လက်သည်မပေါ်သေးသော လူသတ်မှုများ

ပို့စ်တင်ချိန် - 2/17/2014 03:36:00 AM


Written by  The Voice သတင်းအဖွဲ့

“ငွေကို လေလိုသုံးသောသူ” ဟု တင်စားခံရသူ၏ မျိုးဆက် မိသားစုဝင်များ အသတ်ခံရသည့် စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှုမှသည် ဧရာဝတီမြစ်ကမ်းဘေး လူသတ်မှုများ အထိ ရှိသည်။ ခေါင်းဖြတ် လူသတ်မှုများ၊ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ကာ ပစ်ထားခဲ့သည့် အမှုများ ၂၀၁၃ ခုနှစ် အတွင်းမှာပင် လေးခုထက်မနည်း ဖြစ်ပွားခဲ့သည်။
လက်ရာ၊ ခြေရာပျောက်နေဆဲ။

ယင်းအမှုများအနက် ဖြူးမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို ခေါင်းဖြတ်သတ်မှု၊ မင်္ဂလာဒုံမြို့နယ်တွင် နိုဝင်ဘာလ ၁၈ ရက် နေ့က ဖြစ်ပွားခဲ့သော နှစ်လောင်းပြိုင် လူသတ်မှု၊ မြောက်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သော အမျိုးသမီးတစ်ဦးကို ဓားဖြင့် အကြိမ်ပေါင်းများစွာ ထိုးသတ်မှု၊ ပြည်မြို့ ဧရာဝတီ မြစ်ကမ်းနံဘေး နဝဒေးတံတားအနီး အမျိုးသမီးတစ်ဦး အသတ်ခံရမှု စသည့် အမှုများတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသေးသည့် အပြင် သံသယရှိသူကိုပင် စစ်ဆေးနိုင်သည့် အခြေအနေ မရှိသေးပေ။

ထိုအမှုများနှင့် ပတ်သက်၍ တပ်မတော်က ထိန်းချုပ်ထားသော ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စွမ်းရည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာပြီလော။

ရန်ကုန်အခြေစိုက် ရဲအရာရှိတစ်ဦး ကမူ ရဲတပ်ဖွဲ့ဝင်များအပြင် လူထုပူးပေါင်းမှု အားနည်းမှုကို ထောက်ပြသည်။ "လူသတ်မှုတွေနဲ့ ပတ်သက်လာရင် ရဲမှာလည်း အားနည်းတယ်။ အမှုတွေနဲ့ ပတ်သက်လို့ ပြည်သူတွေ ကလည်း ပူးပေါင်းပါဝင်မှု အားနည်းသေးတယ်" ဟု ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် အဆင့်ရှိ ရဲအရာရှိတစ်ဦးက ဆိုသည်။

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် သပြေလှကျေးရွာ အနီးရှိ ဇဟားချောင်းကူး တံတားအောက်တွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ဖြစ်ပွားခဲ့သော အမျိုးသမီး တစ်ဦးကို ခေါင်းဖြတ်သတ်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အသတ်ခံရသည့် သေဆုံးသူ မည်သူဖြစ်သည်ကိုပင် စုံစမ်းနိုင်ခြင်း မရှိသေးပေ။

အဆိုပါသေဆုံးသူ၏ လက်ဗွေရာ များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဝေခြင်း၊ ခရိုင်တွင်း ပျောက်ဆုံးနေသော အမျိုးသမီးများ၏ လက်ဗွေရာနှင့် ကိုယ်ရေး အချက်အလက်များကို တိုက်ဆိုင် စစ်ဆေးခြင်း၊ ခရိုင် လူဝင်မှုကြီးကြပ်ရေး အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနတွင် လက်ဗွေရာများ တိုက်ဆိုင် စစ်ဆေးခြင်းတို့ ပြုလုပ်ခဲ့သော်လည်း ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ အကြောင်း မထူးသေးကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ပြည်မြို့ နဝဒေးတံတား အောက်တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးတစ်ဦး အသတ်ခံရမှု မှာလည်း ထိုနည်းလည်းကောင်းပင်။

