Skin Care Tips ဆယ်ကျော်သက် မျက်နှာ


၁၅-၁၆ နှစ်အရွယ် သမီးလေး တယောက်ရှိတယ်။ နာမည်တွေဘာတွေ ထားပါ။ ပေါ်ပြူလာ Skin lotion နာမည်ကြီးလို့ ဝယ်လိမ်းတယ်။ ချွေးထွက်ပေါက်တွေ ပိတ်ကုန်ပြီး ဝက်ခြံတွေ ဗုံးပေါလအော ထွက်လာပါလေရော။ ဒီလိုမျိုး မဖြစ်ရလေအောင် နည်းနာတွေရှိပါတယ်။ အင်္ဂလိပ်စာလုံးလေးတွေ နည်းနည်းထည့်ရေးပါရစေ။

အရွယ်က ဆယ်ကျော်သက် မျက်နှာက အရေပြား၊ အမျိုးအစား သိပါသလား။ လေးမျိုး လေးစားမှတ်ထားပါ။ (၁) ခပ်ခြောက်ခြောက်၊ (၂) အဆီပြန်၊ (၃) ပုံမှန် နဲ့ (၄) အဲဒါတွေ ရောထွေးနေတာ။

၁။ Normal Skin Care ပုံမှန်အရေပြား
ညီညာ ချောမွေ့နေတယ်။ ပျော့ညက်တယ်။ အစက်အပျောက် ကင်းစင်တယ်။ ဘာမှ ကွာကျနေတာလဲ မရှိဘူး။ မွေးညင်းပေါက်လေးတွေကလဲ မြင်ယုံသာ မြင်ရတယ်၊ ကျယ်မနေကြဘူး။ ခြောက်လဲမနေ အစိုလဲမပြန်တာကို ပုံမှန်လို့ခေါ်တယ်။ နည်းနည်းပါးပါးတော့ ပြောစရာလေးတွေ ရှိချင်ရှိမှာပေါ့။ ဒါဆိုရင် တနေ့မှာ မျက်နှာ ၂-၃ ခါသစ်ပေးပါ။ ဆပ်ပြာရိုးရိုး၊ ဆပ်ပြာရည် မပြင်းတာကိုသာ သုံးပါ။ မွှေးလွန်းတာ ကောင်းလွန်းတယ်ဆိုတာ မသင့်ပါ။ ချွေးနဲ့ အညစ်အကြေး သန့်သွားဘို့သာ လိုတယ်။ အပိုမလိုပါ။

၂။ Dry Skin Care အရေပြား သွေ့ခြောက်နေသူ
ပြောင်လက်မနေဘူး။ ခပ်ကြမ်းကြမ်း၊ ယားချင်ချင်၊ အဖတ်သေးသေးလေးတွေ ကွာနေမယ်။ မွေးညင်းပေါက်တွေကိုလဲ မြင်နေရတယ်။ အရေပြား အပေါ်ယံ (ဆဲလ်) တွေက ပုံမှန်မဟုတ်ဘဲ ကွာထွက်နေလို့ဖြစ်တယ်။ ပုံမှန်ဆိုရင် ကိုယ့်သဘာဝအဆီကနေ ဒီလိုမဖြစ်အောင် လုပ်ပေးနေပါတယ်။ ဒီလိုဖြစ်နေချိန်မှာ တနေ့ကို မျက်နှာ ၁-၂ ခါသစ်ပေးပါ။ ဆပ်ပြာရိုးရိုး၊ ဆပ်ပြာရည် မပြင်းတာကိုသာ သုံးပါ။ မျက်နှာသစ်ပြီးရင် အမွှေးအကြိုင်တွေ မပါ၊ အရက်ပြန် မပါတဲ့ Moisturizer လိမ်းပါ။ ရေနွေးနဲ့ ရေချိုးတာ များများ မလုပ်ပါနဲ့။ High temperatures အပူချိန်များတာ၊ Low humidity စိုထိုင်းမှု နည်းတာတွေကနေ ရှောင်ရှားပါ။ ဆပ်ပြာသုံးတာ၊ ဆေးကြောပွတ်တိုက်တာ မများပါစေနဲ့။ ဆောင်းရာသီမှာ ပိုဖြစ်တတ်တယ်။ ဒါဆိုရင် ရေခပ်နွေးနွေးမှာ မိနစ် ၂ဝ ကြာချိုးပါ။ ဆပ်ပြာ လျှော့သုံးပါ။ ခြောက်သွေ့အောင်လုပ်တာမျိုး မသုံးပါနဲ့။ ရေချိုးခန်းက ထွက်လာပြီးရင် ရေကို တဘက်သုံးပြီး ခြောက်စေပါ။ Mineral oil လိမ်းပေးပါ။ မွှေးတာတွေ မပါစေနဲ့။ အရက်ပြန်မပါတာ ရွေးသုံးပါ။

၃။ Oily Skin Care မျက်နှာအဆီပြန်နေသူ
ဝက်ခြံထွက်တတ်သူ ဖြစ်မယ်။ အပေါက်လေးတွေ ကျယ်နေတာ ရှိမယ်။ အလင်းရောင်မှာ ပြောင်နေပြီး ရောင်ပြန်ဟပ် နေမယ်။ Blackheads ခေါင်းနက်-ဝက်ခြံ၊ Pimples ဝက်ခြံပုန်းတွေ ရှိနေမယ်။ ဟော်မုန်းသတ္တိကြောင့် ဖြစ်နေတာပါ။ စိတ်ဖိအားများနေသလား လျှော့ပေးပါ။ လှချင်ရင် စာမေးပွဲ၊ လူမှုရေး တွေးမနေနဲ့။ တနေ့မှာ မျက်နှာ သုံးခါသစ်ပါ။ ဆပ်ပြာရိုးရိုးသာသုံးပါ။ ကျောင်းမှာ လုပ်ရတာဆိုရင် Cleansing pad သုံးနိုင်တယ်။ ဝက်ခြံပုန်းကို ညှစ်ဘို့ မလုပ်နဲ့။ အလှသုံးပစ္စည်းတွေဟာ Non-comedogenic ခေါ်တာဖြစ်ရမယ်။ အပေါက်လေးတွေကို မပိတ်စေတာမျိုး။ ဆံပင်ကလဲ အဆီမများအောင် ခေါင်းလျှော်ပေးပါ။

၎။ Normal/Combination Skin Care ပုံမှန် နဲ့ အဆီပြန် ရောနေသူ
နဖူး-နှာခေါင်း နဲ့ မေးတွေမှာ အဆီပြန်ပြီး ကျန်တာကခြောက်နေတာမျိုး။ T-Zone ခေါ်တယ်။ အပေါက်လေးတွေကျယ်၊ ခေါင်းနက်တွေ ရှိနေမယ်။ ပါးပြင်ကြမ်းနေမယ်။ ရာသီဥတုလဲ လိုက်ပြီး အနည်း-အများ မတူတတ်ဘူး။ တနေ့မှာ ၂-၃ ခါ မျက်နှာသစ်ပါ။ ရိုးရိုးဆပ်ပြာ၊ ရိုးရိုးရေသာသုံးပါ။ ခြောက်တဲ့နေရာကို Moisturizer သုံးပါ။ အဆီပြန်တဲ့နေရာချန်ထားပါ။

Best Practices နည်းလမ်း လေးသွယ်
ဆယ်ကျော်သက် မျက်နှာလေးတွေ လှပပြီး ကျန်းမာနေအောင် ရိုးရိုးနဲ့ ကောင်းတဲ့ နည်း (၄) မျိုး သုံးနိုင်ကြတယ်။

(၁) Cleanse သန့်ရှင်းရေး
အညစ်အကြေး၊ အဆီ နဲ့ သေသွားလို့ ကွာကျနေတဲ့ (ဆဲလ်) တွေကို ဖယ်ရှား သန့်ရှင်းပေးဘို့ လိုတယ်။ မျက်နှာသစ်တာက အဲဒါတွေအပြင် ပိုနေတဲ့ အဆီကိုရှင်းပေတာမို့ ဝက်ခြံထွက်မှာကိုပါ တားဆီးရာကျတယ်။ အခုလို မျက်နှာအရေပြားမျိုး ရှိသူတွေ Salicylic acid ပါတဲ့ Cleanser မျိုးသုံးသင့်တယ်။ Acne washes လို့လဲခေါ်တယ်။ ဥပမာ Neutrogena products မျိုး။ Glycolic acid ပါတာသုံးရင် (ဆဲလ်) တွေ သေလို့ကွာကျတာတွေကို ဖယ်ရှားပေးတယ်။ Retinoid creams (Retin-A and Renova) ကို မကြိုက်သူတွေလဲ သုံးနိုင်တယ်။ သုံးမဲ့ပစ္စည်းထဲမှာ ဘာတွေပါသလဲ ဖတ်ပါ။ Waterproof mascara လိုမျိုး Eye makeup ဖယ်ဘို့ရာ မွှေးတာမပါတဲ့ အမျိုးအစားသာ သုံးပါ။

(၂) Hydrate/Moisturize မျက်နှာစိုဆေး
ခြောက်နေတာအတွက် ရေဘဲလိုမယ်။ စိုစွပ်ချင်ရင် ဆီ နဲ့ ရေ လိုတယ်။ များသောအားဖြင့် မနက်တခါ၊ ညနေ တခါ။ (ခရင်မ်) တွေ ဆီတွေသုံးတာ ဘယ်တော့မှ များမသွားစေနဲ့။ ခြောက်နေတဲ့အရေပြားအတွက်သုံးမဲ့ Moisturizer ဟာ Oil-free ဆီမပါစေရဘူး။

(၃) Treat ကုသနည်း
မိန်းကလေးငယ် အတော်များများ ဝက်ခြံလိုဟာအတွက် အပိုလုပ်ပေးဘို့ လိုတတ်တယ်။ အပေါက်ငယ်တွေ ပိတ်နေရင် လုပ်ပေးရမယ်။ အဆီထွက်များရင်၊ အညစ်အကြေးနဲ့ ပိတ်နေရင် ဗက်တီးရီးယားတွေ ပျက်စီးနေတာတွေ အထဲမှာ အောင်းနေမယ်။ တခါတလေ ကိုယ်သုံးတဲ့ အလှသုံးပစ္စည်းတွေကြောင့်လဲ ဝက်ခြံကိုပိုဖြစ်စေတတ်တာ သတိထားပါ။ ဆံပင်ဆိုးဆေး၊ ဆံပင်လိမ်းဆီတွေကနေလဲ ဖြစ်စေနိုင်တယ်။ ဆပ်ပြာနဲ့ ဆပ်ပြာရည်တွေက အဆီကိုဖယ်ပေးတာ မှန်ပေမဲ့ အဆီထုတ်ပေးနေတဲ့ ဖြစ်စဉ်ကိုတော့ သက်သာပြောင်းလဲ မသွားစေနိုင်ဘူး။ အရေပြားကို ခဏခဏကုပ်တာ ဆိုးစေမယ်။
Benzoyl peroxide ပါတဲ့ဆေးကနေ နဖူး၊ နှာခေါင်းနဲ့ မေးဖျားနေရာတွေက တော်တော်တန်တန် ဝက်ခြံကို ညနေအချိန် တနေ့တခါ လိမ်းတာ ကောင်းတယ်။ Pimples ဝက်ခြံပုန်းတော့ မရဘူး။ ဆေးအသုံးများတာ မကောင်းပါ။ ဆေးလိမ်းများပြီး အနေရခက်သလိုဖြစ်ရင် မျက်နှာသစ်လိုက်ပါ။ နောက်နေ့ကျမှ Benzoyl peroxide ပြန်လိမ်းပါ။ ဒီဆေးက တလနေမှ အစွမ်းပြတာ သိသာတယ်။

(၄) Protect အကာအကွယ်
မျက်နှာကို ရေးခဲ့သလို သန့်စင်ပြီးတဲ့နောက် အကာအကွယ်လုပ်ပေးရမယ်။ ဘေးပတ်ဝန်းကျင်မှာ မသင့်တာ၊ မတည့်တာတွေ ရှိနေတယ်။ Moisturizer နဲ့ Foundation တွေဟာ Sunscreen SPF 15 အနည်းဆုံးရှိသင့်တယ်။ နေကောင်းကောင်း ထွက်နေချိန်တွေ နေရောင်နဲ့ ထိတွေ့တာကို ရှောင်နိုင်သမျှ ရှောင်ပါ။ Moisturize ကို ဘာလို့ သုံးရသလဲ။ ရေဟာ လူ့အသက်ဖြစ်တယ်။ အရေပြားရဲ့အသက်လဲဖြစ်တယ်။ အစိုဓါတ်က အောက်နေ အထက်ကို လာရတာဖြစ်တယ်။ ရေဓါတ်နည်းရင် အရေပြားခြောက်သွေ့နေမယ်။ Moisturize သုံးရတယ်။

ကိုယ့်အရေပြား အမျိုးအစားက ဘာဖြစ်နေနေ စိတ်တိုင်းမကျတာ ဖြစ်လာရင် ဆရာဝန်ပြပါ။ ဖြစ်နိုင်ရင် အရေပြား အထူးကု ပြပါ။ ရေးခဲ့တာတွေက တကမ္ဘာလုံးက စာဖတ်သူတွေအတွက် ခြုံရေးတာပါ။ မြန်မာပြည်သူတွေ အတွက်တော့ သဘာဝ သနပ်ခါးစစ်စစ် ထက်ကောင်းတာ မရှိပါ။ သခွါးသီးလို အသီးအနှံတွေသုံးတာကလဲ တံဆိပ် လှလှလေးတွေနဲ့ ဈေးကြီးကြီး ပေးရတာတွေထက် စိတ်ချရပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂ဝ၁၂
၂၇-၄-၂ဝ၁၄

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်ဖို့ ကုမ္ပဏီများကို ရထားဝန်ကြီးဌာန တင်ဒါခေါ်ပြီ


နိုင်ငံတကာမှာ ပြည်သူအများစုဟာ ရထားကိုပဲ အဓိက ပို့ဆောင်ရေးအဖြစ် သုံးစွဲနေကြတာကြောင့် မြန်မာပြည်ရဲ့ အခြေခံလူထု သွားလာရေးအတွက် ဘူတာကြီးကို အရင်အဆင့်မြှင့်မယ်လို့ မီးရထားဝန်ကြီးက ပြောလိုက်ပါတယ်။ ဘယ်လိုမြှင့်ပြီး ဘယ်လောက်ကြာမှာလဲ။

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်ရေးအတွက် ဆယ်နှစ်နီးပါး အချိန်ကြာနိုင်သလို ကျပ်ငွေ ၂.၅ ဘီလီယံ ကုန်ကျနိုင်တဲ့ ဒီစီမံကိန်းအတွက် ကုမ္ပဏီတွေ တင်ဒါလျှောက်နိုင်ပြီလို့ မီးရထားပို့ဆောင်ရေး ဒုတိယဝန်ကြီးက ဧပြီ ၂၆မှာ ပြောဆိုခဲ့ပါတယ်။

စိတ်ပါဝင်စားကြောင်း လျှောက်ထားတဲ့ ကုမ္ပဏီတွေကို လာမယ့် နိုဝင်ဘာ တတိယပတ်မှာ ရွေးချယ်မှာဖြစ်ပြီး မီးရထားဝင်းအတွင်း နေထိုင်သူတွေကို ပြောင်းရွှေ့ဖို့လည်း ညှိနှိုင်းပြီးလို့ အဲဒီလူတွေက ကျေနပ်ကြတယ်လို့ ဆိုပါတယ်။

ရန်ကုန်ဘူတာကြီး အဆင့်မြှင့် တည်ဆောက်ဖို့အတွက် ရွေးချယ်ခံရမယ့် ကုမ္ပဏီဟာ တစ်ခုတည်း ဖြစ်ချင်မှ ဖြစ်မယ်လို့ ပြောဆိုခဲ့ပြီး တင်ဒါစိစစ်ရေးချယ်ရေးကိုလည်း နိုင်ငံတကာအဆင့်မီ အကြံပေးအဖွဲ့ထားပြီး လုပ်ဆောင်မှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

Kamayut Media 

ရထားလမ်းတစ်လျှောက် ဖိုင်ဘာဆက်ကြောင်းနဲ့ တာဝါတိုင်အတွက် ကုမ္ပဏီတွေကို တင်ဒါခေါ်


ရန်ကုန်-မန္တလေး မီးရထားလမ်းတစ်လျှောက်မှာရှိတဲ့ ဖိုင်ဘာဆက်ကြောင်းကို ပြုပြင်ထိန်းသိမ်းပြီး ဆက်သွယ်ရေး အော်ပရေတာတွေကို ငှားရမ်းဖို့အတွက် အပြီးအစီးတာဝန်ယူလုပ်ကိုင်မယ့် ကုမ္ပဏီကို ရထားပို့ဆောင်ရေးဝန်ကြီးဌာနက တင်ဒါခေါ်လိုက်ပါပြီ။ ဆက်သွယ်ရေးကဏ္ဍရဲ့ အဓိကအသက်သွေးကြောကို မီးရထားဌာနက ဘယ်လိုတာဝန်ယူလုပ်ကိုင်မှာလဲ။

လာမယ့် မေလ ၂၇ရက်နေ့ နောက်ဆုံးထား ခေါ်ယူမယ့် တင်ဒါဟာ အဆင့် ၃ဆင့်ပါဝင်ပြီး ပထမအဆင့်ကတော့ လက်ရှိရှိပြီးသား Fiber Optic Cable ဆက်ကြောင်းကို ပြုပြင်ပြီး ငှားရမ်းမှာဖြစ်ပါတယ်။ ဒုတိယအဆင့်ကတော့ ဆက်သွယ်ရေး အော်ပရေတာတွေအတွက် တာဝါတိုင်ထောင်ဖို့ မြေယာအရှုပ်ရှင်းပြဿနာကို ဖြေရှင်းဖို့ ရထားလမ်းပိုင်မြေတွေမှာ တာဝါတိုင်ထောင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးအဆင့်ကတော့ တစ်နိုင်ငံလုံးမှာ ဆက်သွယ်ရေး Fiber Optic Cable တွေဖြန့်ဖို့ ရင်းနှီးမြှုပ်နှံသူကို ရှာဖွေသွားမှာဖြစ်တယ်လို့ မြန်မာ့မီးရထားရဲ့ စီမံကိန်းဒါရိုက်တာ ဦးဘမြင့်က ဆိုပါတယ်။

မီးရထားလမ်း ဘေးညာတစ်ဖက်စီမှာ ၇၅ပေရှိပြီး မိုင် ၄၈ဝဝ စုစုပေါင်းရှိတဲ့ ရထားဝန်ကြီးဌာနပိုင်မြေပေါ်မှာ ဖိုင်ဘာဆက်ကြောင်း Backbone ကို မြှုပ်နှံနိုင်မှာဖြစ်ပြီး အရှုံးပေါ်နေတဲ့ မီးရထားလုပ်ငန်းအတွက် ဝင်ငွေကာမိနိုင်မှာဖြစ်တယ်လို့ ဝန်ကြီး ဦးသန်းဌေးက ဧပြီ ၂၇ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

စီမံကိန်း ပထမအဆင့်က ၄လကြာမြင့်မှာဖြစ်ပြီး ဒုတိယအဆင့်နဲ့ တတိယအဆင့်ကို နောက်ပိုင်းမှ အသေးစိတ် ထုတ်ပြောနိုင်မယ်လို့ ဆိုပါတယ်။ ဒီ တင်ဒါခေါ်တဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်ဘူတာကြီးမှာ ကျင်းပခဲ့တာဖြစ်ပြီး ဆက်သွယ်ရေး အော်ပရေတာတွေအနေနဲ့ မြန်မာ့မီးရထားပိုင်မြေပေါ်က ဖိုင်ဘာဆက်ကြောင်းကို ငှားရမ်းသုံးစွဲနိုင်သလို မြေပေါ်မှာလည်း တာဝါတိုင် ဆောက်နိုင်မယ်လို့ ဆိုပါတယ်။

