ထိုင်းမှဝင်ရောက်သည့် စားသုံးရန်မသင့်သော ငံပြာရည်များ ရန်ကုန်မှနယ်ဈေးကွက်သို့ဝင်ရောက်

ပို့စ်တင်ချိန် - 2/17/2014 02:21:00 PM


17.2.2014

ထိုင်းမှဝင်ရောက်နေသည့် စားသုံးရန်မသင့်သော ငံပြာရည်များမှာ ရန်ကုန်ဈေးကွက်တွင် ကွယ်ပျောက် နေသော်လည်း နယ်ဈေးကွက်အတွင်းသို့ ပြန်လည်ဝင်ရောက်မှုများရှိနေကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဖေဖော်ဝါရီ ၁၆ ရက်တွင် မဇ္ဈိမသို့ပြောသည်။

ထိုင်းမှဝင်ရောက်နေသည့် ငံပြာရည်များကို တစ်နိုင်ငံလုံး တိုက်ရိုက်ဖြန့်ချိသည့် မင်္ဂလာဈေးသို့ ၀င်ရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ မြ၀တီမှကုန်သည်များက ရန်ကုန်ဈေးကွက်အတွင်းရှိ ငံပြာရည်များကို ပြန်လည် သယ်ဆောင်သွားကြပြီး တချို့တစ်ဝက်ကို မော်လမြိုင်ဘက်သို့ ပြန်လည်တင်သွင်းကြကြောင်း ဦးဗအုပ် ခိုင်က ပြောသည်။

ဦးဗအုပ်ခိုင်က “စစ်မယ်ဆိုတဲ့အတွက် ပြန်ယူကြတာလားမသိဘူး၊ မြ၀တီက ကုန်သည်တော်တော်များ များကတော့ ပြန်ပြီးသယ်သွားတယ်။ နယ်စပ်ကနေ အတုတွေဝင်တဲ့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာ တွေက စစ်ဆေးဖို့လိုပါတယ်”ဟု ဆိုသည်။

“မြန်မာနိုင်ငံစားသုံးသူကြိုတင်ကာကွယ်ပေးရေးအသင်းအနေဖြင့် ပုဂ္ဂလိက အဖွဲ့အစည်းဖြစ်သောကြောင့် အရေးယူမှု အပိုင်းတွင် အားနည်းချက်များရှိနေပြီး နေရာဒေသအနှံ့အပြားတွင် စစ်ဆေးမှုများပြုလုပ်နိုင်ရန် အတွက်ကိုသာ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဦးဗအုပ်ခိုင်က ဆက်လက်ပြောကြားသည်။

လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများအတွက် တိုင်တန်းမှုများရှိလာပါက လိုက်လံဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးကပြောသည်။

“စားသုံးသူကာကွယ်ရေးဥပဒေက အသက်မ၀င်သေးဘူး။ အမျိုးသားအစားအသောက်ဥပဒေအရ လူတွေ ကိုအန္တရာယ် ဖြစ်စေနိုင်လောက်တဲ့ ထိခိုက်မှုမျိုးရှိတယ်ဆိုရင် တရားရုံးမှာအမှုဖွင့်ပြီး တရားစွဲလို့ရပါတယ်။ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာလဲ စားသုံးသူရေးရာဦးစီးဌာနတွေ ဖွင့်လှစ်ဖို့ သင်တန်းပေးမှုတွေ ပြုလုပ်ပါထား တယ်” ဟု ဦးခင်မောင်လေးကဆိုသည်။


ပြည်တွင်းသို့ဝင်ရောက်လာသော စားသောက်ကုန်ပစ္စည်းများကို စစ်ဆေးမှုများပြုလုပ်ရာတွင် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက တာဝန်ယူလုပ်ဆောင်ရမည်ဖြစ်ပြီး ဈေးများကိုစစ် ဆေးရာတွင် မြို့တော်စည်ပင်၏အကူအညီများဖြင့် ဆောင်ရွက်ရမည်ဖြစ်ကာ နယ်စပ်ဒေသများမှဝင် ရောက်လာမှုများကိုမူစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စိစစ်မှုများပြုလုပ်သွားမည်ဖြစ် ကြောင်း ဦးခင်မောင်လေးက ထပ်မံပြောကြားသည်။

ပြည်ပမှ ငံပြာရည်အတုများဝင်ရောက်မှုရှိခဲ့သော်လည်း ပြည်တွင်းငံပြာရည် ဈေးကွက်မှာ ပုံမှန်အတိုင်း အရောင်းအ၀ယ်ဖြစ်နေကြောင်း စိန်ကား ငါးပိ၊ ငံပြာရည် ရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင်ဖြစ်သူ ဦးထွန်း အောင်က ဖေဖော်ဝါရီ ၁၆ ရက်တွင် မဇ္ဈိမသို့ပြောသည်။

Mizzima
မဇ္ဈိမ