ထို့အပြင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလက မင်္ဂလာဒုံမြို့နယ် ဘောဂရပ်ကွက် အတွင်း ဖြစ်ပွားခဲ့သော သားအမိနှစ်ဦးကို လည်လှီး သတ်ခဲ့သည့် အမှုမှာလည်း မည်သည့် တရားခံမျှ မဖမ်းဆီးနိုင်သေး။
အဆိုပါအမှုတွင် သံသယရှိသူ အသက် ၂၀ နှစ်ဝန်းကျင်ခန့်ရှိ မွန်လေး(ခ)လွင်မိုး ဆိုသူကို အထောက်အထားအချို့နှင့် မင်္ဂလာဒုံရဲစခန်းက စွပ်စွဲထားသော်လည်း နှစ်လနီးပါး ကြာမြင့်သည်အထိ ဖမ်းဆီးနိုင်ခြင်း မရှိပေ။
"ထွက်ပြေးနေတဲ့ ကောင်လေးရဲ့ ဓာတ်ပုံကိုလည်း ရရှိထားပါတယ်။ သူ့ဇာတိ ဖြစ်တဲ့ မွန်ပြည်နယ် မုဒုံကိုလည်း သွားရောက် စုံစမ်းပြီးပြီ။ သူ့ဇာတိကို မပြန်လာဘူး။ တရားခံကို အမြန်ဖမ်းဆီး ဖော်ထုတ်နိုင်ဖို့အတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ကူညီဆောင်ရွက်နေ ပါတယ်" ဟု မင်္ဂလာဒုံ မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ယင်းအမှုများအပြင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းရပ်ကွက် လေဆိပ်လမ်းရှိ “တိမ်တံခွန်” တည်းခိုခန်း အခန်းအမှတ် (၇)တွင် လာရောက်တည်းခိုသူ အသက် ၂၆ နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦး နိုဝင်ဘာလ ၁၇က်နေ့ နံနက်က ဓားချက်ပေါင်းများစွာ ထိုးသတ်ခံခဲ့ရသည့် အမှုမှာလည်း သံသယရှိသူကို ယနေ့တိုင် စုံစမ်း ထောက်လှမ်းနိုင်ခြင်း မရှိသေးကြောင်း မြောက်ဥက္ကလာပမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းအမှုများမှာ ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ပြီး ယနေ့အထိ စုံစမ်း ဖော်ထုတ်နိုင်ခြင်း မရှိသည့် အမှုများဖြစ်သည်။ ထိုအမှုများ နှင့်အတူ စုံစမ်းနိုင်ခြင်း မရှိသေးသည့် အမှုတစ်ခုမှာ လွန်ခဲ့သော ငါးနှစ်ကျော်က ဖြစ်ပွားခဲ့သည့် နာမည်ကျော် စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု ဖြစ်သည်။
စာရေးဆရာ သော်တာဆွေက ငွေကို လေလိုသုံးသူဟု တင်စားရေးသား ခဲ့သော မိုးကုတ်ဦးမြမောင်၏ သမီး ဒေါ်စန်းစန်းမြင့်နှင့် ၄င်း၏ခင်ပွန်း အပါအဝင် သမီးနှစ်ဦး၊ အိမ်အကူတစ်ဦး တို့ကို နေ့ခင်းကြောင်တောင် နေအိမ်အတွင်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခဲ့မှု ဖြစ်သည်။

ယင်းသည်လည်း လက်ရာ၊ ခြေရာ ပျောက်နေဆဲ။ အဆိုပါအမှုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထောက်လှမ်း စုံစမ်းနေသော်လည်း မည်သည့် အထောက်အထားမျှ မရရှိသေးကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက နိုဝင်ဘာလ အတွင်းက ပြောကြားထားသည်။
"ဘာအထောက်အထား မှတော့ မရသေးပါဘူး။ လက်ရှိက စုံစမ်းဆဲပါ။ တစ်ခုခုကို သိတယ်ဆိုရင် ဖော်ထုတ်လိုက်တာ ကြာပြီပေါ့။ ဒီဟာတွေက စုံစမ်းဆဲမို့ လောလောဆယ် ဘာမှပြောလို့ မရသေးပါဘူး" ဟု ၄င်းက ဆိုခဲ့သည်။ အဆိုပါ အမှုသည် ပျောက်ပျက်သွားမည့်အမှု မဟုတ်ဘဲ ရရှိသည့် အထောက်အထား များပေါ်တွင် ဆက်လက်စုံစမ်း စစ်ဆေးနေပြီး အမှုမှန် ပေါ်ပေါက်မှု ရှိမရှိကို စုံစမ်းဆဲကာလတွင် ပြောကြား မရနိုင်သေးကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