နိုင်ငံတကာမှာလည်း ရထားနဲ့ဆက်စပ်တဲ့မြေတွေမှာ ဖိုင်ဘာဆက်ကြောင်း Backbone တွေ တည်ဆောက်သလိုပဲ လုပ်ကိုင်တာဖြစ်ပြီး ပြည်တွင်းပြည်ပ ကုမ္ပဏီတွေအားလုံး တင်ဒါလျှောက်နိုင်သလို တင်ဒါနိုင်တဲ့ကုမ္ပဏီကိုလည်း ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်နိုင်ဖို့ ရထားဝန်ကြီးဌာနက ကူညီသွားမယ်လို့ ဆိုပါတယ်။

Kamayut Media 

အစိုးရက မဟာဗျူဟာမြောက် ထိုးစစ်ကြီးဆင်နေကြောင်း UNFC ကန့်ကွက်ပြောဆို


ဧပြီ ၂၇ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၃ခုကို ယခု ဧပြီလဆန်းပိုင်းမှ စ၍ မြန်မာအစိုးရစစ်တပ်က မဟာဗျူဟာမြောက် အသွင်ဆောင်သည့် စစ်ဆင်ရေးကြီး ဆင်နွဲနေသည်ဟု ညီညွှတ်သော တိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က ဧပြီလ ၂၃ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ရှမ်းပြည်တပ်မတော်-တောင်ပိုင်း(SSN-N)တို့အား တိုက်ခိုက်ခြင်းအပေါ် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဧပြီ ၂၁ရက်မှ ၂၂ရက်နေ့အထိ ပြုလုပ်ကျင်းပသည့် UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ(တိုးချဲ့) အစည်းအဝေး ဆုံးဖြတ်ချက်အရ ထိုသို့ သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

UNFC ၏ ဒု-ဥက္ကဌဖြစ်သူ ပဒိုစောဒေးဗစ်သကပေါက “အခု ကချင်နဲ့ ရှမ်းဒေသမှာ အစိုးရက တပ်မ ၇ခုနဲ့ ဒေသကွပ်ကဲရေးနှစ်ခု က တပ်ရင်းတွေ လွတ်ထားတယ်။ အင်အားက တော်တော်များတယ်ပေါ့။ ဒါဟာ အရင် ကရင်ကို လုပ်ခဲ့အတိုင်းပါပဲ။ ဒီအတိုင်း ဆိုရင် အပစ်ရပ်ရေးဆွေးနွေးမှုအတွက် နှောင့်နှေးမှုဖြစ်စေတော့ သတိပေးချင်တဲ့အနေနဲ့ ဒီထုတ်ပြန်ချက် ထုတ်တာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်ဆိုနိုင်ရေးအတွက် အစိုးရအနေဖြင့် အမှန်တကယ် ဆန္ဒရှိပါက တိုင်းရင်းသားဒေသရှိ ထိုးစစ်ဆင်ကြီးများကို အမြန်ဆုံး ရပ်တန့်ရမည်ဟုလည်း ပဒိုစောဒေးဗစ်သကပေါက ထပ်မံ ဖြည့်စွက်ပြော ဆိုသည်။

အစိုးရသည် ကရင်နှင့် မွန်ပြည်နယ်တို့ကို နောက်ချန်ထားပြီး သာလွန်အင်အားသုံးကာ KIA, TNLA နှင့် SSA(N) တပ်များကို ဦးတည်ချေမှုန်းရန် ထိန်းချုပ်ကြိုးပမ်းမှုများကြောင့် နေရာအနှံ့တိုက်ပွဲများဖြစ်ပွားကာ စစ်ပြေးဒုက္ခသည်များ နေရာစွန့်ခွာ ထွက် ပြေးရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအ၀င် စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းများ ကိုလည်း နေ့စဉ်ရက်ဆက် ကြားနေရသည့်အပေါ် စိုးရိမ်ကြောင်း UNFC ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့အပြင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ကြိုးပမ်းနေချိန်တွင် အစိုးရဘက်မှ ယခုကဲ့သို့ စစ်အင်အားများ အသုံးပြု၍ ပြဿနာဖြေရှင်းရန် လုပ်ဆောင်နေခြင်းမှာ မဖြစ်သင့်ရုံ သာမကရရှိပြီးသော နားလည်မှု၊ ယုံကြည်မှု နှင့် နားလည်မှုအဆင့်တိုင်းကို ချေဖျက်သလို ဖြစ်သွားမည်ကို UNFC က သတိပေးလိုသည်ဟု ကြေညာချက်က ဆိုသည်။

အစိုးရအနေဖြင့် ထိုးစစ်ကြီးများ ဆင်နွှဲရန် ပြင်ဆင်နေသော တပ်ရင်းတပ်ဖွဲ့အားလုံးကို ပြန်လည်ခေါ်ယူ ရုပ်သိမ်းရန်နှင့် တနိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် ရယူပြီး နိုင်ငံရေးသဘောတူညီချက် ရယူခြင်းအထိ ဆောင်ရွက်ကာ အနာ ဂတ်ဖက်ဒရယ်ပြည်ထောင်စုကြီး ဖော်ဆောင်သွားကြရန်လည်း UNFC က တိုက်တွန်းထားသည်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁၁ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် UNFC သည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)ကို ဖွဲ့စည်းခဲ့ပြီး အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့(UPWC)နှင့် ဧပြီ ၅ရက် မှ ၈ရက်နေ့အထိ ရန်ကုန်မြို့တွင် လေးရက်တာ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်းဖြစ်သည်။

ကေအိုင်စီ - KIC News 

အစားထိုးပြေးဆွဲရမည့်လိုင်းကားများ ငွေကြေးအခက်အခဲကြောင့် ရက်တိုးပေးရန်တောင်းဆို


ရန်ကုန်၊ ဧပြီ ၂၇ ။

ရန်ကိုင်တိုင်းဒေသကြီးအတွင်း ဟိုင်းလတ်ယာဉ်များပြေးဆွဲခြင်းအားဧပြီလ ၃၁ ရက်နေ့ နောက်ဆုံးထား ရပ်နားကာမီနီဘက်များနှင့်
အစားထိုးပြေးဆွဲရမည်ဖြစ်သော်လည်း မီနီဘက်ကားဈေးနှုန်းများကြီးမြင့်မှုနှင့် ငွေကြေးအခက်အခဲများကြောင့် ဟိုင်းလတ် ယာဉ်မောင်းများနှင့်
ကားပိုင်ရှင်များမှ ကန့်သက်ရက်အား ဖြေလျော့ပေးရန် ယမန်နေ့က တောင်းဆိုလိုက်ကြောင်းသိရသည်။

အစိုးရအဖွဲ့ အနေဖြင့် ဟိုင်းလတ်ယာဉ်များအချိန်ထပ်မံမပေးဘဲ ယင်းကဲ့သို့ ပြုလုပ်ခဲ့ပါကဟိုင်းလတ်နှင့် ဆက်စပ်ကာလုပ်ကိုင်နေလျက်ရှိသည့်
၎င်းတို့ မိသားစုများဒုက္ခရောက်ရမည်ဖြစ်ကြောင်း ရွှေပြည်သာ ဟိုင်းလတ်ပိုင်မောင်းရောင်းကော်မတီမှ ကိုသန်းဇော်မင်းကပြောသည်။

” ကျွန်တော်တို့ကတော့ မလဲဘူးလိုတော့မပြောပါဘူး။ လဲမှာပါ အချိန်ကာလအတိုင်းအတာတခုအထိတော့ ပေးသင့်ပါတယ်။ စစ်မှုထမ်းဟောင်း
လက်အောက်ခံဖြစ်နေတော့ သူတိုရပ်နားခိုင်းတဲ့ နေ့ရပ်နားမှာပါ ” ဟု ကိုသန်းဇော်မင်းကဆိုသည်။

ယခင်ကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အမိန့်ဖြင့် ရွှေပြည်သာမြို့နယ်ရှိ ဟိုင်းလတ်ယာဉ် ၇၀ ကျော် ရပ်နားခဲ့ဖူးပြီး အဲ့ဒီအချိန်ကခရီးသွား
ပြည်သူများသွားရေးလာရေးခက်ခဲ ခဲ့ကြောင်း ကိုသန်းဇော်မင်းက ဆက်လက်ပြောဆိုသည်။

” အရင်က ၃ ရက်လောက် ရပ်နားခဲ့ရတယ်။ အဲ့ဒီအချိန်ကဆိုခရီးသည်တွေဒုက္ခ တော်တော်ရောက်ခဲ့တယ်။ ခရီးသည်နဲ့ ကားနဲ့မမျှတာတွေ
ကားမလုံလောက်တဲ့ ပြဿနာတွေကြုံတွေ့ခဲ့ရတယ် ” ဟု ကိုသန်းဇော်မင်းက ထပ်လောင်းပြောဆိုခဲ့သည်။

ရွှေပြည်သာတွင် ဟိုင်းလတ်ယာဉ်ပေါင်း ၁၅၀ ကျော်ရှိပြီး၊ ဟိုင်းလတ်ယာဉ် အများစုသည် အစိုးရစစ်မှုထမ်း လက်အောက်မှ ကားများဖြစ်ကြောင်း
သိရသည်။

” နိုင်ငံတော်ကခေတ်နဲ့ အညီပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ် ဆိုပြီးတော့ စီးပွားရေးသမားတွေက အမြတ်ထုတ်နေတာကိုအစိုးရအနေနဲ့
မြင်သင့်တယ်။ ကျွန်တို့တွေအနေနဲ့ ဆန္ဒပြမှ သိမှာလား ” ဟု ဟိုင်းလတ်ယာဉ်မောင်းတစ်ဦး ဖြစ်သူကိုကျော်နိုင်ဦးကဆိုသည်။

ရန်ကုန်မြို့ မှ ခရီးသည်တင် ယာဉ်အိုယာဉ်ဟောင်းများအပ်နှံခြင်း လုပ်ငန်းအားကုန်လမ်းပို့ဆောင်ရေးဦးစီး ဌာနအနေဖြင့်  ၂၀၁၁ ခုနှစ်တွင် စတင်
လုပ်ဆောင်ခဲ့ပြီးယခုလက်ရှိတွင် အပ်ပြီး အစီးရေ တစ်သောင်း ကျော်ရှိပြီး ပြန်လည်တင်သွင်းလာသည့် ယာဉ်အစီးရေသည် ငါးထောင် ကျော်သာရှိ
သေးကြောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

နှင်းနွယ်
The Myanma Age 

၁၈၉၂ခုနှစ်ရဲ့ အမေရိကန်နိုင်ငံ စတန်းဖို့ ဒ်တက္ကသိုလ်မှာ စတင်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်လေးတစ်ခုဖြစ်ပါတယ်


ဒါကတော့
၁၈နှစ်အရွယ် မိဘမဲ့ကျောင်းသားလေးတစ်ယောက်သူပေးရမယ့်
ကျောင်းစရိတ်စကတွေအတွက် ခက်ခက်ခဲခဲ လှုပ်ရှားရုန်းကန်နေရတဲ့အချိန်မှာ
ဘာအလုပ်မှလည်းမယ်မယ်ရရမလုပ်တတ်သေးတာကြောင့် အကြံမျိုးစုံနဲ့ ငွေရှာရန်
စဉ်းစားနေတဲ့အချိန်မှာ နောက်ဆုံးသူငယ်ချင်းတစ်ယောက်နှင့်ပေါင်းပြီး
ကျောင်းဂီတဖျော်ဖြေပွဲတစ်ခုကိုကြီးကြပ်စီစဉ်ဖို့ အတွက် အလုပ်ရခဲ့ပါတယ်။
ဒီလိုနဲ့ စန္ဒယားတီးသူတွေကိုငှားရမ်းရန်အတွက် အေဂျင်စီတစ်ခုသို့ သွားရောက်ခဲ့တယ်။
အေဂျင်စီမှ ဂျေ.ပပက်ဒရာစကီ ဆိုတဲ့လူနဲ့ တွေ့ ဆုံတော့ သူတို့ ရဲ့ဖျော်ဖြေပွဲအကြောင်းကို
ပြောပြီးငှားရမ်းလိုကြောင်းပြောတော့ ဂျေရဲ့ မန်နေဂျာက ဒီဖျော်ဖြေပွဲအတွက်
အာမခံ ဒေါ်လာ ၂၀၀၀ယူထားရန်ပြောလိုက်ပါတယ်။
ဒီလိုနဲ့ အဆင်ပြေသွားပြီး ကံဆိုးချင်တာဖြစ်လာပြန်တော့ကျောင်းမှာလက်မှတ်တွေကို
လိုက်ရောင်းပြီးတာတောင်မှ ဒေါ်လာ ၁၆၀၀ပဲရလို့ ဒေါ်လာ ၄၀၀ အလျင်လိုနေတာပဲဖြစ်တယ်။
နောက်ဆုံး ဂျေ့ စီမှာငွေစာရင်းရှင်းတော့ဖြစ်ကြောင်းကုန်စင်ပြောပြီး ဒေါ်လာ ၄၀၀တန်
ချက်လက်မှတ်တစ်စောင်ကိုယူထားရန်နှင့် ခတ္တစောင့်ဆိုင်းရန်တောင်းဆိုခဲ့ပေမယ့်
ဂျေကတော့ သူတို့ ပေးတဲ့ချက်လက်မှတ်ကိုယူကာဆွဲဖြဲလိုက်ပါတယ်။
ထို့ နောက် သူတို့ ရဲ့ဒေါ်လာ ၁၆၀၀ကိုလည်းပြန်ပေးလိုက်ပြီး အဲ့ဒီ့၁၆၀၀ထဲက
သူတို့ ကုန်ကျစရိတ်ရှင်းရန်ကျန်သေးသည်များကို နှုတ်ပြီးအခြားပေးစရာရှိသေးသည်များကို
ပေးရန်သာမှာကြားလိုက်တော့ သူငယ်ချင်းနှစ်ယောက်လည်းကျေးဇူးတင်မဆုံးဖြစ်နေမိပါတယ်။
ဂျေအနေနဲ့ လည်း ဒီကောင်လေးနှစ်ယောက်ကိုဘယ်အကြောင်းကြောင့်များ
ကူညီမိခဲ့တယ်ဆိုတာ မိမိကိုယ်ကိုတောင်နားမလည်နိုင်ဖြစ်နေမိပါတယ်။
နှစ်တွေလည်းကြာမြင့်လာတော့ အေဂျင့် ဂျေဟာ ပိုလန်နိုင်ငံရဲ့ ၀န်ကြီးချုပ်ဖြစ်လာတယ်။
ပြီးတော့အရင်ကလိုပဲမြင့်မြတ်ကောင်းမွန်တဲ့ စိတ်ဓာတ်ကလည်းလုံးဝမပျောက်သေးပဲ
ကောင်းမွန်တဲ့နည်းလမ်းနဲ့ အုပ်ချုပ်မှုကို စီရင်ပါတယ်။
ကံဆိုးတာကတော့ သူ့ လက်ထက်မှာ ဒုတိယကမ္ဘာစစ်ဖြစ်နေတာကြောင့် ပိုလန်နိုင်ငံလည်း
အတော်လေးကိုအထိနာခဲ့ပြီး လူပေါင်းတစ်သိန်းခွဲလောက်
ငတ်မွတ်မှုဘေးအပြေးတွေ့ နေရပါတယ်။
ဒါ့ကြော်င့ဝန်ကြီးချုပ်ဂျေလည်း ပြည်သူတွေငတ်မွတ်မှုကိုဖြည့်စီးပေးနိုင်ရန်အတွက်
အမေရိကန် စားနပ်ရိက္ခာနှင့်သက်သာချောင်ချိရေးဝန်ကြီးဌာနကိုသွားရောက်ကာ
ဌာနရဲ့အကြီးအကဲဖြစ်သူ ဟာဘတ်ဟူဗာ(နောက်ပိုင်းမှာ အမေရိကန်သမ္မတဖြစ်လာ)နဲ့ 
တွေ့ ဆုံပြီး အခက်အခဲများကိုတင်ပြကာ အကူအညီတောင်းဆိုခဲ့ပါတယ်။
ဌာန၀န်ကြီးကလည်းကူညီသောကြောင့် ပိုလန်ပြည်သူတွေငတ်မွတ်မှုဘေးမှ ဝေးခဲ့ရတယ်။
ကျေးဇူးတင်မဆုံးဖြစ်လို့  ပုဂ္ဂိုလ်ရေးအရတွေ့ ရန် ပိုလန်ဝန်ကြီးချုပ်ဂျေက
အမေရိကန်မှ ၄င်းဝန်ကြီးကိုတောင်ဆိုပြီးတွေ့ ကြတဲ့အခါမှာ ၀န်ကြီးချုပ်ဂျေက
အလွန်အလေးအမြပြု (ရှိခိုးမတတ်)တော့မယ်အနေအထားမှာ
ဟူဗာက အဲ့သလိုမပြုဖို့ တားမြစ်ပြီး
"မစ္စတာဝန်ကြီးချုပ်အနေနဲ့ ကျွန်တော့်ကိုကျေးဇူးမတင်သင့်ပါဘူးခင်ဗျ...
ဝန်ကြီးချုပ်ဂျေကတော့မမှတ်မိပေမယ့် နှစ်အတန်ကြာက အေးဂျင့်ဂျေကူညီလို့ 
ကောလိပ်ကျောင်းဆက်တက်ခွင့်ရတဲ့ ကျောင်းသားလေးနှစ်ယောက်ထဲက
တစ်ယောက်ကတော့ ကျွန်တော်ပါပဲ"
လည်နေတဲ့ဒီကမ္ဘာကြီးကိုက ကြည်နူးဖို့ ကောင်းလွန်းနေတာပါ။
ZK

နည်းစနစ်ကျကျအတွေးအခေါ်

ညအိပ်ရာ ဝင်ခါနီး မျက်နှာကျန်းမာရေး ဂရုစိုက်နည်း


မျက်နှာ အရည်အပြား လှပ ကျန်းမာစေဖို့ အတွက် ညအိပ်ရာ ဝင်ခါနီး ဂရုစိုက် ရမယ့် နည်းလမ်း ကတော့ သန့်ရှင်းအောင် ဆေးကြော ပြီးတော့ ဘာမှ မလိမ်းပဲ အိပ်စက်ခြင်း ဖြစ် ပါတယ်။

ယင်း သို့ ဘာမှ မလိမ်းပဲ အိပ်စက်ခြင်းက အဆီပြန်ခြင်းကို ခွင့်ပြုထားပေး ပြီး မျက်နှာက ပျက်ဆီး သွားတဲ့ ဆဲလ်တွေကို အလိုအလျော်က ပြန်လည် ပြုပြင်ပေး ပါတယ်။ အရည်အပြား ကျန်းမာရေး ကောင်းမွန်စေတဲ့ အစိမ်းရောင် အသီးအရွက် များများ စားသုံး သူများက၊ ကျန်းမာရေး ကောင်းမွန်သူများက ယင်းဆဲလ် ပိုမို အားကောင်းပြီး ညအိပ်ချိန်မှာ ပြန်လည် ပြုပြင်ပေးမှု မြန်ဆန် ပါတယ်။ ဒါကြောင့်မို့ အနာအဆာ များ၊ ဝက်ခြံများ၊ အဖု များကို သူ့အလိုအလျောက် ကုသ ပေးပြီး အရည်အပြားက သဘာဝ ဆေး ထုတ် ပါတယ်။

ဒါကြောင့်မို့ အိပ်ရာ ဝင်တဲ့ အချိန် သနပ်ခါး လိမ်းခြယ်ခြင်း၊ အခြား အဆီ နဲ့ ခရင်တို့ လိမ်းခြင်းတို့က ဓာတ်မတည့်ရင် အရည်အပြား ကျန်းမာရေးကို ပိုလို့ တောင် ထိခိုက်စေနိုင် ပါသေးတယ်။ အရည်အပြားက အဆီပြန်မှုကို ပိတ်ဆို့ ထားခြင်းကြောင့် ပိုလို့တောင် ပျက်ဆီး စေပါ သေးတယ်။ အိပ်ရာ ဝင်ခါနီးမှာ အရည်အပြား သန့်ရှင်းအောင် ဆေးကြောဖို့ တော့ လိုပါတယ်။ ဒီအတွက် မိမိ အသုံးပြုနေကျ ဘယ်လို မျက်နှာသစ်ဆေးနဲ့ မဆို ဆေးကြော သန့်ရှင်း နိုင်ပါတယ်။ ပြီးရင်တော့ အိပ်နိုင် ပါပြီ။

