ကျိုက္ခမီ သုသာန်ဟောင်း ကျပ်သိန်း ၈၀၀ ခန့် အကုန်အကျခံပြုပြင်

ပို့စ်တင်ချိန် - 2/17/2014 03:45:00 AM


မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၃

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ သုသာန်ဟောင်းကို သံဖြူဇရပ် စစ်သင်္ချိုင်းကဲ့သို့ နိုင်ငံအဆင့်မီ သင်္ချိုင်း ဖြစ်စေရန် ငွေကျပ်သိန်း ၈၀၀ အကုန်ကျခံ၍ ပန်းဥယျာဉ်များ ထည့်သွင်းခြင်းနှင့် မီးသင်္ဂြိုဟ်စက်အတွင်း CCTV တပ်ဆင်ကာ ပြန်လည် ပြုပြင်မွမ်းမံလျက် ရှိကြောင်း ကျိုက္ခမီ ဟိတကာရီ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမောင်ဖြူက ပြောကြားသည်။
“ဒီသင်္ချိုင်းမှာ မီးသင်္ဂြိုဟ်လို့ရှိရင် အခမဲ့ သင်္ဂြိုဟ်နိုင်အောင် မြို့သူမြို့သားတွေ လှူထားတဲ့ ငွေတွေကို ဘဏ်ထဲမှာ ထည့်ထားတယ်။ အဲဒီကရတဲ့အတိုးနဲ့ သင်္ဂြိုဟ်တာ ဖြစ်တဲ့အတွက် ကုန်ကျစရိတ် မရှိဘူး။ သေသူရဲ့မိသားစုဝင်တွေက စေတနာရှိလို့ အလှူငွေ ပေးသွားရင်တော့ လက်ခံပါတယ်။ ဆင်းရဲတဲ့ မိသားစုဝင်တွေဆို ကျွန်တော်တို့ နာရေးအသင်းက မဏ္ဍပ်၊ ထိုင်ခုံအပြင်၊ ငွေငါးသောင်း ထောက်ပံ့ပေးသေးတယ် ဆိုတော့ ကုန်ကျစရိတ် မရှိသလောက်ပဲ” ဟု ဦးမောင်ဖြူက ပြောဆိုသည်။

ယခင် ကျိုက္ခမီသုသာန်၌ မီးသင်္ဂြိုဟ် စက်မရှိ၍ မီးသွေး၊ ထင်း၊ ဖွဲများဖြင့်သာ သင်္ဂြိုဟ်နေရပြီး အချို့လူသေ အလောင်းများမှာ မီးကုန်သွားသော်လည်း ခန္ဓာကိုယ်ရှိ အသားများ ကျန်နေခြင်းမျိုး မကြာခဏ ကြုံတွေ့နေရသောကြောင့် အသုဘပို့ မိသားစုဝင်များလည်း စိတ်ချမ်းမြေ့မှုမရခဲ့ရာ လူမှုအဖွဲ့အစည်းများ၏ လှူဒါန်းမှုဖြင့် အဆင့်မြှင့်တင်ခြင်း ဖြစ်သည်ဟု ကျိုက္ခမီ သုသာန် မီးသင်္ဂြိုဟ်စက် တည်ဆောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးကိုကိုဝင်းက ပြောဆိုသည်။

အရိုးပြာအိုး စောင့်ဆိုင်းနေသည့် မိသားစုဝင်များ အနေနှင့် မီးသင်္ဂြိုဟ်မှု အဆင့်ဆင့်ကို ပြင်ပမှ ကြည့်ရှုနိုင်ရန် မီးသင်္ဂြိုဟ်စက်အတွင်း CCTV ကင်မရာ တပ်ဆင်ပေးထားပြီး လက်မ ၄၀ တီဗီဖြင့် နားနေဆောင်တွင် တပ်ဆင်ပြသသွားမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

The Voice Weekly