ယခုလက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော အမှု များအနက် စုံစမ်း ဖော်ထုတ်နိုင်ခြင်း မရှိသည့် အမှုများစွာ ကျန်ရှိနေသေးကြောင်း၊ ယင်းသို့ မဖော်ထုတ်နိုင်ခြင်းကို မြန်မာနိုင်ငံ တွင်သာမက အခြားနိုင်ငံများ တွင်ပါ ကြုံတွေ့နေရကြောင်း အဆိုပါ ဒုတိယဝန်ကြီးက ပြောကြားသည်။

အချို့သော လူသတ်မှုများသည် အမှုမှန် ဖော်ထုတ်နိုင်ရန် ကြန့်ကြာမှုများ ရှိနိုင်ပြီး အဆိုပါ အမှုများ အမှုမှန် ပေါ်ပေါက်စေရန်အတွက် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့နှင့် မှုခင်းအထူးတပ်ဖွဲ့ (CID) က ပူးပေါင်းစုံစမ်းမှု ပြုလုပ်လျက်ရှိကြောင်း ပန်းပဲတန်း မြို့မရဲစခန်းမှ ရဲဝန်ထမ်း လုပ်သက်အနှစ် ၂၀ ကျော်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ယင်းသို့သော လူသတ်မှုဖော်ထုတ်ရန် ခက်ခဲသော အကြောင်းအရာများမှာ ဖြစ်ပွားသော နေရာသို့ စစ်ဆေးမည့် ရဲတပ်ဖွဲ့ဝင်များ ချက်ချင်း မရောက်ရှိခြင်း၊ မျက်မြင်တွေ့ရှိသူ မရှိခြင်း၊ သက်သေခံ ပစ္စည်း အားနည်းခြင်း များကြောင့်ဖြစ်ကြောင်း ၄င်းကဆိုသည်။ အဆိုပါ သက်သေခံကိစ္စများ၊ အမှုအခင်း ဖြစ်ပွားသော နေရာကို ရဲတပ်ဖွဲ့ အမြန်ဆုံး စစ်ဆေးနိုင်ရန် ပြည်သူများ အနေနှင့် အကူအညီ ပေးသင့်ကြောင်း၊ အဆိုပါ အမှုအခင်းများ ဆိုလျှင် ထိတ်လန့်၍ သက်သေမခံလိုသူများ ရှိကြောင်း ၄င်းက ထပ်လောင်းပြောဆိုသည်။

အဆိုပါ လူသတ်မှုတရားခံ မဖော်ထုတ်နိုင်ခြင်း၏ နောက်ထပ် အကြောင်းအရာ တစ်ခုမှာ ပြည်နယ် အသီးသီးရှိ ရဲတပ်ဖွဲ့ဝင်များ၏ ပူးပေါင်း ဖွဲ့စည်းဆောင်ရွက်မှု မရှိသောကြောင့် ဖြစ်ကြောင်း ပုသိမ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ထောက်ပြပြောဆိုသည်။ "ပြည်ထဲရေးက ဥပဒေက ပြည့်စုံပြီးသားလို့ ပြောလို့ရတယ်။ ဥပဒေကောင်းတယ်။ ဒါပေမဲ့ ဥပဒေကို အကောင်အထည် ဖော်တဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းမှု မရှိတာ" ဟု ၄င်းက သုံးသပ်သည်။
ယင်းသို့ ဖြစ်ပွားနေခြင်း များကို ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက လွှတ်တော်မှ တစ်ဆင့် ထိထိရောက်ရောက် တိုက်တွန်းမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင်လည်း ဖြစ်သူ ၄င်းက ဆိုသည်။