မနက် အိပ်ရာ ထချိန်မှာ မနေ့ကထက် လှပ နေမှာ ဖြစ်ပါတယ်။ ယင်းဟာ အရည်အပြား အလှအပ ဆိုင်ရာ ဆရာဝန်များ ညွန်ကြား ပြသ ထားတဲ့ နည်းလမ်းကောင်းလေး ဖြစ်ပါတယ်။
.
Ref: medicfact

အောင်ခမ်း (www.innewsmyanmar.com)

ဓါးခုတ်ခံရသော အမှုကို တိုင်ကြားထားသော်လည်း ရဲစခန်းမှ ဖမ်းဆီးအရေးယူခြင်းမရှိသေး


မိုးမိတ်၊ ဧပြီ ၂၇။

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့တွင် ဧပြီ ၁၈ ရက် နေ့က ဖြစ်ပွားခဲ့သော ဓါးခုတ်ခံရမှုနှင့်ပတ်သက်ပြီး တရားခံအားမြင်တွေ့နေရသော်လည်း
ရဲစခန်းမှ ယနေ့တိုင် ထိရောက်စွာ ဖမ်းဆီးအရေးယူ ဆောင်ရွက်ခြင်းမရှိသေးပါဘူး ဟု ဓါးဖြင့်အခုတ်ခံရသူ ကိုသီဟမှ ပြောသည်။


အဆိုပါဖြစ်စဉ်မှာ မိုးမိတ်မြို့လက်ခုပ်တန်းရပ်ကွက်ရှိ တီဗီဂိမ်းဆိုင်အနီး၊ ည ၉း၃၀ နာရီ အချိန်၌ ကိုသီဟ ဆိုသူအားနောက်ကွယ်မှ ဓါးကိုင်ဆောင်ထားသော
လူတစ်စုကဝင်ရောက် လုပ်ကြံသွားကြောင်း၊  ၎င်း မှ အခင်းဖြစ်ပွားရာညတွင်းချင်း မိုးမိတ်မြို့မ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ကြောင်းသိရသည် ။

ဓါးခုတ်ခံရသူမှာ မိုးမိတ်ပြည်သူ့ ဆေးရုံတွင် ဦးခေါင်းနှောက်စေ့နှင့်ဘယ်ဘက်နထင်စပ်ဒဏ်ရာပြင်းထန်ပြီး အရေးပေါ်လူနာအဖြစ် ဆေးကုသမှု
ခံယူခဲ့ကြောင်းနှင့် ညာလက်ဖျံအကြောနှစ်ချောင်းပြတ်သွားကြောင်း ဆေးမှတ်တမ်းအရ သိရသည်။


ဓါးခုတ်ခံရသူမှာ မိမိအားလုပ်ကြံသူကို သက်သေများနှင့် ၎င်းရဲစခန်းတွင် ထွက်ဆိုပြောပြခဲ့ပြီးဖြစ်သော်လည်း အဆိုပါတရားခံမှာမြို့ပေါ်တွင်သွားလာနေလျှက်
ရှိနေကြောင်း၊ ရဲဝန်ထမ်းများမှ တရားခံအားအချိန်နှင့်တပြေးညီ ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း လုပ်ကြံခံရသူ ကိုသီဟက ထပ်မံ
ပြောကြားသည် ။


“ ကျွန်တော် ကိုယ်တိုင်ရဲစခန်းကိုသွားတိုင်တယ်၊ အသိသက်သေတွေနဲ့တရားခံဘယ်သူဆိုတာ လည်းပြောပြခဲ့ပါတယ်၊ ဥပဒေကိုအားကိုးလို့ ဥပဒေအတိုင်း
ဖြစ်စေချင်တာပါ ၊ဒီလိုသာ အားကိုးလို့ မရဘူးဆိုရင်၊ ကြာလာရင်ဥပဒေမဲ့မြို့ဖြစ်သွားမှာပဲ ” ဟု ၎င်းကဆိုသည်။


ထိုအမှုနှင့် ပတ်သက်၍ မိုးမိတ်မြို့မ ရဲစခန်းမှ ဒုရဲမှုးကျော်သိန်းက “ ကျနော်တို့ရဲစခန်းအနေနဲ့ သက်ဆိုင်ရာ နယ်မြေရဲတွေနဲ့ စုံစမ်းရှာဖွေနေပါတယ်၊  အလုပ်ကတစ်ခုထဲမဟုတ်တော့ကျွန်တော်တို့မရရအောင် ဖမ်းဆီး အရေးယူသွားမှာပါ။ သတင်းကြားတယ်ဆိုပေမယ့်တိကျတဲ့ သတင်းမဖြစ်တော့
အခုလိုဖမ်းဆီးရေးမှာ  ကြန့်ကြာနေတာဖြစ်ပါတယ်၊ မဖမ်းတာမဟုတ်ပါဘူး ၊ကျနော်တို့ကြိုးစားစုံစမ်းနေဆဲပါ ” ဟု အထက်ပါ ဒုရဲမှုးကပြောသည်။

ထွန်းထွန်း။
The Myanma Age

မီးကြိုးအဆက်ပေါ်သို့ ရေစိုလုံချည်လှန်းရာမှ အမျိုးသမီးတစ်ဦး ဓါတ်လိုက်သေဆုံး


ရန်ကုန်၊ ဧပြီ ၂၇

၂၆.၄.၂၀၁၄ ရက်နေ့ ၁၉၅၀ အချိန်တွင် ရွှေပြည်သာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် အင်းစိန်ဆေးရုံသို့ အမျိုးသမီးတစ်ဦး ဓါတ်လိုက်သေဆုံးရောက်ရှိ
နေကြောင်းသတင်းအရသွားရောက်စစ်ဆေးရာသေဆုံးသူမှာ ဒေါ်ခင်အေးမူ၊
(၄၄)နှစ်၊ (ဘ)ဦးသိန်း၊ (၁၀/၃၄)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်နေသူဖြစ်ပြီး ၀ဲ/ယာ လက်ဖ၀ါးများ ဖူးရောင်ညိုမဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို
တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ၁၈၃၀ အချိန်တွင် ရေချိုးပြီး နေအိမ်
ခြေရင်း၌ သွယ်တန်းထားသော လျှပ်စစ်မီးကြိုးပေါ်သို့ ရေစိုလုံချည်လှန်းစဉ် မီးကြိုးအဆက်မှဓါတ်လိုက်ကာ ဒဏ်ရာများရရှိပြီး သတိလစ်သွားသဖြင့် အင်းစိန်ဆေးရုံသို့ပို့အပ်ခဲ့ရာ ၁၉၃၀အချိန်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ရွှေပြည်သာမြို့မရဲစခန်းသေမှုသေခင်း
အမှတ်စဉ် (၁၇/၂၀၁၄)ဖြင့်ရေးဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police 

လိင်စိတ်ကြွဆေးဝါးများ ရောင်းချသူအား ဖမ်းဆီးအရေးယူ


ရန်ကုန်၊ ဧပြီ ၂၇

၂၆.၄.၂၀၁၄ ရက်နေ့ ၁၂၃၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ
နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လိင်စိတ်ကြွဆေးပြားများရောင်းချ
နေကြောင်းသတင်းအရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူးနှင့်အဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူးအဖွဲ့တို့နှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ (င/က)ရပ်ကွက်၊ ဇာဝေယာလမ်းရှိ သစ်လွင်(ခ)
ရက်ဇက်၊ (၁၈)နှစ်၊ (ဘ)ဦးသန့်ဇော်၊ ရန်ဝေးလမ်း၊ ရန်အောင်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူ၏ဆေးဆိုင်သို့ ၀င်ရောက်ရှာဖွေခဲ့ပါသည်။

ထိုသို့ရှာဖွေရာ ဆိုင်အတွင်း၌ လိင်စိတ်ကြွဆေးဝါးမျိုးစုံအား တွေ့ရှိ
သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ၁၃၃၀ အချိန်တွင် ၎င်း၏နေအိမ်သို့ သွားရောက်ရှာဖွေရာ နေအိမ်အတွင်းမှ လိင်စိတ်ကြွဆေးဝါးမျိုးစုံအား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် သစ်လွင်(ခ)ရက်ဇက်အား သုဝဏ္ဏနယ်မြေ
ရဲစခန်း(ပ)၁၃၀/၂၀၁၄၊ အမျိုးသားဆေးဝါးဥပဒေပုဒ်မ-၁၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ဘုရားဖူးယာဉ်တိမ်းမှောက်၍ ၂ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ


နေပြည်တော်၊ ဧပြီ ၂၇
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ ကလော မြို့နယ်၊ အောင်ပန်းမြို့နှင့်ဟဲဟိုးမြို့ကြား၊ မိုင်တိုင်အမှတ်(၈၆/၂-၃)၊ သီခေါင်တောင်တွင် ရန်ကုန်မှ တောင်ကြီးသို့ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ အောင်ချမ်းသာရပ်နေ ဘိုဘိုအောင်(၃၀)နှစ် မောင်းနှင်ပြီး ခရီးသည်(၄၀)ဦး တင်ဆောင်လာသော 4E/xxxx Higer Express ဘုရားဖူးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့တိမ်းမှောက်ခဲ့သည်။ ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များအနက် သန်လျင်မြို့နယ်၊ ပုဂံတော်ရွာနေ မြင့်ဇော်(၃၅)နှစ်နှင့် မြယာရိုးရွာနေ မအေးလေး (ခ)မခင်သန်္တာအေး(၂၅)နှစ်တို့ ၂ ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး မြယာရိုးရွာနေ ဒေါ်မြင့်မြင့်မိုး(၄၁)နှစ်ပါ ကျား ၇ ဦး၊ မ ၈ ဦး၊ စုစုပေါင်း(၁၅)ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် တောင်ကြီးမြို့၊ စ၀်စံထွန်းဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ဘိုဘိုအောင်အား ဟဲဟိုးနယ်မြေရဲစခန်း ယာဉ်(ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် 

HUAWEI ကုမ္ပဏီဝန်ထမ်း တရုတ်နိုင်ငံသားတစ်ဦး မိုတယ်တစ်ခုတွင် သေဆုံး


ဇော်ဇော်ထွေး

ရန်ကုန်၊ မဇ္ဈိမ။ ။ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ မိုတယ်တခုတွင် တည်းခိုနေထိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အကြောင်းအရင်းမသိရဘဲ သေဆုံးခဲ့သဖြင့် မြို့နယ်ရဲစခန်းက ဧပြီ ၂၆ရက်တွင် အမှုဖွင့်ပြီး စစ်ဆေးဖော်ထုတ်နေသည်။

တရုတ်လူမျိုးတစ်ဦး အိပ်ပျော်ပြီး သတိလစ်နေကြောင်း နံနက် ၁၀ နာရီ ၁၅မိနစ်သတင်းအရ မြို့နယ်ရဲစခန်းမှူးနှင့်အဖွဲ့က မြို့နယ်တရားသူကြီးနှင့် သက်သေတို့ကို ခေါ်ယူကာ သွားရောက် စစ်ဆေးခဲ့သည်။

သတိလစ်နေသူသည် ဟွားဝေ(HUAWEI) ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံ ချန်ကူပြည်နယ်နေ LIUXU (၂၈)နှစ် ဆိုသူဖြစ်သည်ဟု အတည်ပြုထားသည်။

၎င်းသည် ဟိုတယ်အခန်းအမှတ် (၄၀၁)တွင် နေထိုင်ပြီး ဧပြီ ၂၆ ရက်က အိပ်ယာမှ ထာလာခြင်း မရှိသဖြင့် သွားရောက်ကြည့်ရှုရာ နှိုးမရဘဲ သတိလစ်နေသဖြင့် ဝိတိုရိယဆေးရုံသို့ ပို့ရာတွင် သေဆုံးနေကြောင်း သိရှိရခြင်းဖြစ်သည်။ အလောင်းကို စစ်ဆေးနိုင်ရန် မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်ထားသည်ဟု ရဲတပ်ဖွဲ့က
ဆိုထားသည်။

ယင်းသေဆုံးမှုမှာ သွေးရိုးသားရိုး သေဆုံးခြင်း ဟုတ်မဟုတ် အင်းစိန်ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁၉/၂၀၁၄) ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဖော်ထုတ်နေသည်။

Mizzima Burmese

ဇနီး၏ အချစ်ဟောင်းကို ခင်ပွန်းဖြစ်သူက ဓါးဖြင့်ထိုးသတ်


ဇော်ဇော်ထွေး

ရန်ကုန်၊ မဇ္ဈိမ။ ။ အမျိုးသားတစ်ဦးက ၎င်းဇနီးသည်နှင့် ယခင်က ချစ်ကြိုက်ဖူးသူတစ်ဦးကို ဓါးဖြင့် ထိုးသတ်ခဲ့မှုတစ်ခုကို သင်္ဃန်းကျွန်းမြို့နယ်
သုဝဏ္ဏနယ်မြေရဲစခန်းက ဧပြီ ၂၆ရက်ညတွင် အမှုဖွင့် စစ်ဆေးနေသည်။

အမှုမှာ သုဝဏ္ဏ င/(က)ရပ်ကွက်ရှိ ကားအမိုးကူရှင် လုပ်ငန်းတစ်ခုတွင် နံနက် ၉နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စိုးမင်းအောင် ဆိုသူကို ရဲဇော်ဦး ဆိုသူက ဓါးဖြင့် ထိုးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဓားထိုးခံရသည့်အတွက် စိုးမင်းအောင်မှာ ဝဲရင်အုံ၊ ဝဲချိုင်းအောက် တို့တွင် ထိုးသွင်းဒဏ်ရာများ ရရှိပြီ စံပြဆေးရုံသို့ တင်ပို့ကုသနေစဉ် သေဆုံးခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံထားရသူ ရဲဇော်ဦးသည် ၎င်း၏ဇနီးဖြစ်သူနှင့် ယခင်က ချစ်ကြိုက်ဖူးသည်ကို သဝန်တိုင်စိတ်ဖြင့် မကျေမနပ်ဖြစ်၍ ဓားဖြင့် ထိုးခဲ့ခြင်း ဖြစ်သည်ဟု တရားလိုဘက်က စွပ်စွဲထားသည်။

အဆိုပါ အမှုကို သေဆုံးသူ၏ အစ်ကိုတော်စပ်သူ ဦးအောင်ကျော်မိုးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် နယ်မြေရဲစခန်းက (ပ)၁၃၃/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို စုံစမ်းရှာဖွေလျက်ရှိသည်။

Mizzima Burmese 

န၀ဒေးတံတားအောက် လူသတ်မှုတရားခံ ဖော်ထုတ်အရေးယူပေးရန် ဆန္ဒပြတောင်းဆိုမည်

ပြည်မြို့ နဝဒေးတံတားအောက်တွင် ၂၀၁၃ခုနှစ် မေလက ဖြစ်ပွားခဲ့သည့် လူသတ်မှု အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒထုတ်ဖော်မှုလုပ်ရန် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ၂၀၁၄ခုနှစ် ဧပြီလ ၂၇ရက်က ပြည်မြို့ရှိ သံလွင်ခက် လူ့အခွင့်အရေးရုံးတွင် ပြုလုပ်စဉ်။ (ဓာတ်ပုံ- ရေခဲ(ပြည်)

ရေခဲ(ပြည်)

ပြည်၊ မဇ္ဈိမ။ ။ တပ်မတော်သားသုံးဦး ပါဝင်ပတ်သက်နေသည့် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ န၀ဒေးတံတားအောက်မှ လူသတ်မှု တစ်နှစ်ပြည့်ပြီးအချိန်အထိ တရားခံဖော်ထုတ် အရေးမယူနိုင်သေးသဖြင့် တရားခံ အမြန်ဆုံး ဖော်ထုတ်အရေးယူပေးရန် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု လူ့အခွင့်အရေးကူညီလှုပ်ရှားသူ
ပြည်မြို့ခံတစ်ဦးဖြစ်သည့် ကိုမင်းမင်းကပြောသည်။

“ပြည်မြို့ခံတစ်ဦးအနေနဲ့ရော လူ့အခွင့်အရေး ကူညီလှုပ်ရှားသူ အနေနဲ့ရော ဆက်လက်ကြိုးစားသွားမယ်။ အားလုံးပေါင်းပြီး ဆန္ဒဖော်ထုတ်ဖို့ လုပ်သွားမယ်”ဟု ကိုမင်းမင်းကဆိုသည်။

၂၀၁၄ခုနှစ် ဧပြီလ ၂၇ရက်တွင် ပြည်မြို့ သံလွင်ခက်လူ့အခွင့်အရေးရုံးတွင် ပြုလုပ်သည့် အကြမ်းဖက် လူသတ် လူယက်မှု တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ကိုမင်းမင်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အမှုဖြစ်စဉ်ဖြစ်ပွားပြီး တစ်နှစ်နှင့် တစ်လပြည့်သည့်အချိန် မေလ(၂၃)ရက်တွင် ပြည်မြို့သူမြို့သားများနှင့် မြို့ခံလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ
ဆန္ဒပြမည်ဟု ၎င်းက ပြောသည်။

တရားခံကို တရားဥပဒေအရ အမြန်ဆုံးဖော်ထုတ်အရေးယူပေးရန်၊ အလားတူဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်စေရေး အာမခံချက်ပေးရန်၊ ပြစ်မှုကျူးလွန်ခံရသူများကို အမြန်ဆုံး ကုစားခွင့် ရရှိစေရေး စသည့်အချက်များကို ဆန္ဒဖော်ထုတ် တောင်းဆိုသွားမည်ဟု ကိုမင်းမင်းက ပြောသည်။

၂၀၁၃ခုနှစ် မေလ ၂၃ရက် ည ၉နာရီခွဲ အချိန်က ပြည်မြို့ န၀ဒေးတံတားအောက်ရှိ View Point ကမ်းနား သောင်ပြင်တွင် သမီးရည်းစား စုံတွဲတစ်တွဲကို အကြမ်းဖက်သမား သုံးဦးက အကြမ်းဖက်
လူသတ် လုယက်မှု တစ်ခုပြုလုပ်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် အကြမ်းဖက်သမားများ လက်ချက်ဖြင့် ကိုဇော်မင်းဦး သေဆုံးခဲ့ရပြီး ၎င်း၏ချစ်သူ ကောင်းမလေးမှာလည်း လည်ပင်းညှစ် ရိုက်နှက်ခံခဲ့ရသည့်
အပြင် သူမ၏ လက်စွပ်ကိုလည်း ချွတ်ယူသွားခဲ့သည်။

ယင်းဖြစ်ရပ်ဖြစ်ပွားပြီးချိန်တွင် ဆင်စုရပ်ကွက်နေ လူထုက ၀ိုင်းဝန်းရှာဖွေရာ တံတားအလွန် သောင်ပြင်နှင့် တဆက်တည်း ကမ်းပါးရံကိုင်းတောထဲတွင် ပုန်းခိုနေသူ (ခလရ ၇၅)မှ စစ်သားသုံးဦးကို တွေ့ရသဖြင့် ဖမ်းဆီးခဲ့ရာ နှစ်ဦးဖမ်းမီပြီး တစ်ဦးလွတ်သွားခဲ့သည်။ ဖမ်းဆီးရမိသူများကို စစ်တပ်မှ ပြန်ခေါ်သွားပြီး တပ်တွင်း အချုပ်၌ ချုပ်ထားသည် ဟုဆိုကာ ယခုအချိန်ထိ အရေးယူဆောင်ရွက်ခြင်း မရှိသေးပေ။

