နယ်မြေ တောင်းဆိုမှု လျှော့ချရန် တရုတ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

ပို့စ်တင်ချိန် - 2/17/2014 08:20:00 PM


ဘေဂျင်း၊ ဖေဖော်ဝါရီ ၁၆

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက နယ်မြေ တောင်းဆိုမှုများ တင်းတင်းမာမာ လုပ်ဆောင် နေခြင်းကြောင့် ယင်းသို့ လုပ်ဆောင်မှုကို လျှော့ချရန် ဘေဂျင်း မြို့တော်သို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တောင်းဆိုလိုက်ကြောင်း Sydney Morning Herald သတင်းတွင် ဖော်ပြထားသည်။

သမိုင်းဆိုင်ရာ မြေပုံများကို အခြေခံပြီး အငြင်းပွားဖွယ် နယ်မြေ တောင်းဆိုမှုများ လုပ်ဆောင် နေခြင်းကို ရပ်ဆိုင်းရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရာတွင် ပြောကြားလိုက်သည်။

ထို့အပြင် သမိုင်း မြေပုံများမှာ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း အမေရိကန် အရာရှိများက ထောက်ပြသည်။

“မတူညီမှုတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်း၊ ထိပ်တိုက် ရင်မဆိုင်ရေး နည်းလမ်း နဲ့ ဖြေရှင်းဖို့ အရေးကြီးပါတယ်” ဟု ဂျွန်ကယ်ရီက ပြောကြားသည်။

တရုတ်နိုင်ငံက တောင်တရုတ် ပင်လယ်နှင့် အရှေ့တရုတ် ပင်လယ်ပြင်တို့ အတွင်း နယ်မြေ တောင်းဆိုမှုများ လုပ်ဆောင်နေခြင်းကြောင့် ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင် စသည့် နိုင်ငံများနှင့် အငြင်းပွားမှုများ ပေါ်ပေါက်နေသည်။

မြေပြင်၊ ရေပြင်နှင့် လေကြောင်းပိုင်နက် တောင်းဆိုမှု လုပ်ဆောင်ရာတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေများကို လိုက်နာမည်ဟု တရုတ်အစိုးရ အရာရှိများက ပြောကြား သွားသော်လည်း သမိုင်းဆိုင်ရာနှင့် အချက်အလက်ပိုင်း ဆိုင်ရာ အထောက်အထားများလည်း ရှိကြောင်း နယ်မြေ ထိန်းချုပ်မှု ရရှိရေး တောင်းဆိုရာတွင် ယင်းအချက်များကို အသုံးပြုသွားမည်ဟု ပြောကြားသွားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားသည်။

ထို့အပြင် အရှေ့တရုတ် ပင်လယ်အတွင်း ရေကြောင်းရန် ကာကွယ်ရေးဇုန် တည်ထောင်ခြင်းကို အမေရိကန် ပြည်ထောင်စုက ဆန့်ကျင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တရုတ် ခေါင်းဆောင်များကို ထပ်မံ သတိပေး ပြောကြားလိုက်သည်။

တရုတ်နှင့် နယ်မြေ အငြင်းပွားမှုများ ပေါ်ပေါက်နေသော နိုင်ငံများဘက်တွင် အိုဘားမား အုပ်ချုပ်ရေး အဖွဲ့က ရပ်တည် ပေးနေခြင်းမှာ အန္တရာယ်များသော လုပ်ဆောင်ချက် ဖြစ်ကြောင်း တရုတ်အစိုးရ ထိန်းချုပ်ထားသော မီဒီယာများက သောကြာနေ့တွင် ဖော်ပြထားသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ ရပ်တည်ချက်မှာ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အန္တရာယ်များသော လုပ်ဆောင်ချက်များကို အတင့် ရဲလာအောင် အတည်ပြု ပေးလိုက်ခြင်း ဖြစ်သည်ဟု China Daily သတင်းစာတွင် ဝေဖန်လိုက်သည်။

စီးပွားရေး ဖွံ့ဖြိုးမှုများ ပေါ်ပေါက်နေပြီး အနာဂတ် မဟာဗျူဟာတွင် အရေးပါလာသော အရှေ့အာရှ နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်နိုင်ရန် အမေရိကန် ပြည်ထောင်စုက ကြိုးပမ်း နေသကဲ့သို့ ဒေသတွင်း အင်အားကြီး တရုတ်နိုင်ငံနှင့် ပူးပေါင်းမှု အားကောင်းအောင် တစ်ချိန်တည်းတွင် ဆောင်ရွက်လျက် ရှိသည်။

ကမ္ဘာ့စီးပွားရေး အင်အား အကြီးမားဆုံး နိုင်ငံ နှစ်နိုင်ငံ ဖြစ်သော အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံကြားတွင် သဘောထား ကွဲလွဲမှု များစွာ ရှိသော်လည်း ယင်းကွဲလွဲမှုများကို ခန့်ခွဲနိုင်ရန် နည်းလမ်း ရှာဖွေနေကြောင်း နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီက ပြောကြားသည်။
The Voice Weekly