ယင်းသို့ လူသတ်မှုများ အဖြစ်မှန် မပေါ်ခြင်း၏ ပြဿနာတစ်ရပ်မှာ ပြည်ထဲရေး ဆိုင်ရာ လုပ်ငန်းဝန်ထမ်း (ရဲ၊ အမှုလိုက် စုံထောက်၊ အင်စပက်တာ) စသည့် ဝန်ထမ်းများ နည်းပါးခြင်းကြောင့် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောဆိုသည်။
"တကယ်စိတ်ဝင်စားတဲ့ သူတွေ အတွက် ပြည်ထဲရေးရဲ့ လုပ်ငန်းတွေကို စိတ်ဝင်စားအောင် လစာ၊ ခံစားခွင့် ပြည့်စုံမှု မရှိရင်တောင် ခေတ်နဲ့အညီ မြှင့်တင်ပေးဖို့ လိုတယ်။ လက်နက်၊ အကူပစ္စည်း ပြည့်စုံဖို့ လိုတယ်။ ဒါမှ အဖွဲ့အစည်း အားကောင်းလာပြီး တရားဥပဒေ စိုးမိုးရေးအတွက် ကြီးကြီးကျယ်ကျယ် လုပ်လာနိုင်မယ်" ဟု သူက ထပ်လောင်းပြောကြားသည်။

မည်သို့ပင်ဖြစ်စေ တရားဝင် လက်နက် ကိုင်ဆောင်ခွင့်ကို တင်းကျပ်စွာ ထိန်းချုပ်ထားသည့် နိုင်ငံ၏ အကြီးဆုံးမြို့ ရန်ကုန်မြို့ရှိ ထိပ်တန်းလူချမ်းသာ အများစု နေထိုင်သည့် စိမ်းလဲ့ကန်သာ ကဲ့သို့သော ရပ်ကွက် အတွင်းတွင်ပင် နေအိမ်အတွင်းသို့ နေ့ခင်းကြောင်တောင် ဝင်ရောက်ကာ လူငါးဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် အမှုအပါအဝင် တရားခံ မဖော်ထုတ်နိုင်သည့် အမှုများ ခပ်စိပ်စိပ် ဖြစ်လာခဲ့မှ မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးနှင့် ရဲတပ်ဖွဲ့၏ စွမ်းရည်ကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။

ပွင့်လင်းလာစ မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည် မြင့်တက်လာစေရန် အဓိကရုဏ်း နှိမ်နင်းနည်းသာမက တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ လုပ်ဆောင်နည်းနှင့် ပတ်သက်၍ အဓိကအားဖြင့် ဥရောပသမဂ္ဂ၏ အကူအညီဖြင့် သင်တန်းပို့ချပြီး ဖြစ်သည်။ သို့သော် လက်ရာ၊ ခြေရာပျောက်နေဆဲ အမှုများ အပါအဝင် အခြား တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရဲတပ်ဖွဲ့၏ ရှေ့လမ်းက စိန်ခေါ်မှုများစွာ ရှိဆဲ။ ယခုအထိတော့ လက်သည် မပေါ်သေးသော အမှုများဖြင့် စခန်းသွားနေရဆဲ။

စွမ်းဆောင်ရည်ကို မေးခွန်းထုတ်ခံ နေရသော ရဲတပ်ဖွဲ့ကို အားကိုးအားထားရမည့် အဖွဲ့အဖြစ် ပြုပြင်ပြောင်းလဲရန် အစအဆုံး ပြောင်းလဲရမည် ဖြစ်ကြောင်း မှတ် ချက်ပေးသူမှာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုး ဖြစ်သည်။
"လူထု အားကိုးနိုင်အောင် ကိုင်းဖျားကိုင်းနား ကစပြီး စိတ်ဓာတ် ပြောင်းလဲမှုတွေ လုပ်ပစ်ရမယ်။ စိတ်ဓာတ် ပြုပြင်ရေး သင်တန်းတွေ အရင်ဆုံး ပေးရမယ်။ အောက်ခြေကော၊ အပေါ်ကောကို ပြောင်းလဲပစ်မှ ရမယ်" ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ၄င်းက ဆိုသည်။

The Voice သတင်းအဖွဲ့