Mizzima Burmese

အိန္ဒိယရေတပ်သင်္ဘောများ ရန်ကုန်သို့ ယနေ့ဆိုက်ရောက်မည်


ရန်ကုန်၊ ဧပြီ-၂၆

စစ်သင်္ဘောသုံးစင်းဖြင့် ဖွဲ့စည်းထားသော အိန္ဒိယရေတပ်လေ့ကျင့်ရေး သင်္ဘောအုပ်စုတစ်စုသည် မြန်မာနိုင်ငံသို့ လေးရက်ကြာချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဧပြီ ၂၇ ရက်တွင်ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ
ဆိုင်ရာအိန္ဒိယသံရုံး၏ ထုတ်ပြန်သည့်သတင်းထုတ်ပြန်ချက်၌ ဖော်ပြ
ထားသည်။

အိန္ဒိယရေတပ်လေ့ကျင့်ရေးသင်္ဘောအုပ်စုမှ စစ်သင်္ဘောသုံးစင်းသည် ရန်ကုန်မြို့သီလ၀ါနိုင်ငံတကာဆိပ်ကမ်း၌ ဆိုက်ကပ်ထားမည်ဖြစ်ကြောင်း သိရသည်။

အိုင်အင်န်အက်စ်ဂါရီယယ်လ်၊ အိုင်အရန်အက်စ်ဆုဂျတာနှင့် ကမ်းခြေ
စောင့်တပ်ဖွဲ့သင်္ဘောဝရုဏတို့ဖြင့် ဖွဲ့စည်းထားသောအဆိုပါ ရေတပ်
လေ့ကျင့်ရေးသင်္ဘောအုပ်စုတွင် အိန္ဒိယရေတပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့
တို့မှအရာရှိပေါင်း ၁၂၅ ဦး လိုက်ပါလာကြသည်။

မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း အိန္ဒိယရေတပ်သင်္ဘောများမှ တပ်မှူးများသည်မြန်မာအစိုးရနှင့် စစ်ဘက်တို့မှ တာဝန်ရှိသူများနှင့်
တွေ့ဆုံမည်ဖြစ်ကြောင်း အိန္ဒိယသံရုံးသတင်းထုတ်ပြန်ချက်၌
ဖော်ပြထားသည်။

ယင်းအပြင် မြန်မာချစ်ကြည်ရေး ခရီးစဉ်အတွင်း အိန္ဒိယရေတပ်ဖွဲ့
ဝင်များသည် ရန်ကုန်မြို့ သန်လျင်ခရိုင်ဆေးရုံ၌ ဧပြီ ၂၉ ရက်မှစ၍
အခမဲ့ဆေးဝါးကုသမှုများ ပြုလုပ်ပေးမည့်အပြင်အခြားလူမှုရေးလုပ်ငန်း
များကိုပါ လုပ်ဆောင်သွားမည်ဖြစ်သည်။

အလားတူ အိန္ဒိယရေတပ်စစ်တီးဝိုင်းကရန်ကုန်မြို့ အမျိုးသားကဇာတ်
ရုံ ၌ ဂီတဖျော်ဖြေပွဲတစ်ရပ် ကျင်းပမည်ဖြစ်သည်။ အိန္ဒိယရေတပ်
လေ့ကျင့်ရေး သင်္ဘောအုပ်စုသည်ရန်ကုန်မြို့သို့မရောက်ရှိမီ စင်ကာပူ
နိုင်ငံနှင့်ထိုင်းနိုင်ငံ ဖူးခက်မြို့သို့ အရင်ဝင်ရောက်ခဲ့ကြောင်းသိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ 

လေပြင်းတိုက်ခတ်မှုကြောင့် လမ်းဘေးသစ်ပင်လဲကျပိမိပြီး လူ(၁)ဦးသေ


နေပြည်တော်၊ ဧပြီ ၂၇
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မြွေရိုးဘုန်းတော်ကြီးကျောင်းရှေ့ လမ်းမပေါ်တွင် လူ(၁)ဦး သစ်ပင်ပိလဲကျသေဆုံး နေကြောင်းသတင်းအရ လယ်ဝေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ လယ်ဝေးမြို့၊ အမှတ်(၆)ရပ်ကွက်နေ ဆိုင်ကယ် ကယ်ရီမောင်းသူ အောင်နိုင်ထွန်း(၄၂)နှစ်အား ၀ဲမျက်ခွံ/ဦးခေါင်း ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသည်။ စစ်ဆေးချက်အရ အောင်နိုင်ထွန်းသည် ၁၃ယ/xxxx ဆိုင်ကယ်အားစီးနင်းလာစဉ် လေပြင်းတိုက်ခတ်ပြီး လမ်းဘေးရှိလဲပင် လဲကျရာမှ ၎င်းင်းအားပိမိခဲ့ခြင်းကြောင်းသိရှိရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ လယ်ဝေးမြို့မရဲစခန်း၊ သေမှုသေခင်း အမှတ်စဉ်(၄/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

တိမ်းမှောက် နစ်မြုပ်နေသော တောင်ကိုရီးယား ဖယ်ရီ သင်္ဘော ၀န်ထမ်းအားလုံး ကို ဖမ်းဆီး ထိန်းသိမ်းထား


              ပြီးခဲ့သည့် အပတ် ဗုဒ္ဓဟူးနေ့က တိမ်းမှောက် နစ်မြုပ် ခဲ့သော တောင်ကိုရီးယား ဖယ်ရီ သင်္ဘော Sewol တွင် နစ်မြုပ်ချိန် ၌ တာဝန်ကျနေသော ၀န်ထမ်း (၁၅) ဦးလုံး ကို ဖမ်းဆီး ထိန်းသိမ်း ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

               တာဝန်လစ်ဟင်းမှု၊ ခရီးသည်များအား ကယ်ဆယ်ရန် ပျက်ကွက်မှုတို့ဖြင့်   တရားစွဲဆို ခံကြ ရမည်ဖြစ်ကြောင်း သိရသည်။ သင်္ဘော ကပ္ပတိန် အပါအ၀င် (၁၁) ဦးကို ရှေ့ပိုင်းရက် များကတည်းက ဖမ်းဆီး ထိန်းသိမ်း  ထားခြင်း ဖြစ်ပြီး   နောက်ထပ် လေးဦးကို စနေနေ့တွင် ထပ်မံထိန်းသိမ်းခဲ့သည်။ လူ (၄၇၆) ဦး  ပါသော ဖယ်ရီသင်္ဘော သည် တောင်ကိုရီးယား အနောက် မြောက်ပိုင်း အင်ချွန်းမှ တောင်ပိုင်းခြမ်းရှိ အပန်းဖြေ ကမ်း ခြေမြို့ ဂျီဂျူးသို့ ဧပြီ (၁၆) ရက်နေ့တွင် ခုတ် မောင်းလာစဉ်   တိမ်းမှောက်နစ်မြုပ်ခြင်း ဖြစ်သည်။ လက်ရှိအချိန်ထိ သေဆုံးသူ ရုပ်  အလောင်း (၁၈၃) လောင်းကို ရေငုပ်သမား များ ဆယ် ထုတ်ထားနိုင်ပြီ ဖြစ်သည်။ သေဆုံးသူများထဲ တွင်    ဆိုးလ်မြို့ တောင်ပိုင်း ဒန်ဝန် အထက်တန်း   ကျောင်းမှ ကျောင်းသူကျောင်းသားများ နှင့် ဆရာများဖြစ်သည်။     ကနဦး ဖမ်းဆီး ထားသူသော သင်္ဘော တာဝန်ရှိသူ (၁၁) ဦး အပြင် နောက်ထပ် လေးဦး ကို သောကြာနေ့ ညပိုင်းက ထိန်းသိမ်းခဲ့ ကြောင်း သင်္ဘော တိမ်းမှောက်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့မှ အစိုးရရှေ့နေအဖွဲ့က ထုတ်ပြန်ပြော ကြားသည်။     သောကြာနေ့ ရေငုပ် ရှာဖွေမှုတွင် ရေငုပ် သမားများသည် မှောက်ခုံအနေအထားဖြင့် ရေအောက်မြုပ်နေသော သင်္ဘောခန်းတစ် ခန်းထဲတွင် အသက်ကယ် ၀တ်စုံများ ၀တ်ဆင် ထားလျက်သားဖြင့် ပိတ်မိသေဆုံးနေသော ကျောင်းသား (၄၈) ဦးကို တွေ့ရှိခဲ့ရသည်။ ရေအောက်မြုပ်နေသော သင်္ဘော အတွင်း ပိုင်း၌ ကျန်ရှိနေသူများကို ရေငုပ်သမားများ ဖြင့် ဆယ်ထုတ်ရန် နောက်ထပ် ရက်မည်မျှ ကြာနိုင်သည်ကို ခန့်မှန်းမရနိုင်သေးကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။

               ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ နှေးကွေးသဖြင့် ပျောက်ဆုံးနေသူများ၏     ဆွေမျိုးသားချင်းများက ပြစ်တင်ဝေဖန်လျက် ရှိသည်။ ဖြစ်နိုင် သမျှ စွမ်းအင်ရင်းမြစ်အကုန် အသုံးချပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တောင်ကိုရီး ယားအစိုးရကလည်း ချေပပြောကြားထား သည်။ သင်္ဘော တိမ်းမှောက်နစ်မြုပ်ချိန်တွင် ရှိသည့် လေတိုက်နှုန်း၊ ရေလှိုင်း၊ တင်လာ သည့် ကုန်စည် ပမာဏနှင့် နေရာချထားပုံ စသည့် သင်္ဘော တိမ်း မှောက်စေနိုင်သည့် အကြောင်းရင်းမှန်    သမျှ စစ်ဆေးလျက်ရှိ သည်။ ၂၀၁၂ နှင့် ၂၀၁၃ ကြားကာလတွင် သင်္ဘော အိပ်ခန်းများကို အသစ်ပြင်ဆင် တပ် ဆင်ခဲ့ရာ ထိုသို့ တပ်ဆင်ခဲ့ခြင်းကြောင့် သင်္ဘော ဟန်ချက်ညီမှုကို ပျက်ယွင်းစေခြင်း ရှိ မရှိလည်း စုံစမ်း စစ်ဆေးလျက်ရှိသည်။

Source: BBC
The Messenger News Journal

နိုင်ငံတော်လျို့ဝှက်ဥပဒေနဲ့တရားစွဲလို့ရတယ် ဆိုသည့်စကား နားလည်မှပြောသင့်ကြောင်း ဦးကျော်မင်းဆွေကပြော


ရန်ကုန်၊ဧပြီ ၂၇။

သက်ဆိုင်ရာဌာနများသို့သတင်းမီဒီယာများလာရောက်သတင်းယူစဉ်အချိန်တွင် နိုင်ငံတော်လျို့ဝှက်ဥပဒေနှင့် တရားစွဲလို့ရတယ်ဆိုသည့်
စကားအား ပြောမည်ဆိုလျှင် လျို့ဝှက်ဥပဒေအကြောင်းကို ကိုယ်တိုင်နားလည်မှသာ ပြောသင့်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီဝင်
ဦးကျော်မင်းဆွေ ကပြောသည်။

“ ပြည်သူ့လွှတ်တော်ကနေ သက်ဆိုင်ရာဌာနအသီးသီးမှာ သတင်းရယူခွင့်နဲ့ပတ်သက်ပြီးတော့ မီဒီယာဥပဒေ တစ်ခုကို ပြဌာန်းထားပြီးပါပြီ။
ဌာနဆိုင်ရာအားလုံးကိုဝင်ရောက်ပြီးတော့ သတင်းယူခွင့်ရှိတယ်။အဲ့ဒီလိုသတင်း သွားယူတဲ့အခါမှာ သတင်းထောက်တွေကို နိုင်ငံတော်လျို့ဝှက်
ဥပဒေနဲ့တရားစွဲလို့ရတယ် ဆိုတာမျိုးအပြင် ၊ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲလို့ရတယ်ဆိုတာမျိုး ပြောမယ်ဆိုရင် သူကိုယ်တိုင် နိုင်ငံတော်လျို့ဝှက်
ဥပဒေနဲ့ ပတ်သက်ပြီးတော့ နားလည်ရမယ်။ နားမလည်ပဲနဲ့တော့မပြောသင့်ဘူး။ နားမလည်ဘဲနဲ့ ပြောမယ်ဆိုရင်တော့ သတင်းသမားတွေ အနေနဲ့ပြန်မေးလိုက်ပါ နိုင်ငံတော်လျို့ဝှက်ဥပဒေဆိုတာဘာလဲ၊ ခင်ဗျားသိလား ဆိုပြီး တော့ ။ တစ်ခုတော့ ရှိတယ် သတင်းထောက်တွေကလည်း
နိုင်ငံတော်လျို့ဝှက် ဥပဒေအကြောင်းကို နားလည်ထားရမယ်။ ဒါမှကိုယ်ကလည်း သူတို့ကိုပြန်ပြောနိုင်မယ်” ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီဝင်
ဦးကျော်မင်းဆွေ က ဆက်လက်ပြောကြားခဲ့သည်။

၂၀၁၄ ဇန်နဝါရီ ၃၀ ရက် နေ့တွင်၊ ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးအား အမှတ်(၂၄) ကာကွယ်ရေး ပစ္စည်းစက်ရုံ
သတင်းဖော်ပြခဲ့မှုကြောင့် ၎င်းစက်ရုံစီမံဌာနမှုး ဗိုလ်မှုးကြီး ကျော်ကျော်ဦးက ပ(၈)/၂၀၁၄ မြန်မာနိုင်ငံ လျို့ဝှက် အက်ဥပဒေပုဒ်မ ၃(၁)(က)/၉ ဖြင့်
မကွေးတိုင်း ပေါက်မြို့မ ရဲစခန်းတွင် ဆက်လက် တရားစွဲခံထားရသည့်အပြင်၊ ပခုက္ကူခရိုင်တရားရုံးတွင် အဆိုပါအမှုနှင့် တရားရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း
သိရသည် ။

၂၀၁၄ ခုနှစ်၊မတ်လ ၁၄ရက်က ပြဌာန်းထားသော သတင်းမီဒီယာဥပဒေ အခန်း(၃)ပိုဒ်ခွဲ(၄-၈)တွင် နိုင်ငံသား တစ်ဦး၏ အခွင့်အရေး ဆုံးရှုံးမှုဆိုင်ရာ
ကိစ္စရပ်များကို ဖော်ထုတ်ရေးသားခွင့် ရှိသည်။ (ဃ)၌ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ အစိုးရရုံး၊ဌာန၊
အဖွဲ့အစည်းများတွင် သတင်း အချက်အလက် ရယူခွင့်၊နေရာထိုင်ခင်းရခွင့်နှင့် ဝင်ထွက် သွားလာခွင့် တို့ရှိသည်ဟုဖော်ပြထားပြီး အပိုဒ် ၆(က)တွင်
ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ အာဏာပိုင် အဖွဲ့အစည်းတစ်ရပ်ရပ် ကဖြစ်စေ၊ အမိန့်ညွှန်ကြား ချက်ဖြင့် လုံခြုံရေး၊အဆင့်အတန်းသတ်မှတ်ထားသော
စာရင်းဇယား၊ဓာတ်ပုံ၊မှတ်တမ်းများအား အများပြည်သူသိခွင့်ရှိသော သတင်းအချက်အလက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများ၌ တောင်းယူကြည့်ရှုခွင့်
ရှိသည်ဟု ပြဌာန်းထားသည်။ ယင်းဖြစ်စဉ်အား ကြည့်ခြင်းအားဖြင့်ဌာနဆိုင်ရာ ရုံးများနှင့်ဝန်ထမ်းများမှာ မကြာသေးမီက ပြဌာန်းထားသော သတင်းမီဒီယာ ဥပဒေအား ကောင်းစွာသိရှိနားလည်ခြင်းမရှိဘဲ ယခင်စနစ်ဟောင်းကအတိုင်း သတင်းမီဒီယာများအပေါ် ပြုမှုတုံ့ပြန်နေသည်ဟုထင်ကြောင်း ဆက်လက်
ပြောကြားခဲ့သည်။  

                                                                           
ချစ်မင်းထွန်း
The Myanma Age

မက်လုံး


“မင်းဒီနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်ရင် အဖေမင်းကိုစက်ဘီးတစ်စီးကောင်းကောင်းဝယ်ပေးမယ်” ဟုဆိုသော အဖေ၏မက်လုံးပြစကားကြောင့် စာမှန်မှန်ကျက်တဲ့ကလေးကိုတွေ့ဖူးသည်။ အဖေ၏ မက်လုံးပြစကားကြောင့် သားဖြစ်သူမှာအားဖြစ်ပြီး ကြိုးစားခြင်းဟုဆိုရပါမည်။ တစ်ချိန်က ဂိမ်းဆိုင်မှ မထသော ကလေးသည်သူ့အဖေစကားကြောင့် ဂိမ်းကစားမည့်အချိန်တွင် ကျောင်းစာမှန်မှန်လုပ်၍ အောင်သွားပြီးစက်ဘီးဝယ်ပေးခဲ့ရသော ဖခင်တစ်ဦးကိုလည်း တွေ့ခဲ့ဖူးပါသည်။

“ငါ့တူမ ဒီနှစ်ဆယ်တန်းကိုအမှတ်ကောင်းကောင်းနဲ့အောင်ခဲ့ရင် ဦးလေးဆေးကျောင်းထားပေးမယ်” လို့ ဦးလေး၏မက်လုံးပြစကားကြောင့် ငါးဘာသာဂုဏ်ထူးနှင့် အောင်ခဲ့သောမဝိုင်းချစ်တစ်ယောက်ကို လည်းတွေ့ခဲ့ဖူးပါသည်။ မဝိုင်းချစ်သည် နံနက်ဘက်သူ၏အမေနှင့်အတူ ရပ်ကွက်အတွင်းတစ်လမ်းဝင် တစ်လမ်းထွက် ကုန်စိမ်းလိုက်ရောင်းပြီး ကျူရှင်မယူပါသော်လည်း မှန်မှန်စာရေးပြီးကျက်၍ဖြေဆိုခဲ့ရာ ငါးဘာသာဂုဏ်ထူးရသည့်အတွက် ၎င်းတို့နေသောရပ်ကွက်တွင်းမှ ရပ်မိရပ်ဖများသည်ရပ်ကွက်တွင်း သဒ္ဓါကြေးလိုက်ကောက်ပြီး ငွေဆယ်သိန်းကျော်နှင့် ဂုဏ်ပြုခံရသူဖြစ်သည်။

မဝိုင်းချစ်၏အောင်မြင်မှုသည် ၎င်းအတွက်ပင်မက သူ့အမေ၏ဘဝကိုပင် ပြောင်းလဲသွားစေပါသည်။ အဘယ်ကြောင့်ဆိုသော် မဝိုင်းချစ်အမေမှာ အစ်ကိုတစ်ယောက်ရှိပြီး ငွေကြေးချမ်းသာသူဖြစ်သည်။ ညီမဖြစ်သူမှာ သူမကြိုက်သည့်သူနှင့် ခိုးရာလိုက်ပြေးခဲ့မှုကြောင့် လုံးဝပစ်ထားခဲ့ပါသည်။ မဝိုင်းချစ်အ မေမှာ နယ်တွင်အိမ်စုတ်ကလေးနှင့်နေပြီး ကုန်စိမ်းရောင်းကာ ဆင်းဆင်းရဲရဲနေရသူဖြစ်သည်။ မဝိုင်းချစ်ဆယ်တန်းကို ထူးထူးချွန်ချွန် အောင်မြင်သည်ဟုကြား၍ လာပြီးညီမ၏မိသားစုကို ရန်ကုန်သို့ ခေါ်ကာတိုက်နှင့်ထားသည်။ ယောက်ဖကိုလည်း အလုပ်ထဲထည့်ပြီး စောင့်ရှောက်ထားသည်ကို တွေ့ရပါသည်။ ဤသို့မက်လုံးပြစကားကြောင့် ကြိုးစားသူများအဖို့ထိရောက်သော လက်နက်တစ်ခုဖြစ် ကြောင်းအထင်းသားမြင်ရပါသည်။

