင်း ကြောင့် အများဆုံးဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

MOI Webportal