HUAWEI ကုမ္ပဏီဝန်ထမ်း တရုတ်နိုင်ငံသားတစ်ဦး မိုတယ်တစ်ခုတွင် သေဆုံး

ပို့စ်တင်ချိန် - 4/27/2014 07:16:00 PM


ဇော်ဇော်ထွေး

ရန်ကုန်၊ မဇ္ဈိမ။ ။ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ မိုတယ်တခုတွင် တည်းခိုနေထိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အကြောင်းအရင်းမသိရဘဲ သေဆုံးခဲ့သဖြင့် မြို့နယ်ရဲစခန်းက ဧပြီ ၂၆ရက်တွင် အမှုဖွင့်ပြီး စစ်ဆေးဖော်ထုတ်နေသည်။

တရုတ်လူမျိုးတစ်ဦး အိပ်ပျော်ပြီး သတိလစ်နေကြောင်း နံနက် ၁၀ နာရီ ၁၅မိနစ်သတင်းအရ မြို့နယ်ရဲစခန်းမှူးနှင့်အဖွဲ့က မြို့နယ်တရားသူကြီးနှင့် သက်သေတို့ကို ခေါ်ယူကာ သွားရောက် စစ်ဆေးခဲ့သည်။

သတိလစ်နေသူသည် ဟွားဝေ(HUAWEI) ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံ ချန်ကူပြည်နယ်နေ LIUXU (၂၈)နှစ် ဆိုသူဖြစ်သည်ဟု အတည်ပြုထားသည်။

၎င်းသည် ဟိုတယ်အခန်းအမှတ် (၄၀၁)တွင် နေထိုင်ပြီး ဧပြီ ၂၆ ရက်က အိပ်ယာမှ ထာလာခြင်း မရှိသဖြင့် သွားရောက်ကြည့်ရှုရာ နှိုးမရဘဲ သတိလစ်နေသဖြင့် ဝိတိုရိယဆေးရုံသို့ ပို့ရာတွင် သေဆုံးနေကြောင်း သိရှိရခြင်းဖြစ်သည်။ အလောင်းကို စစ်ဆေးနိုင်ရန် မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်ထားသည်ဟု ရဲတပ်ဖွဲ့က
ဆိုထားသည်။

ယင်းသေဆုံးမှုမှာ သွေးရိုးသားရိုး သေဆုံးခြင်း ဟုတ်မဟုတ် အင်းစိန်ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁၉/၂၀၁၄) ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဖော်ထုတ်နေသည်။

Mizzima Burmese