သို့သော် အချို့သော မက်လုံးများ၏ အကျိုးသက်ရောက်မှုမှာ လူအချို့ကို ထိခိုက်နစ်နာသည်ကိုလည်း တွေ့ရပြန်ပါသည်။ ပမာဆောင်သော် ဟိုး…..တစ်ချိန်က အရက်ကြော်ငြာအချို့တွင် သူ၏အရက် (အဖျော်ယမကာ) ကိုမသောက်သောက်အောင် မက်လုံးပေးကြော်ငြာကြသည့်အတွက် ကျွန်တော့် အိမ်နားက ချာတိတ်တစ်ယောက် နှစ်နှစ်လောက် ပေါက်လိုပေါက်ငြား ဆက်သောက်ခဲ့ရာ ဆေးရုံ ရောက်သွားသည်ကို တွေ့ရပါသည်။ စီးပွားရေးသမားအချို့သည် ၎င်းတို့ပစ္စည်းအားမသုံးသုံးချင် အောင်မက်လုံးပေး ကြော်ငြာကြသည်မှာ သူ့အလုပ်သူလုပ်ခြင်း ဖြစ်သည့်အတွက် မပြောသာပါ။ သောက်သုံးသူတို့ကသာ ချင့်ချင့်ချိန်ချိန် သုံးဆောင်သင့်ပါသည်။

“ပြုံးတုံးတုံးနှင့် မြှုံးမိတဲ့ငါးပမာ” ဆိုသောစကားကို ကြားဖူးပါလိမ့်မည်။ မြှုံးထဲမိနေသော ငါးကပြုံးနိုင်ပါ့ မလားလို့ မေးဖွယ်ရာလည်းရှိပါသည်။ တံငါသည်သည် မြှုံးထဲတွင် အစာကို (မက်လုံးပြ) ထည့်၍ ငါးကိုဖမ်းယူရန်အကြံဖြင့် မြှုံးထောင်ခြင်းအမှုကိုပြုရာ ကိုရွှေငါးသည် တံငါသည်၏ မက်လုံးပေးဖြား ယောင်းထားသည်ကို မသိရှာပါ။ အဆိုပါအစာကိုစားလိုသောစိတ်ဖြင့် မြှုံးအတွင်းသို့ဝင်ခဲ့သည်။ မြှုံးအ တွင်းအစာများကို အားရပါးရစားသုံး၏။ ထိုအခါမြှုံးဘေးမှ အခြားငါးများလာရာတွင် မြှုံးအတွင်းမှငါး သည်ဒီအစာများကို သူတစ်ကောင်းတည်းသာ စားရသည်ဟု မာန်နှင့်ပြုံးတုံးတုံးလုပ်ပြသည်။ ဤသည် ကိုပညာရှိတို့က ပြုံးတုံးတုံးနှင့်မြှုံးမိတဲ့ငါးပမာလို့ မိမိကျရောက်လာမယ့် ဘေးကိုမသိပျော်သလိုနေသူ များကို ဆုံးမစကားတစ်ခုအဖြစ် ထားခဲ့ခြင်းဖြစ်သည်။ အဆိုပါမြှုံးအတွင်းမှ ပြုံးတုံးတုံးလုပ်နေသော ငါးသည်တံငါသည် မြှုံးလာဖော်၍ ၎င်းအားခေါင်းထုမည်ကို မသိရှာဘဲပြုံးနိုင်ခြင်းဖြစ်သည်။

ယခုခေတ်မှာ မြှုံးထဲကငါးတွေများနေသည်ဟု ထင်ပါသည်။ တစ်လုံး၊ နှစ်လုံး၊ သုံးလုံးတို့သည်လည်း တောရောမြို့ပါ မြန်မာပြည်အနှံ့ ပျံ့နှံ့နေသည်မှာလည်း ခေတ်မီတိုးတက်သော နိုင်ငံတော်တည် ဆောက်ရာတွင် အဟန့်အတားများဖြစ်နေသည်ဟု မြင်ပါသည်။ လူငယ်လူရွယ်များသာမက လူကြီး သူမများအထိ အလောင်းအစား စိတ်ဓာတ်များ လွှမ်းမိုးနေခြင်းသည် ရင်လေးဖွယ်ဖြစ်ပါသည်။

ထို့ကြောင့် အချို့မက်လုံးကြော်ငြာများသည် အန္တရာယ်ကိုဖိတ်ခေါ်နေသည့် မက်လုံးများဖြစ်၍ သုံးဆောင်သူများကသာ ဆင်ခြင်သုံးဆောင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကြေးမုံသတင်းစာ-ဧပြီလ(၂၁) ရက်၊ ၂၀၁၄ ခုနှစ်
မောက္ခ ပညာရေး

ဦးပိုင်နှင့် MEC ကို သတ္တုလုပ်ကွက်များ ဦးစားမပေးတော့ဟုဆို



 ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ အပါအ၀င် သတ္တုတူးဖော်လုပ်ကိုင်ခွင့်များနှင့် ပတ်သက်၍ မြန်မာ့စီးပွားရေးဦး ပိုင်လီမိတက်(ဦးပိုင်) နှင့် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို ယခင်ကကဲ့သို့ ဦးစားပေးလုပ်ကိုင်ခွင့်   ပေးမည်မဟုတ် ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန် က ပြောသည်။

‘‘အရင်ကတော့ ဟုတ်ရင် ဟုတ်မယ်။ နောက်ပိုင်းကို တခြား ကုမ္ပဏီတွေနဲ့ တန်းတူလုပ်ကိုင် ခွင့်ကို ၀င်ရောက်အရွေးချယ်ခံရ မယ်’’ ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် အစိုးရလက် ထက်က ပြည်တွင်းမှ သတ္တုတူး ဖော်သည့် ကုမ္ပဏီအများစုသည် စစ်တပ်အသိုင်းအ၀ိုင်းနှင့် ဆက် နွှယ်နေသော စီးပွားရေးလုပ်ငန်း ရှင်များ ဦးစီးလုပ်ကိုင်နေသည့် ဦးပိုင်နှင့် MEC အစရှိသော ကုမ္ပ ဏီများနှင့် ယှဉ်ပြိုင်ရပါက လုပ် ကိုင်ခွင့် အနည်းငယ်သာ ရရှိခဲ့ သောကြောင့် ယခုကဲ့သို့ အစိုးရ က မျှတစေရန် ပြန်လည်ပြင်ဆင် ပေးလိုက်ခြင်းဖြစ်သည်ဟု ဆို သည်။

လက်ရှိတွင် ဦးပိုင်နှင့် MEC ကုမ္ပဏီတို့ သတ္တုတူးဖော်ရေး လုပ်ကွက်များရှိသည့်  ဖားကန့် ဒေသမှ လုပ်ကွက်များ၊  မိုးကုတ် မိုင်းရှူးဒေသမှ ပတ္တမြားနှင့် နီလာ တူးဖော်ရေး လုပ်ငန်းများရှိ ၎င်း တို့ပိုင်လုပ်ကွက်များမှာ သက် တမ်းအားဖြင့် ကုန်ဆုံးနေပြီဖြစ်သောကြောင့် လက်ရှိကာလပေါက်ဈေးမပေးနိုင်ပါက အခြား ကုမ္ပဏီများသို့   လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးတော့မည်ဖြစ်ကြောင်း ဦးဝင်းထိန်က ဆက်လက်ပြောသည်။

  အဆိုပါ ဦးပိုင်နှင့် MEC ကုမ္ပဏီတို့၏  သက်တမ်းကုန် လုပ်ကွက်များမှာ  လစဉ် နိုင်ငံပိုင် သတင်းစာများမှ ခေါ်ယူလျက်ရှိ ပြီး လက်ရှိပေါက်ဈေးအတိုင်း ပေးနိုင်မည့် ကုမ္ပဏီများအနေဖြင့် လျှောက်ထားမှုအချို့ ရှိသော် လည်း ယခုထက်တိုင် အကြောင်း မပြန်သေးကြောင်း Golden Dragon သတ္တုတူးဖော်ရေး ကုမ္ပ ဏီမှ လုပ်ငန်းရှင် ဦးစိုင်းသီဟန် နိုင်က ဆိုသည်။

အချို့သော လုပ်ကွက်များ မှာ   ကချင်ပြည်နယ်အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး လုပ် ငန်းများဖြစ်ပြီး  တိုက်ပွဲဧရိယာ များတွင်  ပါဝင်နေခြင်းကြောင့် မူလပေါက်ဈေးအတိုင်း လုပ်ကွက် ကို လွှဲပြောင်းရယူနိုင်သော်လည်း တူးဖော်လုပ်ကိုင်ခွင့် မပေးသေး ၍ မည်သည့်လုပ်ငန်းရှင်ကမှ လုပ်ကိုင်ရယူလိုခြင်းမရှိကြောင်း အထက်ပါ လုပ်ငန်းရှင်က ပြော သည်။

  ယခင်က ဦးပိုင်နှင့် MEC ကုမ္ပဏီတို့သည် အငြိမ်းစားသက်ကြီး  စစ်သားများအတွက်အထောက်အပံ့များ ပေးအပ်နေသည့် ကုမ္ပဏီဖြစ်သောကြောင့် အစိုးရ က ဦးစားပေးလုပ်ကိုင်ခွင့် မကြာခဏ ချထားပေးခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြလေ့ရှိသည်။

7Day Daily

အိန္ဒိယနိုင်ငံ၏ အသက်အငယ်ဆုံး CEO နှစ်ယောက်


အိန္ဒိယနိုင်ငံ၏ အသက်အငယ်ဆုံး CEO နှစ်ယောက် ချာရာဘန် အသက် ၁၀ နှစ်  ဆန်ဂျေကူမာရာ အသက် ၁၂ နှစ် ဖြစ်ပါတယ်။ ကျောင်းကတော့ ညီဖြစ်သူက ၆ တန်း အကိုဖြစ်သူက ၈ တန်းပါ။

၎င်းတို့ ညီအကို နှစ်ယောက်ဟာ အိန္ဒိယနိုင်ငံ၏ အသက်အငယ်ဆုံး CEO ဖြစ်တယ်လို့ သိရပါတယ်။ ဒီလောက် အသက်ငယ်ငယ် လေးနဲ့ CEO ဖြစ်သွားရတဲ့ အကြောင်းရင်း ကတော့ ဒီလိုပါ။ ညီအကိုနှစ်ယောက်ဟာ မိုဘိုင်းဖုန်း အတွက် Application ကို တီထွင် ဖန်းတီးခဲ့တယ်လို့ သိရပါတယ်။

သူတို့ တီထွင်ဖန်တီး လိုက်တဲ့ Application ကို အိန္ဒိယနိုင်ငံ မှာတင် အသုံးပြုတာ မဟုတ်ဘဲ နိုင်ငံပေါင်း ၂၀ ကတောင် အသိအမှတ်ပြု သုံးစွဲတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ထို Application ကို download စွဲသူပေါင်း ကလည်း အတော်လေးပင် များကြောင်း သိရပါတယ်။ Application အမည် ကတော့ Go Dimension ဖြစ်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

လားရှိုးမြို့ ရေပေးဝေရေး ရေကန်တစ်ကန်တွင် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံး


လားရှိုး၊ ဧပြီ ၂၅

ဧပြီလ ၂၄ရက်နေ့ ၊ နံနက် ၈နာရီခန့် က လားရှိုးမြို့ ၊ ရပ်ကွက် (၅)၊ ရေကန်တောင်၊ ရေကန်အမှတ် (၃) တွင် အမည်မသိ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးနေသည်ကို တွေ့ ရှိခဲ့ရကြောင်း သိရသည်။

သန်းခေါင်စာရင်းကောက်ရေး မနှောင့်ယှက်ခဲ့

အတိုက်အခိုက် ခံခဲ့ရတဲ့ ယူနီဆက်ဖ်ရုံး

စစ်တွေမြို့မှာ ဒေသခံတွေ ဟာ ကုလသမဂ္ဂ နဲ့ အန်ဂျီအို ရုံးတွေ ကို တိုက်ခိုက်ခဲ့ တဲ့ ဖြစ်ရပ်ဟာ၊ သန်းခေါင်စာရင်း ကောက်ခံမှု ကို အနှောင့်အယှက် ပေးဖို့ ရည်ရွယ်ခဲ့ပုံ ရကြောင်း၊ ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှုးချူပ် ဘန်ကီးမွန်းက၊ မကြာခင် ရက်ပိုင်းကပဲ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ Partnershio on Myanmar ရဲ့ အစည်းအဝေး မှာ ပြောဆိုခဲ့ပါတယ်။ အစိုးရ အနေနဲ့ မြန်မာပြည်တွင်းမှာ၊ လူမျိုးဘာသာ မရွေးပဲ၊ ကာကွယ် စောင့်ရှောက်မှု ပေးဖို့လည်း၊ သူကတောင်းဆိုခဲ့တဲ့ အပြင်၊ ရိုဟင်ဂျာတွေထဲက နိုင်ငံသား ဖြစ်သင့်သူတွေ ကို၊ အချိန်မဆွဲ ပဲ၊ စီစစ်ဆောင်ရွက် ပေးဖို့ တိုက်တွန်း ခဲ့ပါတယ်။

ရခိုင် တိုင်းရင်းသားတွေ ဘက်က တော့၊ မစ္စတာ ဘန်ကီမွန်းရဲ့ ပြောဆိုချက်တွေ ဟာ၊ ဒေသခံတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ဖက် ဖြစ်နေတယ် လို့ တုန့်ပြန်ခဲ့ပါတယ်။

ရခိုင် တိုင်းရင်းသားတွေ အနေနဲ့၊ အသိအမှတ်ပြုခြင်း မရှိတဲ့ မျိုးနွယ်စု နာမည်တစ်ခုကိုသာ၊ သန်းခေါင်းစာရင်း ကောက်ခံရာမှာ၊ မထည့်သွင်းဖို့ တောင်းဆိုခဲ့တာ ဖြစ်ပြီး၊ သန်းခေါင်းစာရင်း ကောက်ခံမှု လုပ်ငန်းစဉ်ကြီး တစ်ခုလုံး အပေါ်၊ အနှောက်အယှက် ပေးခြင်း မရှိခဲ့ဘူးလို့၊ စစ်တွေမြို့က မြို့မိမြို့ဖ တစ်ဦးဖြစ်တဲ့ အငြိမ်းစား ကျောင်းဆရာဟောင်း ဦးသန်းထွန်းက၊ ဘီဘီစီကို ပြောပါတယ်။

နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ် အတွင်း နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့တွေ အတိုက်အခိုက် ခံရမှု ဖြစ်ပွားခဲ့ခြင်းဟာလည်း၊ သန်းခေါင်းစာရင်း ကောက်ခံမှုနဲ့ မသက်ဆိုင်ကြောင်း ဦးသန်းထွန်းက ဆိုပါတယ်။

ဒါပေမယ့် အဲဒီ့ အကူအညီ ပေးရေး အဖွဲ့တွေဟာ၊ ရခိုင်ပြည်နယ်အတွင်း နှစ်ကာလ ကြာမြင့်စွာ သူတို့ရဲ့ အလုပ်တွေကို လုပ်ကိုင်ခဲ့ကြတဲ့ တလျှောက်လုံး၊ ဒေသခံတွေရဲ့ အကျိုးထက်စာရင်၊ တစ်ဘက်နိုင်ငံမှ ဝင်ရောက် လာသူတွေကိုပဲ ခွဲခြား ကူညီမှုတွေ ပြုခဲ့ကြတယ် ဆိုပြီး ဦးသန်းထွန်းက မှတ်ချက် ပြုခဲ့ပါတယ်။

အဲဒီ့ အကူအညီပေးရေး အဖွဲ့က ဝန်ထမ်း တချို့ဟာလည်း ရိုဟင်ဂျာ စကားလုံးကို တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုရေးလို ကိစ္စမှာ၊ နိုင်ငံရေး ကြံရွယ်ချက် ရှိရှိနဲ့ စွက်ဖက်မှုတွေ ရှိခဲ့တယ်လို့လည်း ဦးသန်းထွန်းက ပြောပါတယ်။ နိုင်ငံတကာ အဲန်ဂျီအိုတွေ ရဲ့ လှုပ်ရှားမှုတွေကို၊ သက်ဆိုင်ရာ အစိုးရ ဝန်ကြီး ဋ္ဌဌာနတွေရဲ့ ထိန်းချူပ်မှု အောက်မှာ၊ ဆောင်ရွက်ခွင့် ပြုသင့်တယ် လို့လည်း သူ့ရဲ့ သဘောထားကို ဦးသန်းထွန်းက ပြောဆို ခဲ့ပါတယ်။

BBC Burmese

မုံရွာမြို့ သလ္လာရပ်ကွက်နေအိမ်မှ ၀ါယာရှော့ဖြစ်ပွားကာ နေအိမ်(၂၃)လုံးခန့် မီးလောင်ကျွမ်း


၂၅. ၄. ၂၀၁၄ ည( ၁၁)နာရီအချိန်ခန့် တွင်မုံရွာမြို့ သလ္လာရပ်ကွက် သလ္လာအမှတ်(၄) ရပ်တွင် ဦးကျော်မြင့် ဒေါ်သင်းသင်းဟန် တို့ ၏ နေအိမ်တွင် အိမ်ငှား ငှားရမ်း နေထိုင်သူဦးဘိုဌေး ဆိုသူ ၏ နေအိမ် မှ

လေစုပ်ပန်ကာ အပူလွန်လောင်သည့်မီး နေအိမ်ခြောက်လုံးကုန်

မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေသူများက မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ - နစ်ကီ)

လှိုင်မြို့နယ်အတွင်းရှိ မွေ့ရာလုပ်ငန်း လုပ်ကိုင်သည့် နေအိမ်တွင် လေစုပ်ပန်ကာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားရာ စုစုပေါင်း နေအိမ် ခြောက်လုံး မီးလောင်ဆုံးရှုံး ခဲ့သည်။

လှိုင်မြို့နယ် ၁၃ ရပ်ကွက် ၆ လမ်းရှိ မွေ့ရာလုပ်ငန်းလုပ် ကိုင်သော အိမ်တစ်အိမ်တွင် ဧပြီ ၂၆ ရက် နေ့လယ် ၃ နာရီအချိန် ခန့်က ယင်းအိမ်ရှိ လေစုပ်ပန်ကာ အပူလွန်ကဲရာမှ တစ်ဆင့် မီးစ လောင်ခဲ့ပြီး အနီးရှိ အိမ်များကို မီးကူးစက်ခဲ့ရာ အိမ်ခြောက်လုံး မီးလောင်ဆုံးရှုံး ခဲ့ခြင်း ဖြစ်သည်။

မိနစ်လေးဆယ်ခန့်အကြာ တွင် မီးငြှိမ်းသတ်နိုင်ခဲ့သော် လည်း နောက်ဆုံးကူးစက်လောင် ကျွမ်းခဲ့သည့် အိမ်ခေါင်မိုးမှ မီး ကြွင်းမီးကျန်များကိုမူ ဆက်လက် ငြှိမ်းသတ်ခဲ့ရသည်။

‘‘မီးကို ကျိတ်ပြီး ငြှိမ်းနေလို့။ အစောကြီးကတည်းက သိရင် ဒီလောက် ဆုံးရှုံးခဲ့မှာမဟုတ်ဘူး။ မီးသတ်တွေကလည်း ရောက်တဲ့အချိန်ကတည်းက တန်းမငြှိမ်းဘူး။  အမိန့်စောင့်နေရတာထင်တယ်’’ ဟု မီးလောင်မှုတွင် ပါဝင်ငြှိမ်း သတ်ခဲ့သည့် အဆိုပါရပ်ကွက် တွင် နေထိုင်သူတစ်ဦးက ပြော သည်။

မီးစတင်လောင်သည့် အိမ် အနီးတွင် နေထိုင်သည့် အမျိုးသ မီးတစ်ဦးကလည်း ၎င်းတို့သည် လွန်ခဲ့သည့် ကိုးနှစ်ခန့်က လှိုင် ၁၃ရပ်ကွက် မီးလောင်မှုကို ကြုံခဲ့သူများဖြစ်ကာ ယခုတစ်ကြိမ် ထပ်မံဆုံးရှုံးရပါက ပြန်၍ နာလန်ထူနိုင်တော့မည်မဟုတ်ကြောင်း ပြောသည်။

