ရန်ကုန်မြို့တော်ကို လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားစေနိုင်ပြီး သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကြီးမားနိုင်သည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကဲ့သို့ စီမံကိန်းများအပေါ် ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ ဝေဖန်နေ

ပို့စ်တင်ချိန် - 2/17/2014 03:47:00 PM


ဒေသခံများပြောကြားသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းဧရိယာအတွင်းရှိ ရာသီဥတုအခြေအနေတိုင်း ကိရိယာ တပ်ဆင်ထားမှုကို တွေ့ရစဉ်

ရန်ကုန်မြို့တော်၏ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားစေနိုင်ပြီး သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကြီးမားနိုင်သည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကဲ့သို့ စီမံကိန်းများအပေါ် ဒေသခံပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ ဝေဖန်လျက်ရှိနေကြသည်။

ဇန်နဝါရီလကုန်ပိုင်းနှင့် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် နံနက်ခင်းအချိန်များ၌ ရန်ကုန်မြို့ နေရာအနှံ့ မြူနှင်းများအုံ့ဆိုင်းမှု ဖြစ်ပေါ်ခဲ့ပြီး ယင်းအခြေအနေကြောင့် နံနက်ပိုင်း လေကြောင်းခရီးစဉ်များပါ ဖျက်သိမ်းခဲ့ရသည်အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ရန်ကုန်မြို့တော်၌ စက်မှုလုပ်ငန်းများ များပြားလာမှု မော်တော်ယာဉ်အသုံးပြုမှု မြင့်တက်လာခြင်းနှင့် ယာဉ်များမှထွက်ရှိသည့် အခိုးအငွေ့များကြောင့်လည်း လေထုညစ်နွမ်းမှုဆိုင်ရာ ကိစ္စရပ်များ အခုနောက်ပိုင်းတွင် ဖြစ်ပေါ်မှုများ ရှိလာသည်။

ယင်းသို့သော အခြေအနေများနှင့်အတူ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကြီးမားနိုင်သည့် စီမံကိန်းများ အထူးသဖြင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကဲ့သို့သော စီမံကိန်းများအပေါ် ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုသုံးသပ်လျက်ရှိကြပြီး ယင်းစီမံကိန်းများ၏ အကျိုးဆက်နှင့် လုပ်ဆောင်မှုများအပေါ် ပွင့်လင်းမြင်သာမှုရှိရန် တောင်းဆိုဝေဖေန် ထောက်ပြမှုများလည်း ရှိလာကြသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကွမ်းခြံကုန်းမြို့နယ်တွင် မဂ္ဂါဝပ် ၃ဝဝဝ ကျော်ထွက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း အကောင်အထည်ဖော်မှုနဲ့ ပတ်သက်၍ ဒေသခံပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက ယင်းစီမံကိန်းနှင့် ပတ်သက်ကာ စနစ်တကျ စိစစ်မှုများ ပြုလုပ်နိုင်ရန် တာဝန်ရှိသူများအား တောင်းဆိုမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်အတွင်း ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မှု စီမံကိန်း ဆွေးနွေးပွဲအား ဇန်နဝါရီ ၁၈ ရက်တွင် သောင်ခုန်ရွာဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့ရာ အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများမှ မေးမြန်းမှုကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားရာတွင် ရွာခြောက်ရွာမှ ဝယ်ယူထားသော လယ်ဧက ၄ဝဝ ခန့်အား ကောင်းမြတ်သောမြေမှ ပိုင်ဆိုင်ကြောင်း ဒေသခံများက ပြောကြားသည်။

