အမျိုးဘာသာ ကာကွယ်ရာတွင် အစွန်းမရောက်ရန်လိုအပ်ဟု ဦးကိုကိုကြီး ပြော

ပို့စ်တင်ချိန် - 2/17/2014 02:00:00 PM



၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက အမျိုးဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်ရာတွင် အစွန်းမရောက်ရန် လိုအပ်ကြောင်း ယမန်နေ့ညက ရွှေပြည်သာ မြို့နယ်တွင် ပြုလုပ်သော စာပေဟောပြောပွဲတွင် ထည့်သွင်း ပြောဆိုသွားသည်။

“ကျွန်တော်တို့ဟာ ကိုယ့်အမျိုးဘာသာ သာသနာကို ချစ်တဲ့နေရာမှာ တစ်ပြားမှ မလျော့ပါဘူး၊ တစ်ဘက်က အမျိုးဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်ဖို့ဆိုတာ အမျိုးဘာသာသာသနာ ချစ်သူတိုင်း ဘယ်ဘာသာဖြစ်ဖြစ် သူတို့ဘာသာ ပြန့်ပွားအောင်၊ မပျက်ဆီးအောင် ကာကွယ်စောင့်ရှောက်ကြတာ ဓမ္မတာပါပဲ၊ သို့သော် အစွန်းမရောက်ဖို့ လိုပါတယ်၊ အဲတာလေးတော့ ကျွန်တော် နည်းနည်း စိုးရိမ်တယ်”ဟု
ဦးကိုကိုကြီးက ပြောသည်။

ပြီးခဲ့သည့် ရက်များက မြောက်ဥက္ကလာပမြို့နယ်နှင့် မန္တလေးမြို့များတွင် စာပေဟောပြောပွဲ၌ တားဆီးပိတ်ပင်ခံရသည့် ၈၈မျိုးဆက်ကျောင်းသား ဦးမြအေးနှင့် ပတ်သက်၍ ယခုကဲ့သို့ ထည့်သွင်း
ပြောဆိုသွားခြင်း ဖြစ်သည်။

“သူဟာ ဘယ်တုန်းကမှ သူ့တစ်သီးပုဂ္ဂလ သူကိုးကွယ်တဲ့ ဘာသာအကြောင်း သူ့ရဲ့မျိုးနွယ်အကြောင်း
လူထုဟောပြောပွဲတွေမှာ ပြောလေ့မရှိပါဘူး။ ဒီနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် သူတတ်စွမ်းသ၍
ကြိုးစားခဲ့တယ်။ ကျွန်တော်တို့နဲ့အတူ နှစ်ရှည်လများ ထောင်ထဲမှာနေခဲ့တယ်။ ပြန်လွတ်လာလည်း မကြောက်မရွံ့ ဆက်လုပ်တယ်။ မြောက်ဥက္ကလာမှာ တတ်ပြောရင် ဆွဲချမယ်ဆိုပြီးတော့ ပိတ်ပင်တားဆီးခံရတယ်၊ မနေ့ကညက မန္တလေးမှာ အလားတူထပ်ဖြစ်တယ်၊ ကျွန်တော်စိတ်ထဲ တော်တော်မကောင်းဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတတ်ရန်နှင့် နိုင်ငံတကာအလယ်တွင် နိုင်ငံ၏ ပုံရိပ်ကို မထိခိုက်ရန် ကြိုးစားရမည် ဖြစ်ကြောင်းနှင့် တစ်ဘက်တွင်လည်း မိမိနိုင်ငံသားများ၏ စိုးရိမ်မှုများကို အလေးအနက်ထား၍ ဖြေရှင်းနိုင်မည့်
နည်းလမ်းများကိုလည်း မျှမျှတတ ရှာဖွေသွားမည်ဖြစ်ကြောင်း၊ ယခုလို အချိန်မျိုးတွင် သတိပြုရမည့် အရာများစွာရှိနေကြောင်း ဆက်လက်ပြောသည်။

“လူ့အခွင့်အရေးကိုယ်စားလှယ် ရောက်နေတဲ့အချိန်မှာ ဒီလိုအလုပ်မျိုးကို လုပ်တယ်၊ အစီရင်ခံစာထဲမှာ ပါသွားတော့မယ်၊ ဒါပေမယ့် သေချာတာကတော့ ကိုယ့်ကိုယ်ကို အမျိုးချစ်တယ် ဆိုပြီးတော့
နိုင်ငံတကာအလယ်မှာ ကိုယ့်အမျိုးကိုယ် နှစ်နေတဲ့ရလာဒ်မျိုးတော့ ဖြစ်သွားစေနိုင်ပါတယ်၊ ကျွန်တော်ဟာ
ကိုယ်တိုင်လေ့လာပြီး ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်ပါ၊ ဗုဒ္ဓဘာသာပြန့်ပွားအောင်၊ ကာကွယ်အောင်
ကျွန်တော် လုပ်ပါ့မယ်”ဟု ဦးကိုကိုကြီးက ဆက်လက် ပြောသည်။

ထက်နောင်နောင်

The Myanma Age