‘‘တော်သေးတယ်။ ဒီတစ်ခါ သာထပ်ပါရင် နာလန်ထူတော့မှာ မဟုတ်ဘူး’’ဟု ၎င်းကပြောသည်။

မီးလောင်မှုဖြစ်ပွားသည့် ပတ်ဝန်းကျင်တွင် အိမ်များ အလွန်နီးကပ်နေသောကြောင့် ယင်းရပ်ကွက်နှင့် အနီးအနားတွင် နေထိုင်သူများမှာ စိုးရိမ်ထိတ်လန့်ခဲ့ကြပြီးအထုပ်များပြင်ဆင်ခဲ့ကြသည်။

‘‘သုံးနာရီလောက်မှာ သိ တာ။ သိတဲ့အချိန်အိမ်ပေါ်တက် ကြည့်တော့ မီးတွေက အပြင် တောင်ထွက်နေပြီ။ အဲဒါနဲ့ ဘာ လုပ်ရမှန်းကို မသိတော့ဘူး။ အထုပ်တွေ အဆင်သင့်ပြင်ထား ပြီး အိမ်ရှေ့ကို ပစ်ချထားတာ’’ ဟု မီးလောင်သည့် အိမ်၏ ခြေ ရင်းဘက်တွင်နေထိုင်သော အသက် ငါးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။

မီးသတ်ယာဉ်အစီးလေး ဆယ်နှင့် မီးသတ်တပ်ဖွဲ့ဝင်သုံး ရာခန့် လာရောက်မီးငြှိမ်းသတ်ခဲ့ ပြီး မီးစတင်လောင်ခဲ့သည့် အိမ် ရှင်ဖြစ်သူကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Author: ခန့်ထက် / ဇွဲဉာဏ်
7Day Daily


သင်္ဘောနစ်မြှုပ်မှုအပေါ် အစိုးရတုံ့ပြန်မှု ညံ့ဖျင်းတာကြောင့် တောင်ကိုရီးယားဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်

တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်ဟွန်းဝမ်

တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်ဟွန်းဝမ်က သူ့ရာထူးက နှုတ်ထွက်ကြောင်း ဧပြီလ ၂၇ ရက်နေ့က ကြေညာလိုက်ပါတယ်။

ဧပြီ ၁၆ ရက်နေ့က သင်္ဘောနစ်မြှုပ်မှုအပေါ် အစိုးရတုံ့ပြန်မှု ညံ့ဖျင်းတဲ့ရာထူးက နှုတ်ထွက်တာလို့ ဆိုပါတယ်။ ဒါဟာ သင်္ဘောပေါ်က လူအားလုံးကို ဖယ်ထုတ်အပြီး ပထမဆုံး ကြေညာချက်ပါ။ သူ့ရဲ့ နှုတ်ထွက်မှုကို သမ္မတက အတည်ပြုရဦးမှာ ဖြစ်ပါတယ်။

အင်ချုံမြို့ကနေ အားလပ်ရက်အပန်းဖြေရာ ဂျဲဂျု ကျွန်းကို ပြေးဆွဲတဲ့ ဒီသင်္ဘောဟာနစ်မြှုပ်စဉ်က လူ ၄၀၀ ကျော်ကို တင်ဆောင်ထားတာပါ။ လူ ၃၀၀ ကျော်ကတော့ ဒန်ဝမ် အထက်တန်းကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေပါ။
ဧပြီလ ၂၇ ရက်နေ့ အတည်ပြုချက်အရ အလောင်း ၁၈၇ လောင်းကို ရှာတွေ့ထားပါပြီ။ ကလေးတွေဟာ နောက်ထပ် အမိန့်ကို စောင့်နေတုံး သူတို့အခန်းတွေထဲမှာ နေခိုင်းတာ ခံခဲ့ရပါတယ်။

ကျနော့်အတွက် မှန်မှန်ကန်ကန်လုပ်ရမယ့်အရာက တာဝန်ယူဖို့နဲ့ အစိုးရတာဝန်ခံဖြစ်တဲ့ ကျနော်က နှုတ်ထွက်ဖို့ပါ။ ဒါဟာ တောင်းပန်တဲ့ နည်းလမ်းလို့ ထင်တယ်။ ကပ်ဘေးကို စောစောကိုင်တွယ်ဖို့ မတော်တဆ မဖြစ်အောင် ကာကွယ်ရာမှာ ပြဿနာတွေ အများကြီးရှိခဲ့လို့ အစိုးရကိုယ်စား တောင်းပန်ပါတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

သင်္ဘောမှောက်အပြီး နောက်နေ့မှာ ၀န်ကြီးချုပ်က ၀မ်းနည်းနေတဲ့ မိဘတွေဆီကို သွားရောက် လည်ပတ်ရာမှာတော့ သူ့ကို ၀ိုင်းအော်ခဲ့ကြပြီး တယောက်ကတော့ ရေသန့်ဗူးနဲ့ ပစ်ပေါက်ခဲ့ ပါတယ်။

သင်္ဘောမှောက်ပြီး နာရီပိုင်းအကြာမှာ ဒန်ဝမ် အထက်တန်းကျောင်းသားတွေ အားလုံး ကယ်တင်ပြီးပြီလို့ မိဘတွေဆီကို ဂျောင်ဂိဒို ခရိုင်ပညာရေးရုံးက ဖုန်းမက်ဆေ့ခ်ျ ပေးပို့ခဲ့တယ်လို့ မီဒိယာက အစီရင်ခံပါတယ်။

အစိုးရအတွင်း သြဇာအရှိဆုံးသမ္မတက ပျောက်ဆုံးသူတွေရဲ့မိသားစုတွေ ခေတ္တနားခိုရာ အားကစားရုံကို သွားရောက် လည်ပတ်စဉ်က ဆွေမျိုးတချို့က မကျေမနပ် အော်တာ ခံခဲ့ရပါတယ်။

DVB Burmese 

အန္တရာယ်ရှိသော လိင်ဆက်ဆံမှုဆီ ဦးတည်စေသည့် အရက်-အချိုရည် ရောစပ် သောက်သုံးမှု


အရက်နှင့် အားဖြည့် အချိုရည်များ ရောစပ် သောက် သုံးမှုမှ နေ၍ အမေရိကန် ကောလိပ် အရွယ် ကျောင်း သားများတွင် လိင်ကိစ္စ ကိုလွယ်လွယ်သဘော ထား
ခြင်းနှင့် အန္တရာယ်ရှိသော ပြုမူမှုပိုများလာကြောင်း အမေရိကန်သုတေ သနတစ်ရပ်က တွေ့ရှိခဲ့သည်။

ယင်းသို့ ရောစပ်သောက်သုံး မှုကြောင့် အမေရိ ကန်
နိုင်ငံ ကောလိပ်ကျောင်းအများအပြား တွင် ဖြစ်ပေါ်
နေသော နောက်ကြောင်း ရာဇဝင်မသိသူများနှင့် အလွယ် တကူ လိင်ဆက်ဆံသော ယဉ် ကျေးမှုကို ပံ့ပိုးပေးခြင်းဖြစ်နိုင် ကြောင်း နယူးယောက်ပြည်နယ် ဘတ်ဖလိုး တက္ကသိုလ်မှ သုတေ သီကက်သလင်းအီးမီလ်လာက ပြောကြားသည်။

ကဖိန်းဓာတ်ပါသော အချို ရည်များကြောင့် အရက်သောက် သုံးမှုကို လွန်ကဲသွားစေကြောင်း ကဖိန်း ဓာတ်ကြောင့် မိမိမည်မျှ မူးနေသည်ကို မခန့်မှန်းနိုင်တော့ ကြောင်း ယင်းမှနေ၍ နောက် ကြောင်း ရာဇဝင်မသိသူများနှင့် လိင်ဆက်ဆံခြင်းဆီသို့ ဦးတည် နိုင်ကြောင်း သုတေသီများကပြောကြားသည်။

သာမန်အချိန်များတွင် ယင်း သို့သော လိင်ဆက်ဆံဘက်များ နှင့် ဆုံစည်းချိန်တွင် ကွန်ဒုံးကဲ့သို့ အကာအ ကွယ်ပစ္စည်းများ အသုံး ပြုသော်လည်း အမူးလွန်နေ၍ အကာအကွယ်ပစ္စည်းသုံးစွဲမှုနည်း ပါးသွားလေ့ရှိရာ လိင်မှ ကူးစက် သော ရောဂါများနှင့် မလိုလား သော သန္ဓေတည်ခြင်း စသော အန္တရာယ်များ မြင့်တက် လာ သည် ဟု သုတေသီများက ကဖိန်း သုတေသနဂျာနယ်တွင် ဖော်ပြ ထားသည်။

Credit: original article owner

လှိုင်မြို့နယ် ၁၃ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ခြောက်လုံးမီးလောင်ကျွမ်း

မီးလောင်ကျွမ်းမှု ဖြစ်ပွားနေသည့် နေအိမ်တစ်လုံးကို မီးငြိမ်းသတ်နေစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်တွင် ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ လှိုင်မြို့နယ် ၁၃ ရပ်ကွက် သီရိမြိုင်လမ်းနှင့် ပန်းခြံကျောင်းလမ်းထောင့်ရှိ နေအိမ်တစ်လုံးမှ ညနေ ၃ နာရီခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို စိစစ်နေဆဲဖြစ်ကြောင်း လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မီးလောင်ကျွမ်းရာသို့ လှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့အပါဝင် အခြားမြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင် ၂၅၀ ခန့်၊ မီးသတ်ယာဉ် အစီး ၂၀ ဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ကြပြီး ညနေ ၃ နာရီခွဲခန့်တွင် မီးငြှိမ်းသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။

မီးလောင်ကျွမ်းရာသို့ လာရောက်ငြှိမ်းသတ်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက “မီး ဘာကြောင့်လောင်လဲဆိုတာတော့ မသိသေးပါဘူး။ အိမ်ခြောက်လုံး လောင်သွားတယ်” ဟု ပြောကြားသည်။

ထိုသို့ မီးစတင်လောင်ကျွမ်းခဲ့သည့် အိမ်အမှတ် ၁၉ (အေ) မှ အိမ်ထောင်ဦးစီး ဖြစ်သူအား လှိုင်မြို့မရဲစခန်းမှ (ပ)၂၃၈/၁၄၊ ပုဒ်မ- ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားသည်။

Eleven Media Group
Written by: ဥာဏ်ဝင်းရှိန်၊သက်မင်း

ယူကရိန်း ခွဲထွက်ရေးသမားခေါင်းဆောင်က သူပုန်တွေနဲ့ နိုင်ငံတကာလေ့လာသူတွေ လဲလှယ်ရန် ပြော

ယူကရန်း အရှေ့ဘက် စလာဗီယန့်မြို့က ကိုယ့်ကိုယ်ကို မြို့တော်ဝန်လို့ ကြေညာထားသူ ခွဲထွက်ရေးခေါင်းဆောင် ဗီချေဆလာ့ဗ် ပိုနိုမာရော့ဗ်

ယူကရိန်းအရှေ့ဘက် စလာဗီယန့်မြို့က ခွဲထွက်ရေးသမားခေါင်းဆောင်က သူတို့တွေဟာ ယူကရိန်း အာဏာပိုင်တွေ ထိန်းသိမ်းထားတဲ့ သူတို့နောက်လိုက်သူပုန်တွေနဲ့ နိုင်ငံတကာ လေ့လာသူအုပ်စုကို လဲလှယ်ဖို့ အဆင်သင့်ပဲလို့ ဧပြီလ ၂၆ ရက်နေ့က ပြောပါတယ်။

စလာဗီယန့်မြို့က ကိုယ့်ကိုယ်ကို မြို့တော်ဝန်လို့ ကြေညာထားသူ ခွဲထွက်ရေးခေါင်းဆောင် ဗီချေဆလာ့ဗ် ပိုနိုမာရော့ဗ်က သတင်းထောက်တွေကို ပြောလိုက်တာပါ။ ဒါပေမယ့် ဖလှယ်ရေးအတွက် လေ့လာသူတွေကို ဖမ်းတာကတော့ ကြိုတင်စီစဉ်ထားတာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ အကျဉ်းသားဖလှယ်တာဟာ စစ်ဖြစ်နေချိန်မှာ လုပ်နေကျ နိုင်ငံတကာ ဓလေ့ပါပဲ ကြောက်စရာမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
အဖမ်းခံရသူတွေ အားလုံး အခြေအနေကောင်းတယ် တယောက်ကတော့ ဆီးချိုဖြစ်နေလို့ ဆေးသောက်နေတယ်။ အသည်းအသန် အခြေအနေ မဟုတ်ဘူး ဆေးရော အစားအသောက်ပါ ရှိတယ် သူတို့ကို ကောင်းကောင်းထားတယ် ခြိမ်းခြောက် အကျပ်ကိုင် အနိုင်ကျင့်တာ မလုပ်ဘူးလို့ သူက ပြောပါတယ်။

သူတို့တွေဟာ ကျနော်တို့ပိုင်နက်ထဲ ခွင့်ပြုချက်မရဘဲ ၀င်လာတဲ့ စစ်သားတွေဖြစ်တယ်။ သူတို့ ဘယ်သူတွေဖြစ်တယ် ဘာရည်ရွယ်ချက်အတွက် ဘာတွေလုပ်ဖို့ ဒီကိုလာတယ်ဆိုတာ မသိသေးဘဲ သူတို့ကိုဘာလုပ်မယ်ဆိုတာ ကျနော်တို့လည်း မသိသေးဘူးလို့ သူက ဆက်ပြောပါတယ်။

ရုရှအစိုးရကတော့ နိုင်ငံတကာ လေ့လာသူတွေကို ပြန်လွှတ်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဘာမှ မဆက်သွယ်သေးဘူးလို့ ပြောပါတယ်။ ဂျာမနီအစိုးရအရာရှိ သတင်း ရင်းမြစ်ကတော့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က ညှိနှိုင်းရေးအသင်းက လေ့လာသူတွေ ပြန်လွတ်ရေး ဘေးကင်းစေရေး ကြိုးစားဖို့ သွားနေပြီလို့ ဆိုပါတယ်။

DVB Burmese 

ရေပေါ်မှာ မီးလောင် (ရုပ်/သံ)


ကြားရတာ ရေပေါ်မှာ လောင်တဲ့မီးဆိုတော့ နည်းနည်းတော့ ထူးဆန်းပါတယ်။ ဒါမေပယ့် တစ်ကယ်ရေပေါ်မှာလောင်တာပါ။ ဒါဆို သူ့နောက်ကွယ်မှာ အကြောင်းအရာ တစ်ခုတော့ ရှိရမှာပေါ့။

ဟုတ်ပါတယ် ဒါပေမယ့် ဘာကြောင့်လဲဆိုတာမပြောခင် ဖြစ်ပွားခဲ့တဲ့နေရာကို အရင်ပြောချင်ပါတယ်။ အီရတ်နိုင်ငံ ဘက္ကဒတ် မြောက်ပိုင်းက မြစ်လက်တက် တစ်ခုမှာ ဧပြီ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။

Islamic State of Iraq and ash Sham (ISIS) အကြမ်းဖက်အဖွဲ့က အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ ဆီပိုက်လိုင်းတွေကို ဖျက်ဆီးလိုက်ရာက ဆီပမာဏတော်တော်များများဟာ ၎င်းမြစ်လက်တက်ထဲကို ယိုဖိတ်ပြီး မီးလောင်ခဲ့တာပါ။ အီရတ်ဝန်ကြီးကတော့ ဒီကိစ္စကို ထိန်းသိမ်းလိုက်နိုင်ပါပြီလို့ ဆိုပါတယ်။ ဘယ်လောက်တောင်ဆိုးရွားလဲဆိုတာ ကိုယ်တိုင်ပဲ အောက်ပါ video မှာ ကြည့်လိုက်ပါဦး။

Credit: Ygn News (www.YgnNews.com)



မိခင်တက်ကြွပါမှ သားသမီးများလည်း တက်ကြွသော ကလေးဖြစ်နိုင်


တက်ကြွ သော မိခင်များ၏ သားသမီးများ သည် တက်ကြွသော ကလေးများ ဖြစ်လာ နိုင်ချေ ပိုများကြောင်း ဖြင့် လန်ဒန် တွင် မိခင်ပေါင်း ၅၀၀ ကျော်နှင့် ၎င်းတို့၏ လေးနှစ် အရွယ် ကလေးငယ် များအား စစ်တမ်း ကောက်ယူ ထားချက် အရ သိရသည်။

လေ့လာမှု စစ်တမ်း ကို ကိန်းဘရစ် တက္ကသိုလ်နှင့် ဆောက်သမ်တန် တက္ကသိုလ် တို့မှ သုတေသန ပညာရှင် များက စုပေါင်းပြုလုပ် ထားခြင်းဖြစ်သည်။ မိခင်ပေါင်း ၅၀၀ နှင့် ၎င်းတို့၏ကလေးများကို နှလုံး ခုန်နှုန်း မှတ်တမ်း တင်စက်၊ လှုပ်ရှားမှု မှတ်တမ်း တင်စက်များ တပ်ပေး ကာ ခုနစ်ရက်ကြာ စောင့်ကြည့် ခဲ့ကြခြင်း ဖြစ်သည်။

လေ့လာမှု စစ်တမ်းကို Pediatrics ဂျာနယ် တွင် ထည့်သွင်း ဖော်ပြ ထားခြင်း ဖြစ်သည်။ ကလေးများ သည် ပုံမှန် အားဖြင့် တက်ကြွ လှုပ်ရှားကြ သူများဖြစ်သည့် တိုင် ကလေးများ ကျန်းမာရေးနှင့် ညီအောင် တက်ကြွ လှုပ်ရှား ကြရန် မှာ မိခင်များ၏ အခန်း ကဏ္ဍ သည်လည်း အရေး ကြီး ကြောင်း စစ်တမ်းက ထောက်ပြ ရေးသား သည်။

စောင့်ကြည့် ကာလ တစ်ပတ်ပြည့် သည်တွင် နှလုံးခုန် မှတ်တမ်း တင်စက်၊ လှုပ်ရှားမှု မှတ်တမ်း တင်စက်များ ဖြင့် တိုင်းတာ ထားသော အချက် အလက်များကို နှိုင်းယှဉ် ကြည့် ခဲ့သည်။ ထိုအခါ တက်ကြွ လှုပ်ရှား သော မိခင်များ ၏ ကလေးများ သည်လည်း အခြား ကလေးများ နှင့် ယှဉ် ပါက ပိုတက်ကြွ လှုပ်ရှား ဖြစ်ကြ ကြောင်း တွေ့ခဲ့ရသည်။

မိခင်ဖြစ်သူ က အခြား မိခင်များ ထက် တစ်ရက် ကို တစ်နာရီ ခန့် ပိုလှုပ်ရှား တက်ကြွပါက ထိုမိခင်၏ ကလေး ဖြစ်သူ သည် အခြား ကလေးများ ထက် တစ်ရက် လျှင် ၁၀ မိနစ်ခန့် ပိုလှုပ်ရှား တက်ကြွကြ ကြောင်း တွေ့ခဲ့ ရသည်။

ထို့အပြင် ပတ်ဝန်းကျင် အနေအထား သည်လည်း ကလေးများ အပေါ် လွှမ်းမိုးမှု ရှိကြောင်း စစ်တမ်းက ထောက်ပြ သည်။ မိခင်များ သည် အားကစား ခန်းမ၊ ရေကူးကန် စသည့် လှုပ်ရှား တက်ကြွ ရသော နေရာများ ကို အသွား များပါက ၄င်းတို့ ၏ ကလေးများ သည်လည်း အခြား ကလေးများ ထက် ပိုလှုပ်ရှား တက်ကြွကြ သည်ကို တွေ့ခဲ့ ရသည်။