“အခုစီမံကိန်းက ပတ်ဝန်းကျင်လေ့လာဆန်းစစ်တုန်း အဆင့်ပဲ ရှိသေးတယ်။ ဒေသခံတွေက သဘောမတူရင် စီမံကိန်း ဆက်လုပ်မယ်မလုပ်ဘူး ဆိုတာကတော့ မပြောနိုင်သေးဘူး။ တစ်ခုပြီးတစ်ခု တစ်ဆင့်ပြီးတစ်ဆင့် သွားပြီးမှ ပြောလို့ရမယ်။ စီမံကိန်းပြုလုပ်မယ့် မြေနေရာမှာ လယ်တွေကိုကွက်ပြီးတော့ ဝယ်ထားတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်က တည်ဆောက်ရေးအပိုင်းကိုပဲ တာဝန်ယူထားရတာ၊ တည်ဆောက်ရေးအပိုင်းမှာ အစီအစဉ်တွေက အရင်လာတာ၊ စက်ရုံတည်ဆောက်မှုက ဘာမှမလုပ်ရသေးဘူး။ အခု ပတ်ဝန်းကျင်လေ့လာဆန်းစစ်မှု အဆင့်ပဲ ရှိသေးတယ်။ ဒီကိစ္စကို မကျော်လွှားနိုင်ရင် ဆက်လုပ်လို့ မရနိုင်ဘူး။ Green Asia ပိုင်မြေကို ကောင်းမြတ်သောမြေကုမ္ပဏီက ပြန်ဝယ်ပြီး ဆောက်မှာလား ဆိုတာကိုလည်း သေချာမသိပါဘူး။ အဲဒါက သီးခြားစီ။ ကျွန်တော်ပြောတာ ဌာနချင်း မတူတာကိုပြောတာ၊ Green Asia ပိုင်မြေကို ကောင်းမြတ်သောမြေကုမ္ပဏီက ပြန်ဝယ်လိုက်တာလည်း ဖြစ်ချင်းဖြစ်မယ်။ ပတ်ဝန်းကျင် လေ့လာဆန်းစစ်မှုတွေ ပြီးရင်တော့ လယ်မြေတွေကို ဝယ်ဖို့ရှိတယ်။ တစ်ဆင့်ချင်းသွားမှာဖြစ်တယ်” ဟု ကျောက်မီးသွေးစက်ရုံတည်ဆောက်မှု စီမံကိန်းတွင် တည်ဆောက်ရေး အထွေထွေမန်နေဂျာ ဦးဝင်းမောင်က ပြောကြားသည်။

သို့သော်လည်း မဂ္ဂါဝပ် ၃၂၇ဝ ထွက်ရှိမည်ဟုဆိုသော ကွမ်းခြံကုန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာချပြမှု မရှိသေးသည့်အတွက် ယင်း၏အကျိုးဆက်များအား ဒေသခံများက စိုးရိမ်လျက် ရှိနေကြသည်။

“ဆွေးနွေးပွဲလုပ်တော့ စက်ရုံတာဝန်ရှိသူလို့ ပြောတဲ့သူက မင်းတို့ဒီစက်ရုံဆောက်တာ လက်မခံရင် မင်းတို့မွဲတေနေဦးမှာပဲလို့ ပြောတယ်။ ဒါဟာ ဒေသခံတွေကို စော်ကားတာနဲ့ အတူတူပဲ။ အဲဒီပွဲက သဘောတူ၊မတူ မေးတဲ့အဆင့်လောက်ပဲရှိတယ်။ ဒါကို နောက်တစ်နေ့ထွက်တဲ့ နိုင်ငံပိုင် သတင်းစာမှာ တည်ဆောက်မယ်ဆိုတဲ့အကြောင်း ပါလာတယ်။ ဒါဟာ မင်းတို့သဘောတူတူ၊ မတူတူ လုပ်မယ်ဆိုတဲ့ သဘောပါ။ ဆိုးကျိုးတွေကို မပြောဘဲ ကောင်းကျိုးတွေပဲ ပြောသွားပြီး စီမံကိန်းကို ဆက်လုပ်သွားမယ်ဆိုရင် ကျွန်တော်တို့ဒေသ အဆိပ်လွှမ်းသွားမှာကို စိုးရိမ်တယ်” ဟု ကွမ်းခြံကုန်းမြို့နယ်နေ ဦးမျိုးမြင့်အောင်က ပြောကြားခဲ့သည်။

ထို့အပြင် ယင်းစီမံကိန်းနှင့် ပတ်သက်သည့် ဆွေးနွေးပွဲအား ဒုတိယအကြိမ်အဖြစ် မတ်လအတွင်း ပြုလုပ်သွားမည်ဖြစ်ကာ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုများ မည်ကဲ့သို့ လျှော့ချသွားမည်နှင့် ပတ်သက်၍ ရှင်းလင်းမည်ဖြစ်ကြောင်း ကွမ်းခြံကုန်းမြို့နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းမှ ပတ်ဝန်းကျင် အကျိုးသက်ရောက်မှု လေ့လာဆန်းစစ်ခြင်းအဖွဲ့မှ ဦးညီညီအောင်က ပြောကြားသည်။

