အစားထိုးပြေးဆွဲရမည့်လိုင်းကားများ ငွေကြေးအခက်အခဲကြောင့် ရက်တိုးပေးရန်တောင်းဆို

ပို့စ်တင်ချိန် - 4/27/2014 08:37:00 PM


ရန်ကုန်၊ ဧပြီ ၂၇ ။

ရန်ကိုင်တိုင်းဒေသကြီးအတွင်း ဟိုင်းလတ်ယာဉ်များပြေးဆွဲခြင်းအားဧပြီလ ၃၁ ရက်နေ့ နောက်ဆုံးထား ရပ်နားကာမီနီဘက်များနှင့်
အစားထိုးပြေးဆွဲရမည်ဖြစ်သော်လည်း မီနီဘက်ကားဈေးနှုန်းများကြီးမြင့်မှုနှင့် ငွေကြေးအခက်အခဲများကြောင့် ဟိုင်းလတ် ယာဉ်မောင်းများနှင့်
ကားပိုင်ရှင်များမှ ကန့်သက်ရက်အား ဖြေလျော့ပေးရန် ယမန်နေ့က တောင်းဆိုလိုက်ကြောင်းသိရသည်။

အစိုးရအဖွဲ့ အနေဖြင့် ဟိုင်းလတ်ယာဉ်များအချိန်ထပ်မံမပေးဘဲ ယင်းကဲ့သို့ ပြုလုပ်ခဲ့ပါကဟိုင်းလတ်နှင့် ဆက်စပ်ကာလုပ်ကိုင်နေလျက်ရှိသည့်
၎င်းတို့ မိသားစုများဒုက္ခရောက်ရမည်ဖြစ်ကြောင်း ရွှေပြည်သာ ဟိုင်းလတ်ပိုင်မောင်းရောင်းကော်မတီမှ ကိုသန်းဇော်မင်းကပြောသည်။

” ကျွန်တော်တို့ကတော့ မလဲဘူးလိုတော့မပြောပါဘူး။ လဲမှာပါ အချိန်ကာလအတိုင်းအတာတခုအထိတော့ ပေးသင့်ပါတယ်။ စစ်မှုထမ်းဟောင်း
လက်အောက်ခံဖြစ်နေတော့ သူတိုရပ်နားခိုင်းတဲ့ နေ့ရပ်နားမှာပါ ” ဟု ကိုသန်းဇော်မင်းကဆိုသည်။

ယခင်ကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အမိန့်ဖြင့် ရွှေပြည်သာမြို့နယ်ရှိ ဟိုင်းလတ်ယာဉ် ၇၀ ကျော် ရပ်နားခဲ့ဖူးပြီး အဲ့ဒီအချိန်ကခရီးသွား
ပြည်သူများသွားရေးလာရေးခက်ခဲ ခဲ့ကြောင်း ကိုသန်းဇော်မင်းက ဆက်လက်ပြောဆိုသည်။

” အရင်က ၃ ရက်လောက် ရပ်နားခဲ့ရတယ်။ အဲ့ဒီအချိန်ကဆိုခရီးသည်တွေဒုက္ခ တော်တော်ရောက်ခဲ့တယ်။ ခရီးသည်နဲ့ ကားနဲ့မမျှတာတွေ
ကားမလုံလောက်တဲ့ ပြဿနာတွေကြုံတွေ့ခဲ့ရတယ် ” ဟု ကိုသန်းဇော်မင်းက ထပ်လောင်းပြောဆိုခဲ့သည်။

ရွှေပြည်သာတွင် ဟိုင်းလတ်ယာဉ်ပေါင်း ၁၅၀ ကျော်ရှိပြီး၊ ဟိုင်းလတ်ယာဉ် အများစုသည် အစိုးရစစ်မှုထမ်း လက်အောက်မှ ကားများဖြစ်ကြောင်း
သိရသည်။

” နိုင်ငံတော်ကခေတ်နဲ့ အညီပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ် ဆိုပြီးတော့ စီးပွားရေးသမားတွေက အမြတ်ထုတ်နေတာကိုအစိုးရအနေနဲ့
မြင်သင့်တယ်။ ကျွန်တို့တွေအနေနဲ့ ဆန္ဒပြမှ သိမှာလား ” ဟု ဟိုင်းလတ်ယာဉ်မောင်းတစ်ဦး ဖြစ်သူကိုကျော်နိုင်ဦးကဆိုသည်။

ရန်ကုန်မြို့ မှ ခရီးသည်တင် ယာဉ်အိုယာဉ်ဟောင်းများအပ်နှံခြင်း လုပ်ငန်းအားကုန်လမ်းပို့ဆောင်ရေးဦးစီး ဌာနအနေဖြင့်  ၂၀၁၁ ခုနှစ်တွင် စတင်
လုပ်ဆောင်ခဲ့ပြီးယခုလက်ရှိတွင် အပ်ပြီး အစီးရေ တစ်သောင်း ကျော်ရှိပြီး ပြန်လည်တင်သွင်းလာသည့် ယာဉ်အစီးရေသည် ငါးထောင် ကျော်သာရှိ
သေးကြောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

နှင်းနွယ်
The Myanma Age