Source: BBC

The Messenger

အလုံလမ်း၌ နှစ်ထပ်တိုက်ဟောင်း ပြိုကျရာမှ နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


ရန်ကုန်၊ ဧပြီ ၂၆

အလုံမြို့နယ် ဌာနာရပ်ကွက် အလုံလမ်းနှင့် ဧရာဝတီလမ်းထောင့်ရှိ ဖြိုဖျက်နေသော နှစ်ထပ်တိုက်တစ်လုံးမှာ ဧပြီလ ၂၆ ရက် ညနေ ၄ နာရီခန့်က ပြိုကျရာမှ အမျိုးသားနှစ်ဦး သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ပြိုကျခဲ့သော နှစ်ထပ်တိုက် အဆောက်အအုံအဟောင်းကို ကန်ထရိုက် ငှားရမ်းပြီး အလုပ်သမား ငါးဦးဖြင့် ဖြိုဖျက်ရာမှ တိုက်အိမ် အရှေ့ဘက်ခြမ်းရှိ ပထမထပ်မှ ၁၅ လက်မခန့် ထုထည်ရှိသော အုတ်နံရံအချပ်လိုက် ပြိုကျစဉ် ယင်းအထပ်၌ တိုက်ဖြိုနေသော အလုပ်သမား သုံးဦးမှာ အုတ်နံရံများနှင့်အတူ ပြုတ်ကျခဲ့ပြီး နှစ်ဦးမှာ အုတ်နံရံများ ပိကာ သေဆုံးခဲ့ကြောင်း၊ အသက် ၂၀ အရွယ်ရှိ ကိုကျော်ဇင်ထွေး (ခ) အောင်လေးမှာ ဖြိုဖျက်နေသော တိုက်အိမ်အတွင်းသို့ လွင့်စင်ကာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ယင်းလမ်းသွယ်အတွင်း နေထိုင်သူ အသက် ၅၀ ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦးက ရှင်းပြသည်။

“ဝုန်းခနဲ အသံကြားလို့ ထွက်ကြည့်တော့ ကောင်လေးတစ်ယောက်က ပြိုထားတဲ့ တိုက်အထဲမှာ ဒဏ်ရာတွေနဲ့ ပက်လက်လန်နေတာ။ အလုပ်သမားခေါင်းဆောင် အမျိုးသမီးက သူ့ကို တက္ကစီနဲ့ ဆေးရုံခေါ်သွားတယ်။ မီးသတ်တွေ ရောက်လာပြီး ပြိုကျတဲ့ အုတ်နံရံတွေကို လှန်ရှာတော့ အလုပ်သမားနှစ်ယောက် အုတ်ခဲပုံတွေကြားမှာ သေနေပြီ” ဟု ၎င်းက ရှင်းပြသည်။

ပြိုကျခဲ့သော နှစ်ထပ်တိုက် အဆောက်အအုံ မြေနေရာတွင် ရှစ်ထပ်တိုက် ဆောက်လုပ်ရန် တစ်ကောင်ဘွား ဆောက်လုပ်ရေးကုမ္ပဏီကို အပ်နှံထားပြီး ဇန်နဝါရီမှ စတင်ကာ ဖြိုဖျက်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ပထမထပ်ရှိ ရှေ့ဘက်မျက်နှာစာနှင့် မြေညီထပ်သာ ကျန်ရှိချိန်တွင် ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

“တိုက်ဖျက်တာ နည်းစနစ် မမှန်တာရယ်၊ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာ အလုပ်သမားတွေအတွက် အသက်အန္တရာယ် ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းမျိုးတွေ အသုံးမပြုတာကြောင့် ယခုလို အသက်ဆုံးရှုံးမှုတွေ ဖြစ်ရတာ” ဟု အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောဆိုသည်။

ယင်းနှစ်ထပ်တိုက် အဆောက်အအုံ ပြိုကျမှုကို မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့တို့မှ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သေဆုံးခဲ့သော အသက် ၂၆ နှစ် အရွယ် ကိုချစ်စန်းမောင်နှင့် အသက် ၁၇ နှစ်အရွယ်ရှိ ကိုအောင်နိုင်ဖြိုးတို့၏ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ထားကြောင်း၊ တိုက်ပြိုကျကာ သေဆုံးမှုနှင့် ပတ်သက်၍ သေမှုသေခင်း ဖွင့်ကာ စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း အလုံမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

ဟံသာဝတီအဝိုင်း မီးပွိုင့်စနစ် ပြောင်းရန် နှစ်လတိုး စစ်တမ်းကောက်မည်


ရန်ကုန်၊ ဧပြီ ၂၆

လှည်းတန်းခုံးကျော်တံတား စတင်အသုံးပြုချိန်မှ စတင်ကာ ယာဉ်ကြောပိတ်ဆိုမှု များပြားနေသော ဟံသာဝတီအဝိုင်းကို ဖျက်သိမ်း၍ မီးပွိင့်စနစ် ပြောင်းလဲရန် ယာဉ်သွားလာမှု စစ်တမ်းကောက်ယူခြင်းကို နှစ်လထပ်တိုး ကောက်ခံမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (Y.C.D.C) အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

ဟံသာဝတီအဝိုင်း အနီးတစ်ဝိုက်တွင် ယာဉ်သွားလာမှု အစီးရေ ကောက်ခံခြင်း လုပ်ငန်းကို ဇန်နဝါရီလမှ စတင်ကာ သုံးလကြာ ကောက်ခံခဲ့သော်လည်း အချက်အလက်များ ပိုမိုခိုင်မာစေရန် နှစ်လ ထပ်တိုးကောက်ခံရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဇန်နဝါရီက ဧပြီအထိ ကောက်တဲ့အခါမှာ ကျောင်းပိတ်ရက်တွေ၊ ရုံးပိတ်ရက်တွေ များနေတော့ ယာဉ်သွားယာဉ်လာ ပုံမှန်နှုန်းထားကို ခန့်မှန်းရခက်တယ်။ ဒါ့ကြောင့် အချိန်နှစ်လ ထပ်တိုးပြီးတော့ အချက်အလက် ထပ်စုဆောင်းတာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ အဝိုင်းနေရာတွင် မီးပွိုင့် အစားထိုးခြင်းကို စစ်တမ်းကောက်ခံမှုမှ ရရှိလာသော အချက်အလက်များပေါ် မူတည်ကာ ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ထံမှ သိရှိရသည်။

“ယာဉ်သွားယာဉ်လာ အရမ်းများတဲ့ လမ်းဆုံဆိုရင် မီးပွိုင့်ထားတာ ကောင်းပါတယ်။ ယာဉ်ကြော ပိတ်ဆို့မှုပေါ် မူတည်ပြီး မီးပွိုင့်အချိန်ကို လိုသလို ပြောင်းလဲဖို့တော့ လိုပါတယ်။ ယာဉ်သွားယာဉ်လာ နည်းတဲ့ နေရာဆိုရင်တော့ အဝိုင်းအတိုင်းပဲ ထားတာ ကောင်းပါတယ်” ဟု အင်ဂျင်နီယာလုပ်သက် ခြောက်နှစ်ကျော်ရှိ မြို့ပြအင်ဂျင်နီယာ တစ်ဦးက ထောက်ပြပြောဆိုသည်။

ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများကို လျှော့ချနိုင်ရန် လှည်းတန်း ခုံးကျော်တံတား၊ ဘုရင့်နောင် ခုံးကျော်တံတား၊ ရွှေဂုံတိုင် ခုံးကျော်တံတား ခုံးကျော်တံတား သုံးစင်းကို ၂၀၁၃ ခုနှစ်အတွင်းက ဖွင့်လှစ်ခဲ့သော်လည်း ယာဉ်ကြော ပိတ်ဆို့မှုများ ဆက်လက် ဖြစ်ပေါ်လျက် ရှိသည်။

The Voice Weekly 

Dramatic temperature change ရုတ်တရက် အပူချိန်အပြောင်းအလဲမှာ ဘာသတိထားရမလဲ


1. ဆရာ နေပူထဲကလာပြီး ချက်ချင်း မျက်နှာသစ်ရင် ချေထောက်ရေလောင်းရင် အပူရှပ်ပြီး သေတတ်တယ်တို့၊ သွေးကြောပြတ်ပြီး သေတတ်တယ်တို့ ကြားဘူးပါတယ် ဟုတ်ပါသလား ဆရာ။
2. အပြင် အပူထဲကပြန်လာလို့ ရေခဲရေသောက်ရင်အပူရှပ်ပြီး သွေးကြောပြတ်သေတယ်လို့ သိထားတယ်။ အပူရှပ်တဲ့လူကို ရေအေးတွေ ရုတ်တရက်သုံးတော့ အန္တရယ်မရှိနိုင်ဘူးလား။

ဘယ်အရာမဆို ယုတ်တရက်အပြောင်းအလဲလုပ်တိုင်း ချောမွေ့မှုမရှိတတ်ပါ။ အပူချိန်သိပ်ပူရာကနေ သိပ်အေးတဲ့နေရာကို ရောက်တာနဲ့ လူ့ကိုယ်ခန္ခာကို သက်ရောက်မှုဖြစ်တာတွေကလဲ မခံနိုင်ဖြစ်သူတွေရှိတယ်။
• သိပ်ပူတဲ့နေရာကနေ ပြန်ရောက်လို့ သိပ်အေးတာကို သောက်တာ၊ စားတာ၊ ရေချိုးတာမှန်သမျှ မသင့်လှပါ။
• လူတိုင်းကို မဟုတ်ပေမဲ့ အပူချိန်ကွာလွန်းတာကို ရုတ်တရက်တွေ့မိရင် ဆရာ့စာထဲမှာပါသလို Stomach cramps အစာအိမ် ကြွက်တက်တယ်လို့ ခေါ်တာမျိုးဖြစ်စေနိုင်တယ်။
• သွေးကြောကိုမေးတာမှာလဲ အတူဘဲလို့မှတ်ယူနိုင်ပါတယ်။ တချို့ကို မကောင်းတာဖြစ်စေနိုင်ပါတယ်။
• အပြင်အပူထဲကနေ လေအေးစက်ပေးထားတဲ့နေရာထဲဝင်လိုက်တာနဲ့ ပြောင်းပြီ။ အရေပြားသွေ့ခြောက်လာမယ်။ အရေပြားအပါးစားတွေဖြစ်တဲ့ မျက်စိ၊ နှုပ်ခမ်းတွေလဲ ခြောက်လာမယ်။ မျက်စိပိုးဝင်တာ၊ အသက်ရှူလမ်း ပိုးဝင်တာနဲ့ ကြွက်သား ကြွက်တက်တာတွေဖြစ်လာစေနိုင်တယ်။ ပန်းနာထသူ၊ လည်ချောင်းနာသူ၊ တုပ်ကွေးလိုဖြစ်သူ၊ ခေါင်းကိုက်၊ ကြွက်သားနာသူတွေများတယ်။
• လေအေးပေးထားတဲ့နေရာဌာနတွေမှာ ကျန်းမာရေး စောင့်ရှောက်ပေးတဲ့ ဆရာဝန်တွေကနေ ၂၃-၂၅ ဒီဂရီ စီ မှာ ထားသင့်တယ်လို့ အကြံပေးပါတယ်။ ၁၉ ထိနည်းရင် ဆိုးနိုင်တာများတယ်။ တိတိကျကျ ပြောထားတာကတော့ ဗုဒ္ဓဟူးနေ့၊ မနက် ၁၁ နာရီအချိန် အခန်းတွင်းမှာ ၂၂့၅ ဒီဂရီ စီ ထားသင့်တယ်လို့ဖြစ်ပါတယ်။
• အပူချိန်အပြေင်းအလဲ မြန်လို့ အသစ်ရောဂါဖြစ်တာရှိသလို ရှိနေတဲ့ရောဂါကိုပါ ဆိုးစေတတ်သေးပါတယ်။ Coronary heart diseases နှလုံးသွေးကြောကျဉ်းရောဂါ၊ Vascular cardiac, Vascular brain diseases and Peripheral vascular diseases နှလုံး-ဦးနှောက်-ကိုယ်ဖျားပိုင်း သွေးကြောရောဂါတွေကို ဆိုးလာစေနိုင်တယ်။
• အသက် ၆၅ နှစ်ကျော်သူတွေ၊ သိပ်ငယ်တဲ့ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နှလုံး၊ သွေးတိုး၊ အဆုပ်၊ စိတ်ရောဂါ အခံရှိသူတွေက ပိုသတိထားရမယ်။

ဒေါက်တာတင့်ဆွေ
၂၇-၄-၂ဝ၁၄

အမွေခံကောင်းနှင့် အမွေခံဆိုး


       လောကအစဉ်အလာအရ မိဘရဲ့ပိုင်ဆိုင်မှုကို သားသမီးတွေ ရရှိကြတယ်။ ဒါကြောင့် သားသမီးတွေ ဟာ အမွေခံပုဂ္ဂိုလ်တွေပါပဲ။ ဒီနေရာမှာ အမွေခံပုဂ္ဂိုလ်အမျိုးမျိုး တွေ့ရပါတယ်။ လယ်တီဆရာတော်က အခုလို ဆိုထားပါတယ်။ သားသမီးပင်ဖြစ်သော်လည်း မိဘအမွေကို မခံစားရတဲ့သူ၊ အနည်းငယ်သာ ခံစားရတဲ့သူ၊ ၀မ်းဝရုံသာ ခံစားရသူနှင့် များစွာခံစားရသူ ဆိုပြီးတော့ အမျိုးမျိုးရှိပါတယ်။

        ၁။ သိန်းထောင်ပေါင်းများစွာ ချမ်းသာတဲ့ မိဘရဲ့ သားသမီးပင်ဖြစ်သော်လည်း မိဘစကားနား မထောင် လို့ အမွေပြတ်စွန့်လွတ်ခံရတဲ့သူဟာ အမွေမခံစားရသူပါပဲ။
       ၂။ အမွေဝေစုရသော်လည်းပဲ လုပ်ကိုင်မစား၊ တိုးပွားအောင်မလုပ်၊ အပျော်အပါးသောက်စားပြီး ဖြုန်းတီးပစ်တဲ့ သားသမီးတွေဟာ အမွေကုန်တဲ့အခါ ဆင်းရဲတွင်းထဲ ရောက်ကြရတာပါပဲ။ ဒါကြောင့် သူတို့ကို အမွေအနည်းငယ်သာခံစားရသူလို့ ဆိုပါတယ်။
       ၃။ စက်ပစ္စည်း၊ လယ်ယာစသည် မိဘအမွေရပြီး ထိုလုပ်ငန်းတွေရဲ့ အချို့ကိုသာ လုပ်စားတယ်။ အချို့ကိုတော့ ရောင်းစားတာ၊ လုပ်မစားပဲ ပစ်ထားတာတွေရှိတယ်။ သူတို့ကျတော့ ၀မ်းဝရုံပါပဲ။ မိဘအမွေ အပြည့်အ၀ မခံစားရပါဘူး။
       ၄။ အချို့သားသမီးများကျတော့ ရရှိတဲ့အမွေကို အကုန်တိုးပွားအောင်လုပ်တယ်။ ဒါကြောင့် အဲဒီသားသမီးတွေဟာ ချမ်းသာကြီးပွားပြီး မိဘအမွေကို များစွာ ခံစားကြရတယ်။

       ဒါ့အပြင် သားသမီးတွေအနေနဲ့ အမွေခံထိုက်အောင် နေတတ်ဖို့လည်း လိုပါတယ်။ ဗုဒ္ဓစာပေအရ သားသမီးဝတ်ငါးပါး ကျေပြွန်တဲ့ သားသမီးများဟာ မိဘအမွေကို ခံယူထိုက်ပါတယ်။ “ကျွေးမွေးမပြတ်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။” ဆိုသည့်အတိုင်း သားသမီးများဟာ
၁။ မိဘကို လုပ်ကျွေးပြုစုရမယ်။
၂။ မိဘရဲ့အလုပ်ကိစ္စတွေကို ကူညီလုပ်ဆောင်ပေးရမယ်။
၃။ မိဘရဲ့ လယ်ယာ၊ ရွှေငွေစတာတွေကို မဖြုန်းတီး မဖျက်ဆီးဘဲ စောင့်ရှောက်ခြင်း၊ မိဘတွေပြုလုပ်လေ့ရှိတဲ့ ကုသိုလ်လုပ်ငန်းတွေကို လုပ်ဆောင်ပေးခြင်းဖြင့် မိဘရဲ့ ကောင်းမွန်တဲ့အမျိုးအနွယ်၊ ဂုဏ်သိက္ခာကို စောင့်ထိန်းရမယ်။
၎။ မိဘအမွေကို မပျက်ဆီးမဆုံးရှုံးအောင်၊ တိုးပွားအောင် ထိန်းသိန်းရမယ်။
၅။ မိဘတွေ သေလွန်တဲ့အခါ ရည်စူးကုသိုလ်ပြုပြီး အမျှဝေရမယ်။

      ဒီငါးပါးကျေပြွန်တဲ့ သားသမီးများဟာ မိဘအမွေကို ခံထိုက်တဲ့သူများဖြစ်တယ်။ ဒီလိုမှမဟုတ်ရင်တော့ အမွေခံဆိုးပဲ ဖြစ်လိမ့်မယ်။ မိဘပစ်ထားပြီး သေမှ အမွေလာတောင်းတဲ့ သားသမီးများလည်း ဒုနဲ့ဒေးပါပဲ။ မိဘအမွေမတောင်းခင်မှာ အရင်ဆုံး ကိုယ့်ကိုယ်ကို အမွေခံထိုက်သူလား မထိုက်သူလားဆိုတာ အရင်စဉ်း စားဖို့လိုပါတယ်။ ကိုယ်နဲ့မထိုက်တဲ့အမွေရယူတဲ့သူဟာ စိတ်ချမ်းသာမူမရနိုင်ပါဘူး။ စားတိုင်းစားတိုင်း လိပ်ပြာမသန့်ဖြစ်တတ်ပါတယ်။ သားသမီးဝတ်ကျေပြွန်တဲ့ သူများကတော့ ထိုက်တန်တဲ့ အမွေကို ခံစားရတဲ့ အတွက် စိတ်ချမ်းသာတယ်။ အပြစ်ကင်းကင်းနဲ့ သုံးဆောင်ခံစားရတယ်။ နောက်ပြီး လိမ်မာတဲ့သားသမီး များဟာ မိဘအမွေကို ငန်းငန်းတက်မမက်မောပါဘူး။ မလိမ်မာတဲ့သားသမီးများကတော့ မထိုက်တဲ့အမွေကို ငန်းငန်းတက်လိုချင်ကြတယ်။ မရရင် ပြဿနာရှာတတ်ကြတယ်။ ဒါကြောင့် သားသမီးများအားလုံး သားသမီး ၀တ်ငါးပါးကျေပြွန်အောင် နေပြီး အမွေခံထိုက်တဲ့ သားသမီးရတနာများဖြစ်နိုင်ကြပါစေလို့ ဆုတောင်း လိုက်ရပါတယ်။


ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ 

မော်တော်ယာဉ်များတွင် မီးသတ်ဆေးဘူးများ ဆောင်ထားရန် နှိုးဆော်



ရန်ကုန် ဧပြီ ၂၆
နိုင်ငံတော်အတွင်း နှစ်စဉ်ဖြစ်ပွားလျက်ရှိသော မီးလောင်မှုများ လျော့နည်းစေရေးအတွက် မီးဘေးသတိပေးရေး လုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိရာ မီးလောင်မှုကြောင့် ဆုံးရှုံးမှုလျော့နည်းစေရေး အတွက် မီးစတင် လောင်ကျွမ်းချိန်တွင် အလွယ်တကူလျင်မြန်စွာ မီးငြှိမ်းသတ် နိုင်သည့် ခေတ်မီမီးသတ်ဆေးဘူးများ ပြည်သူများလက်ဝယ်ရှိနေစေရေး အတွက် “မီးသတ်ဆေးဘူးများ” အိမ်တိုင်း၊ အဆောက်အအုံတိုင်း၊ မော်တော် ယာဉ်တိုင်းဆောင်ထားရန် သတိပေးနှိုးဆော်ချက်များအား နေ့စဉ်ထုတ် သတင်းစာများ၊ ရုပ်မြင်သံကြား အစီအစဉ်များမှတစ်ဆင့် ပညာပေးထုတ်ပြန် ဆောင်ရွက်လျက်ရှိသည်။
၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၂၃ ရက်အထိ “မော်တော်ယာဉ်” မီးလောင်မှု (၄၁)ကြိမ်ဖြစ်ပွားခဲ့ရာ လူ (၁၁) ဦးသေဆုံးပြီး(၁၅) ဦးဒဏ်ရာ ရရှိကာ ကျပ် (၂၂၂) သန်းဖိုးခန့် မီးလောင်ဆုံးရှုံးခဲ့ပါသည်။ အဆိုပါ “မော်တော်ယာဉ်” မီးလောင်မှုများအနက် မော်တော်ယာဉ် မီးလောင်မှု ငါးကြိမ်သည် အသင့်ဆောင်ထားသော မီးသတ်ဆေးဘူးများဖြင့် အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့သည့်အတွက် မီးလောင်ဆုံးရှုံးမှုနည်းပါးခဲ့ကြောင်း စိစစ်တွေ့ရှိ ရသည်။
မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသူများမီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ရန်ကုန်-နေပြည်တော်- မန္တလေး အမြန်လမ်းပေါ်၌ သွားလာနေသော မော်တော်ယာဉ်များအား မီးသတ် ဆေးဘူး ဆောင်ထားရေးအတွက် ရန်ကုန်နှင့် မန္တလေး တိုးဂိတ်များတွင် အမြန်လမ်းရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အသိပညာပေး စစ်ဆေးမှုများကို ဧပြီ ၂၃ ရက်မှ စတင်ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ခရီးသည်တင်/ကုန်တင် မော်တော်ယာဉ်ကြီးများတွင် အနည်းဆုံး ဓာတုဗေဒပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူး 4 Kg နှစ်လုံး၊ မော်တော် ယာဉ်လတ်များတွင် အနည်းဆုံး ဓာတုဗေဒပေါင်ဒါမှုန့်ခြောက် မီးသတ် ဆေးဘူး 2 Kg နှစ်လုံးနှင့် မော်တော်ယာဉ်ငယ်များတွင် အနည်းဆုံး ဓာတု ဗေဒ ပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူး 1 Kg တစ်လုံးထားရှိရန် နှိုးဆော် အသိပေးလျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

သင်မသိသေးတဲ့ မြန်မာ့ဂုဏ်ဆောင်ပြီး ကမ္ဘာကလေးစားရတဲ့ ဦးသန့်အကြောင်း



ဦးသန့်- လို့ဆိုလိုက်တာနဲ့ အလယ်တန်း ကမ္ဘာ့သမိုင်းဖတ်စာထဲက သင်ခန်းစာလေးတစ်ခုကို အမှတ်ရမိပါတယ်။ အဲ့ဒီအချိန်လောက်ကစပြီး ကမ္ဘာ့ကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကြီးနဲ့ ကျွန်တော်တို့ စတင်မိတ်ဆက်ခွင့်ရခဲ့ကြပြီး ဒီလိုအဖွဲ့အစည်းကြီးရဲ့ အမြင့်ဆုံးနေရာကနေ တာဝန်တွေကိုထမ်းဆောင်ခဲ့လို့ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် ဂုဏ်ပြုစံတင်ထားရလောက်တဲ့ “ဦးသန့်” ဆိုတဲ့အမည်နဲ့ ကျွမ်းဝင်ခဲ့ကြဖူးပါတယ်။ ဦးသန့်ရဲ့အကြောင်းကို သေသေချာချာ သိတဲ့သူတွေထဲမှာ လူငယ်ပိုင်းက အတော်ကို နည်းပါတယ်။ဒါကြောင့်...ဦးသန့်ရဲ့လေးစားအတုယူစရာ ကောင်းလောက်တဲ့ လုပ်ဆောင်ချက်တွေ၊ ဖြောင့်မတ်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ၊ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်ချင်းတွေ အပါဝင် အတ္ထုပ္ပတ္တိ အကျဉ်းကိုပါ ဖော်ပြလိုက်ပါတယ်။

ငယ်စဉ်ဘဝ (Biography)

ဦးသန့်ကို ဖခင်ဦးဖိုးနှစ်နဲ့ မိခင်ဒေါ်နန်းသောင်တို့က ၁၉၀၉ ခုနှစ် ဇန်နဝါရီလ ၂၂ရက်နေ့မှာ ဧရာဝတီတိုင်း ပန်းတနော်မြို့မှာမွေးဖွားခဲ့သည်။ ပန်းတနော်ဇာတိဖြစ်တဲ့အတွက် နောင်အခါမှာ ဦးသန့်ကို “ပန်းတနော်ဦးသန့်” လို့ခေါ်ခဲ့ကြသည်။ ဦးသန့်မိဘတွေသည်မြေပိုင်ရှင်၊ ဆန်ကုန်သည်တွေဖြစ်ကြပြီး၊ ဖခင်ဦးဖိုးနှစ်သည် ရန်ကုန်မြို့မှာ သူရိယသတင်းစာကို ထူထောင်ခဲ့သည်။ မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်ရာမှာလည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ခဲ့သည်။ ဖခင်ကွယ်လွန်စဉ်တုန်းက ဦးသန့်သည် အသက်၁၄နှစ်သား သာရှိသေးသည်။ အမွေဆက်ခံမှု အရှုပ်အရှင်းတွေကြောင့် မိခင်ဒေါ်နန်းသောင်နဲ့ ကလေး၎ယောက်မှာ စီးပွားရေး အကြပ်အတည်း ပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရသည်။
ဦးသန့်သည် ငယ်စဉ်က ပန်းတနော်အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်တွင် သမိုင်းဘာသာရပ်ကို ဆက်၍သင်ယူခဲ့သည်။ ယင်းနောက် ပန်းတနော် အမျိုးသားကျောင်းမှာ ကျောင်းဆရာ စလုပ်ခဲ့ပြီး၊ အသက်၂၅နှစ်မှာ အဲ့ဒီကျောင်းရဲ့ ကျောင်းအုပ် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မအူပင်မြို့မှာ နေထိုင်ပြီး ပညာအုပ်ဖြစ်တဲ့ (မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း) ဦးနု နဲ့ ခင်မင်ရင်းနှီးခဲ့သည်။ ဦးသန့်သည် အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ ထုတ်ဝေတဲ့ “ဂန္တလောက” မဂ္ဂဇင်းရဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ၄ ကြိမ်တိုင်တိုင် ပထမဆုရရှိခဲ့သူ ဖြစ်သည်။
ဦးသန့်၏ ပထမဆုံးစာမူမှာ အင်္ဂလိပ်လို ရေးသားထားသည့် စာမူဖြစ်ပြီး အသက် ၁၅နှစ်အရွယ်မှာ ပုံနှိပ်ဖော်ပြခံခဲ့ရသည်။ မြို့ပြပုံပြင်များ၊ နိုင်ငံပေါင်းချုပ် အသင်းကြီး ကျောင်းသုံးစာအုပ်၊ ဗမာသစ်နှင့် ပညာသစ်၊ ပြည်တော်သာခရီး (၃ အုပ်တွဲ) စတဲ့ စာအုပ်တွေကို ရေးသားခဲ့သလို နိုင်ငံရေးဝေဖန်ချက်၊ စာပေ ဝေဖန်ချက်တွေ အပါအဝင် ပညာရေး၊ လူမှုရေးဆိုင်ရာ ဆောင်းပါးတွေကို သီလဝ၊ မောင်သန့်၊ ဦးသန့် စသည့် ကလောင်ခွဲတွေနှင့် ရေးသားခဲ့သည်။ စာပေဝေဖန်ရေး နိုင်ငံရေးဝေဖန်ချက်တွေကို ရေးသားသည့် အခါ သူ့ရဲ့ အယူအဆတွေကို ပွင့်ပွင့် လင်းလင်း ရေးသားခဲ့သလို သူ့ရဲ့အတွေးအခေါ် အယူ အဆ တွေကလည်း ခေတ်မီတာကို တွေ့မြင်ရသည်။

ပြည်သူ့ဝန်ထမ်းဘဝ

လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံမှာ ဦးနုဝန်ကြီးချုပ်ဖြစ်လာတဲ့အခါ ဦးသန့်ကိုရန်ကုန်ကိုခေါ်ပြီး ၁၉၄၈ခုနှစ်မှာ အသံလွှင့်ဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ အဲ့ဒီနောက် ၁၉၅၃ ခုနှစ်တွင် မြန်မာနိုင်ငံ သတင်းနဲ့ ပြန်ကြားရေးဌာနအတွင်းဝန် ဖြစ်လာခဲ့သည်။
၁၉၅၁ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်အထိ ၀န်ကြိးချုပ်၏ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ဦးနုအတွက် မိန့်ခွန်းတွေ ရေးသားပေးခြင်း၊ နိုင်ငံခြားခရီးစဉ်တွေ စီစဉ်ပေးခြင်း၊ နိုင်ငံခြား ဧည့်သည်တော်တွေကို လက်ခံတွေ့ဆုံပေးခြင်း- စသည့်ကိစ္စများကို ဆောင်ရွက်ပေးယင်း ဦးနု၏ ယုံကြည်မှုကို ရခဲ့သည်။ နိုင်ငံတကာ conference အများအပြားကိုတက်ရောက်ခဲ့ပြီး ၁၉၅၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့မှာကျင်းပတဲ့ “ဘက်မလိုက်လှုပ်ရှားမှု” ကို မွေးဖွားပေးခဲ့တဲ့ ပထမအကြိမ် အာရှ-အာဖရိက နိုင်ငံများဆိုင်ရာ ညီလာခံမှာ အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့သည်။

အမြဲတမ်း ဖြောင့်ဖြောင့်မှန်မှန်လုပ်တတ်ပြီး မှန်တယ်ထင်ရင် အလျှော့မပေးတတ်တဲ့ ဦးသန့်နဲ့ တိုင်းပြည်ခေါင်းဆောင် ဦးနုတို့ မသင့်မမြတ်ဖြစ်လာတာကနေစပြီး ၁၉၅၇ခုနှစ်မှာ ဦးသန့်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်လိုက်ပြီး New York ကိုစေလွှတ်ခဲ့သည်။ ၁၉၅၇ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိ ဦးသန့်သည် မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သာမက တစ်ချိန်တည်းမှာပဲ ယာယီ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်ခဲ့ရသည်။ ၁၉၆၀ ခုနှစ်မှာ မြန်မာအစိုးရက ဦးသန့်ကို “ပြည်ထောင်စု စည်သူ သင်္ဂဟ ပြန်တမ်း” အရ “မဟာ-သရေစည်သူဘွဲ့” နဲ့ ဗိုလ်ရာထူးကို ပေးအပ်ခဲ့သည်။



ဦးသန့်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးကို အာရှနိုင်ငံတွေထဲမှာ ပထမဦးဆုံး ရရှိခဲ့တဲ့သူဖြစ်သည်။ ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က စတင်ပြီး အထွေထွေ အတွင်းရေးမှူးချုပ် ဒက်ဂ်ဟမ်းမားရှိုးလ်ဒ် (Dag Hammarskjold) ရဲ့ မကုန်ဆုံးသေးတဲ့ သက်တမ်းကို ဖြည့်ဆည်းဖို့ အထွေထွေ ညီလာခံမှာ လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နဲ့ ယာယီ-အထွေထွေ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခံရသည်။ ၁၉၆၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ အထွေထွေညီလာခံကနေ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၆ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ သက်တမ်းအထိ ခန့်အပ်ခြင်း ခံခဲ့ရသည်။ သူ့၏ ပထမသက်တမ်းအတွင်းမှာ ဦးသန့်ဟာ ကျူးဘား ဒုံးပျံပြဿနာ (Cuban Missile Crisis) ကိုဖြေရှင်းရာမှာ ပါဝင်စ့စပ်ပေးပြီး ကွန်ဂိုပြည်တွင်းစစ်ကို ပြီးဆုံးအောင်ကိုင်တွယ်ဖြေရှင်း ပေးနိုင်ခဲ့သည်။ ယင်းအတွက်ကြောင့် ကမ္ဘာက အသိအမှတ်ပြုခြင်းကိုခံခဲ့ရသည်။



၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှာ လုံခြုံရေးကောင်စီရဲ့ တညီတညွတ်တည်း ထောက်ခံမှုနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းအဖြစ် သူ အငြိမ်စားယူမယ့် ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ခန့်အပ်ခြင်းခံခဲ့ရသည်။ ဒုတိယသက်တမ်းအတွင်းမှာ ဦးသန့်သည် အလုပ်တွေအများကြီးလုပ်ခဲ့သည်။ အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းအတွင်းကို အာရှနဲ့ အာဖရိက နိုင်ငံတော်တော်များများ ဝင်ရောက်နိုင်ရေးကိစ္စ၊ တောင်အာဖရိက အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးကိစ္စ၊ ၁၉၆၂ ခုနှစ်မှာ ယီမင်အရေးနဲ့ ၁၉၆၈ ခုနှစ်မှာ ဘာရိန်းအရေး ကိစ္စ၊ ၁၉၆၇ ခုနှစ်မှာ အာရပ်- အစ္စရေးခြောက်ရက်စစ်ပွဲ၊ ပရာ့ဂ်နွေဦးတော်လှန်ရေး (Prague Spring) နဲ့ ချက်ကိုစလို-ဗက်ကီးယားကို ဆိုဗီယက် ကျူးကျော်မှု အရေးအခင်း၊ ဗီယက်နမ်စစ်၊ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လွတ်လပ်ရေးရရှိစေမည့် အိန္ဒိယ - ပါကစ္စတန် စစ်ပွဲ စတာတွေကို အေးငြိမ်းအောင် ဖြေရှင်းပေးနိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ် အမေရိကန် - ဆိုဗီယက် စစ်အေး တိုက်ပွဲမှာတုန်းက သမ္မတနှစ်ဦး အကြား ဦးသန့်က “တတိယ ဘာသာ စကားအသစ်” ကိုအသုံးချ၊ “တွေ့ဆုံ အဖြေရှာရေး”ကို အခြေခံပြီး စေ့စပ် ဆောင်ရွက်ပေးခဲ့သည့် အတွက် ဆိုဗီယက်တို့က ဒုံးကျည်စခန်းတွေကို ရုပ်သိမ်းသွားပြီး အမေရိကန်တွေက ကျူးဘားကို ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့သည်။


ဒီအရေးအခင်း အားလုံးမှာ ငြိမ်းချမ်းရေးကို ထိပါးစေနိုင်သည့် အပြင် စစ်ဖြစ်ကြမယ့် အရိပ် လက္ခဏာတွေဖြစ်ပြီး၊ ဦးသန့်၏ လိမ္မာ ပါးနပ်စွာ ကြားဝင် စေ့စပ် ပေးမှု တို့ကြောင့်သာ စစ်ကို ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။ အောက်စဖို့ဒ် တက္ကသိုလ်က ၂ဝ-ရာစု၏ အထင်ကရ ပုဂ္ဂိုလ်များ အကြောင်း စုစည်း ထုတ်ဝေထားသည့် Who’s Who in the 20th Century စာအုပ်မှာ ဦးသန့်၏- အကြောင်း ပါဝင်ပြီး၊ နိုင်ငံတကာ အရေး အခင်းတွေကို မတုန်လှုပ်စေဘဲ တည်တည် ငြိမ်ငြိမ် ဖြေရှင်းနိုင်ခဲ့သူ ဖြစ်တယ်လို့ အတ္ထုပ္ပတ္တိ အကျဉ်းရဲ့ အစမှာ ဆိုထားသည်။


ဦးသန့်သည် UFO ယာဉ်ပျံတွေကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဝင်တစားလေ့လာခဲ့သသည်။ ၁၉၆၇ ခုနှစ်မှာ အမေရိကန်လူမျိုး ရူပဗေဒပညာရှင် ဒေါက်တာ James E. McDonald ကို UFO နဲ့ပတ်သက်ပြီး ကုလသမဂ္ဂမှာ စကားပြောနိုင်ဖို့ စီစဉ်ပေးခဲ့သည်။ ၁၉၇၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာတော့ ဦးသန့်က သူဟာ ဘယ်အကြောင်းပြချက်နဲ့မှ တတိယသက်တမ်း အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ဆက်လက်လုပ်ကိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။ လုံခြုံရေးကောင်စီကလည်း ဦးသန့်နေရာမှာ ဆက်ခံမယ့်သူကို သီတင်းပတ်ပေါင်းများစွာ အပူတပြင်း လိုက်ရှာခဲ့သည်။ နောက်ဆုံး ကွတ်ရ်ထ် ဝါးလ်ဒ်ဟိုင်းမ် (Kurt Waldheim) ကို ရွေးချယ်လိုက်သည်။ ဦးသန့်က သူ့နောက်ဆုံး တာဝန်သက်တမ်းမကုန်ဆုံးမီ ၁၀ရက်အလိုမှာပဲ Kurt ကို တာဝန်ဝတ္တရားတွေအားလုံး လွှဲပြောင်းပေးခဲ့သည်။ ဦးသန့်အငြိမ်းစားယူသွားတာနဲ့ ပတ်သက်ပြီး New York Times သတင်းစာရဲ့ ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ အယ်ဒီတာ့အာဘော်မှာလည်း The Liberation of U Thant ဆိုတဲ့ခေါင်းစဉ်နဲ့ တခမ်းတနား ဂုဏ်ပြုရေးသားဖော်ပြခဲ့သည်။ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်းမှာ ဦးသန့်သည် Palisade နဲ့ Douglas Avenues လမ်းကြား၊ ၂၃၂ လမ်းအနီးမှာရှိတဲ့ ၄.၇၅ ဧကလောက်ကျယ်တဲ့ Riverdale, Bronx ခြံမှာ နေထိုင်ခဲ့သည်။

နောက်ဆုံးနေ့ရက်နှင့် မိသားစု


၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဦးသန့်သည် အဆုတ်ကင်ဆာ ရောဂါနှင့် New York မှာပဲ ကွယ်လွန်ခဲ့သည်။ ဦးသန့်၏ ဆန္ဒအရ သူ့ရဲ့ရုပ်အလောင်းကို ရန်ကုန်သို့ ပြန်ပို့ပေးခဲ့ကြသည်။ ဒီဇင်ဘာလ ၅ ရက်နေ့ ဦးသန့်ရုပ်အလောင်းကို မြေမချခင် အများပြည်သူ နောက်ဆုံးဂါရဝ ပြုနိုင်ဖို့အတွက် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ပြသထားခဲ့သည်။ ဦးသန့် ရုပ်အလောင်းကို ရွှေတိဂုံ စေတီတော် ခြေတော်ရင်း ယခုလက်ရှိ နေရာတွင် မြှုပ်နှံပေးလိုက်သည်။

ဦးသန့်သည် ဒေါ်သိန်းတင်နဲ့ ထိမ်းမြားလက်ထပ်ခဲ့ပြီး သမီးတစ်ဦး (သား- ဖြစ်သူမှာ ဦးသန့် အတွင်းရေးမှုးအမှု့ထမ်းစဉ် သေဆုံးကြောင်း အချို့ မှတ်တမ်းများ ဖော်ပြသည်)၊ မြေး ၄ ဦးနှင့် မြစ် ၃ ဦး ထွန်းကားခဲ့သည်။ ဦးသန့်၏ တစ်ဦးတည်းသော မြေးယောက်ျားဖြစ်တဲ့ ဦးသန်းမြင့်ဟာ သမိုင်းပညာရှင် တစ်ယောက်ဖြစ်ပြီး၊ ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာဌာနမှာ ဝါရင့် ဝန်ထမ်းတစ်းဦးဖြစ်သည်။ The River of Lost Footsteps စာအုပ်ကိုလည်း ဦးသန်းမြင့်က ရေးသား ထုတ်ဝေခဲ့သည်။

အတွေးသစ် အမြင်သစ်