“ဒုတိယဆွေးနွေးပွဲမှာ တွေ့ရှိချက်တွေကို အသေးစိတ် ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။ လေထုအရည်အသွေး၊ လေအရည်အသွေးကို ထပ်ပြီးတော့ ရှင်းပြဖို့ရှိပါတယ်။ ကျောက်မီးသွေးစက်ရုံက သုံးမယ့်ရေကို ပင်လယ်ကယူမှာ ဖြစ်တယ်။ စက်ရုံကထွက်မယ့် ပြာတွေချော်တွေကိုလည်း ဘိလပ်မြေအုတ် ပြန်လုပ်မယ်။ ဆောက်လုပ်ရေးပစ္စည်း ပြန်လုပ်မယ်။ အခိုးငွေ့တွေကို ဖြေလျှော့တဲ့နေရာမှာ မီးခိုးခေါင်းတိုင်ကို မီတာ ၁၈ဝ အမြင့် ထားမှာဖြစ်တယ်။ နောက်တစ်ခါ ဒီမီးခိုးထုတ်တဲ့ နေရာမှာ နည်းစနစ်နှစ်မျိုးရှိတယ်။ ပထမအဆင့်က ရာခိုင်နှုန်း ၉ဝ လျှော့ချမယ်။ ဒေသခံတွေ အနေနဲ့လည်း မရှင်းတဲ့ကိစ္စတွေကို ဖုန်းဆက်ပြီး မေးလို့ရတယ်” ဟု ဦးညီညီအောင်က ပြောကြားသည်။

တစ်ဖက်တွင်လည်း ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရာ၌ သန့်စင်ကျောက်မီးသွေးစနစ်ဖြင့် ပြုလုပ်မည်ဆိုသော်လည်း အဆိုပါသန့်စင်နည်းအား မည်ကဲ့သို့ သန့်စင်မည် ဆိုသည်ကိုလည်း ပွင့်လင်းစွာ ချပြသင့်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ အထွေထွေမန်နေဂျာ(ငြိမ်း) ဦးစောမိုးမြင့်က ပြောကြားသည်။

၎င်းက “ကျောက်မီးသွေးစက်ရုံက မီဂ္ဂါဝပ် ၃ဝဝဝ ကျော် ထွက်ရှိမယ်ဆိုတော့ မြန်မာနိုင်ငံမှာ အကြီးဆုံးဖြစ်တယ်လို့ ဆိုလို့ရတယ်။ သန့်စင်ကျောက်မီးသွေးနည်းပညာ ရှိတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ဆာဖာလ်ဒိုင်အောက်ဆိုက်တွေ၊ ဆာလ်ဖျူရစ်အက်စစ်တွေ၊ အာဆင်းနစ်၊ မာကျူရီဓာတ်တွေ အဲဒါတွေကို ဘယ်လိုဖယ်ရှားမလဲဆိုတာကို ပြောသင့်တယ်။ လေထဲမှာ လွင့်တဲ့ပြာတွေကို မဖယ်ရှားနိုင်ရင် ရေတို့၊ စိုက်ခင်းတို့ ပျက်စီးနိုင်တယ်။ တစ်နှစ်မှာ လျှပ်စစ် ၁ မဂ္ဂါဝပ်ထွက်ဖို့ ကျောက်မီးသွေးတန်ချိန် ၄ဝဝဝ အသုံးပြုရတယ်။ အဲဒီကျောက်မီးသွေးထားဖို့နေရာရော ဘယ်လိုလုပ်ထားလဲ။ ပြီးရင် ကျောက်မီးသွေးက မီးလောင်လွယ်တယ်။ ဘယ်လိုသိုလှောင်မှုတွေ ပြုလုပ်ထားမလဲ အဲဒါတွေက အရေးကြီးတယ်” ဟု ဦးစောမိုးမြင့်က ပြောကြားသည်။

စီမံကိန်းများ ဆောင်ရွက်ရန် လယ်ယာမြေများ ဝယ်ယူရာ၌ ပွင့်လင်းမြင်သာမှု အားနည်းပြီး ဒေသခံများအပေါ် စီမံကိန်းလုပ်ဆောင်မည့် ကုမ္ပဏီအနေဖြင့် ယုံကြည်မှုတည်ဆောက်နိုင်မှု အပိုင်းတွင် အားနည်းကြောင်းလည်း ဝေဖန်မှုများ ရှိနေပါသည်။

“ကျွန်တော်တို့ဒေသက လယ်တွေကို မူလက လယ်ယာစိုက်ပျိုးရေးအတွက် အသုံးပြုမယ်လို့သိပြီး လယ်တွေကိုရောင်းခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လပိုင်းတွေကမှ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်မယ်ဆိုတာ သိရတယ်။ ဧက ၄ဝဝ လောက်ရှိတဲ့ မြေပေါ်မှာ ဒါကြီးဆောက်ပြီးရင် မြေဆီလွှာတွေ ဘာဖြစ်သွားမှာလဲ။ မြစ်ချောင်းအင်းအိုင်ထဲကငါးတွေ ဘာဖြစ်သွားမှာလဲ။ ဒီမှာက စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အဓိကထား ရပ်တည်နေကြတာပါ။ သူတို့ပြောတဲ့ ဒေသဖွံ့ဖြိုးရေး ဆိုတာလည်း ကျွန်တော်တို့ မယုံဘူး” ဟု သောင်ခုံကျေးရွာတွင်နေသော ဦးအေးရွှေက ပြောကြားသည်။

ယင်းစီမံကိန်းတည်ရှိသည့် သောင်ခုံကျေးရွာမှ လယ်သမားတစ်ဦးကလည်း “ကျွန်တော်တို့ဆီက လယ်တွေကို ဝယ်ပြီးတဲ့နောက်မှာ ဂရင်းအေးရှားက လယ်ပြန်မစိုက်တော့တာ ပြီးခဲ့တဲ့ နှစ်စကတည်းပါ။ ပြီးတော့ စက်ကြီးတွေနဲ့ လယ်မြေတွေကို မြေညှိတာတွေ လုပ်သွားတယ်။ အစကမရှိခဲ့တဲ့ မိုးလေဝသတိုင်း ကိရိယာတွေကို တရုတ်လိုလို ဂျပန်လိုလိုသူတွေက ဆောက်သွားတယ်။ ဒီမှာ အလုပ်လုပ်ဖို့ ဂျပန်တွေ လာကြည့်တယ်လို့လည်း သိရတယ်။ ဘာအလုပ်ကိစ္စကြောင့် လာတယ်ဆိုတာတော့ ကျွန်တော်တို့ကို ပြောကြားတာ မရှိပါဘူး” ဟု ပြောကြားသည်။

စီမံကိန်း လုပ်ဆောင်ပါက အကျိုးကျေးဇူးများ ရှိနိုင်သော်လည်း တစ်ဖက်တွင် ဒေသခံပြည်သူများအတွက် ကြုံတွေ့လာရနိုင်သည့် ဆိုးကျိုးများနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်လာနိုင်သည့် သဘာဝဆိုင်ရာ ထိခိုက်ပျက်စီးနိုင်မှု ဆိုးကျိုးများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းချပြရန် လိုအပ်ကြောင်း ဒေသခံပြည်သူများက တောင်းဆိုလျက် ရှိနေကြသည်။

“စီမံကိန်းကြောင့် ဖြစ်လာမယ့် ကောင်းကျိုးတွေပဲ သူတို့ကပြောသွားတယ်။ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ဘာမှမပြောသွားဘူး။ ဆွေးနွေးပွဲမှာ ကောင်းမြတ်သောမြေ ကုမ္ပဏီအနေနဲ့ ဒီမြေတွေကို ပိုင်ဆိုင်ပြီး စီမံကိန်းတွေ လုပ်ဆောင်တဲ့အခါမှာ ကျွန်တော်တို့ကျေးရွာအတွက် ဘယ်လိုများ ဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်မလဲလို့ တင်ပြကြတယ်။ ဒါပေမဲ့ သူတို့က ကောင်းကျိုးတွေပဲ ပြောသွားတယ်။ ဆိုးကျိုးကို တစ်ခုမှမပြောဘူး။ ဆေးရုံ၊ ဆေးပေးခန်းတွေ၊ လမ်းမီးတွေတပ်မယ်။ ကျေးရွာကလူတွေ လေးငါးရာလောက်ကို အလုပ်အကိုင်တွေ ပေးနိုင်မယ်၊ အိမ်တန်းလျားတွေ ဆောက်ပေးမယ်လို့တွေသာ ပြောခဲ့တယ်။ အခုအချိန်ထိ သူတို့ဘက်က စီမံကိန်းနဲ့ ပတ်သက်တာတွေကို ပွင့်ပွင့်လင်းလင်း ပြောတာတွေ မရှိသေးဘူး။ ဒုတိယအကြိမ်လုပ်မယ့် ဆွေးနွေးပွဲမှာ ကျွန်တော်တို့ ကျေးရွာတွေကို အာမခံချက် ဘာတွေပေးနိုင်မလဲဆိုတာမေးမယ်။ ပေးနိုင်မယ်ဆိုရင်တော့ ဘာမှမပြောလိုပေမယ့် အာမခံချက် မပေးနိုင်ဘူးဆိုရင် ဒီကရွာသူရွာသားတွေ ဘယ်သူကမှ လက်ခံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ စိုးရိမ်မှုတွေ ရှိပါတယ်။ ဆိုးကျိုးတွေကြောင့် ဒီကလူတွေ အကုန်လုံး စားဝတ်နေရေး ကျပ်တည်းပြီးတော့ ရောဂါဘယတွေနဲ့ အားလုံးဒုက္ခရောက်ကြမှာကို ကျွန်တော်တို့ မြင်တွေ့နေရတယ်။ ကျွန်တော်တို့ သိသလောက်ကတော့ ဆိုးကျိုးတွေပဲ အများဆုံးတွေ့နေရပါတယ်” ဟု သောင်ခုံကျေးရွာတွင် နေထိုင်သော လယ်သမားတစ်ဦးက ပြောကြားသည်။

စီမံကိန်းလုပ်ဆောင်ရန် လျာထားမြေနေရာနှင့် ကျေးရွာနယ်နိမိတ် စည်းမျဉ်းတို့ နီးကပ်စွာ တည်ရှိနေခြင်းကြောင့်လည်း ဒေသခံများက စိုးရိမ်ကြခြင်းဖြစ်သည်။

သို့ရာတွင် သန့်စင်ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရာ၌ သန့်စင်သောကျောက်မီးသွေး ဖြစ်သည်ဟု သက်သေပြရန် မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာနများ၌ လုံလောက်သော ဓာတ်ခွဲခန်းနှင့် ပညာရှင်များ နည်းပါးနေမှုအပေါ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများက ထောက်ပြကြသည်။ ထို့အပြင် ယင်းကဲ့သို့သော စီမံကိန်းများကို အသေးစိတ် စောင့်ကြည့်နိုင်ရန်အတွက် နိုင်ငံတကာကဲ့သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့များအနေဖြင့် အင်အားတောင့်တင်းရန် လိုအပ်မည်ဖြစ်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။

စိမ်းလန်းအမိမြေမှ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက “ကျောက်မီးသွေးစီမံကိန်းကို တကယ်လုပ်မယ်ဆိုရင် တကယ်တွက်ခြေကိုက်ပါ့မလား ဆိုတာကို အရင်တွက်ကြည့်သင့်တယ်။ ရေရှည်ကြည့်ရင် တွက်ခြေမကိုက်ဘူး။ စီးပွားရေးဈေးကွက် တွက်ခြေမကိုက်ရင် သူတို့ပြောတဲ့ သန့်စင်ကျောက်မီးသွေး နည်းပညာက သန့်စင်ကျောက်မီးသွေး မဖြစ်နိုင်ဘူး။ စီးပွားရေး တွက်ချေမကိုက်ရင် တွက်ခြေကိုက်အောင် ပစ္စည်းတွေကို ခိုတော့မှာဖြစ်တယ်။ အဲဒီကထွက်တဲ့ လျှပ်စစ်တွေကို သီလဝါစက်မှုဇုန်ကို ရောင်းမယ်လို့တော့ ကြားနေတယ်။ ကျောက်မီးသွေးကို သန့်စင်နည်းပညာနဲ့ သုံးမယ်ဆိုရင် မြန်မာပြည်က ကျောက်မီးသွေးနဲ့ မရဘူး။ အင်ဒိုနီးရှားနိုင်ငံက ဝယ်မှဖြစ်မယ်။ အဲဒီက သွင်းတဲ့အတွက် ဈေးကြီးတယ်။ သန့်စင်ကျောက်မီးသွေးနည်းပညာ ဖြစ်တဲ့အတွက် သန့်စင်တဲ့စက်တွေကို သွင်းရမှာဖြစ်တဲ့အတွက် အရမ်းဈေးကြီးတယ်။ အဲ့လိုပဲသူတို့ပြောတဲ့ သန့်စင်ကျောက်မီးသွေးက ကောင်းရင်ကောင်းလိမ့်မယ်။ ဒါပေမဲ့ ဒီမှာရှိတဲ့စက်တွေက အရည်သွေးနိမ့်တဲ့ ပစ္စည်းတွေကြီးပဲ။ ပြီးတော့ သန့်စင်ပါတယ် ဆိုတာကို ဘယ်သူကတိုင်းမှာလဲ။ သန့်စင်ကြောင်းကို ထောက်ခံပေးဖို့ မလိုဘူးလား။ ကျန်းမာရေးဝန်ကြီးဌာနကသော် လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနကသော် လည်းကောင်း ထောက်ခံပေးဖို့လိုတယ်။ အမေရိကန်နိုင်ငံမှာတောင် သန့်စင်ကျောက်မီးသွေးလို့ပြောတဲ့ စက်ရုံပေါင်း ၇ဝ ကျော်လောက်က မသန့်စင်နိုင်လို့ မြစ်ထဲခိုးပစ်တာ စုံစမ်းအရေးယူပြီး လုပ်ရတာတွေ ရှိနေသေးတယ်။ သူတို့ဆီမှာရှိတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က အရမ်းကိုသန်မာတယ်။ လာဘ်စားမှုမရှိဘူး။ ဒါတောင်မှပဲ လစ်ရင်လစ်သလို သန့်စင်ကျောက်မီးသွေးမှာ မသန့်စင်ပဲနဲ့ ဒီအတိုင်းလုပ်တာရှိတယ်” ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တော်အတွင်း လေထုညစ်ညမ်းမှုနှင့် ဆက်နွှယ်ဖြစ်ပွားလာသော လေထုတွင်း အမှုန်အမွှားလွင့်စင်မှု ပမာဏမှာ များပြားနေကြောင်း အထူးသဖြင့် ရန်ကုန်မြို့တွင်းရှိ လမ်းများနှင့် လူနေထူထပ်သော နေရာများတွင် အမှုန်အမွှားလွင့်စင်မှု ပမာဏ ယခုထက် ပိုများလာပါက အသက်ရှူလမ်းကြောင်းနှင့် ပတ်သက်သော ရောဂါအချို့ ဖြစ်ပွားမြှု မြင့်လာနိုင်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို လေ့လာလုပ်ကိုင်နေသူ အင်ဂျင်နီယာတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် ဂျာမနီနိုင်ငံ၏ အကူအညီဖြင့် လေထုညစ်ညမ်းမှုများသော အရေးကြီးနေရာ ၅ဝ မှ ၁၅ နေရာတွင် လေထုညစ်ညမ်းမှု တိုင်းတာသည့်စက်များ တပ်ဆင်၍ စမ်းသပ်တိုင်းတာ စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

သို့ဖြစ်ရာ ရန်ကုန်မြို့ရှိ စက်မှုဇုန်ဧရိယာနှင့် အနီးပတ်ဝန်းကျင် လေထုတွင်လည်း ညစ်ညမ်းမှု များစွာရှိနေပြီး ယင်းညစ်ညမ်းမှုများကို ထိန်းချုပ်နိုင်မှု အားနည်းပါက ရာသီဥတုအပေါ် များစွာထိခိုက်နိုင်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။


Eleven Media Group