လေစုပ်ပန်ကာ အပူလွန်လောင်သည့်မီး နေအိမ်ခြောက်လုံးကုန်

ပို့စ်တင်ချိန် - 4/27/2014 02:42:00 PM

မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေသူများက မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ - နစ်ကီ)

လှိုင်မြို့နယ်အတွင်းရှိ မွေ့ရာလုပ်ငန်း လုပ်ကိုင်သည့် နေအိမ်တွင် လေစုပ်ပန်ကာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားရာ စုစုပေါင်း နေအိမ် ခြောက်လုံး မီးလောင်ဆုံးရှုံး ခဲ့သည်။

လှိုင်မြို့နယ် ၁၃ ရပ်ကွက် ၆ လမ်းရှိ မွေ့ရာလုပ်ငန်းလုပ် ကိုင်သော အိမ်တစ်အိမ်တွင် ဧပြီ ၂၆ ရက် နေ့လယ် ၃ နာရီအချိန် ခန့်က ယင်းအိမ်ရှိ လေစုပ်ပန်ကာ အပူလွန်ကဲရာမှ တစ်ဆင့် မီးစ လောင်ခဲ့ပြီး အနီးရှိ အိမ်များကို မီးကူးစက်ခဲ့ရာ အိမ်ခြောက်လုံး မီးလောင်ဆုံးရှုံး ခဲ့ခြင်း ဖြစ်သည်။

မိနစ်လေးဆယ်ခန့်အကြာ တွင် မီးငြှိမ်းသတ်နိုင်ခဲ့သော် လည်း နောက်ဆုံးကူးစက်လောင် ကျွမ်းခဲ့သည့် အိမ်ခေါင်မိုးမှ မီး ကြွင်းမီးကျန်များကိုမူ ဆက်လက် ငြှိမ်းသတ်ခဲ့ရသည်။

‘‘မီးကို ကျိတ်ပြီး ငြှိမ်းနေလို့။ အစောကြီးကတည်းက သိရင် ဒီလောက် ဆုံးရှုံးခဲ့မှာမဟုတ်ဘူး။ မီးသတ်တွေကလည်း ရောက်တဲ့အချိန်ကတည်းက တန်းမငြှိမ်းဘူး။  အမိန့်စောင့်နေရတာထင်တယ်’’ ဟု မီးလောင်မှုတွင် ပါဝင်ငြှိမ်း သတ်ခဲ့သည့် အဆိုပါရပ်ကွက် တွင် နေထိုင်သူတစ်ဦးက ပြော သည်။

မီးစတင်လောင်သည့် အိမ် အနီးတွင် နေထိုင်သည့် အမျိုးသ မီးတစ်ဦးကလည်း ၎င်းတို့သည် လွန်ခဲ့သည့် ကိုးနှစ်ခန့်က လှိုင် ၁၃ရပ်ကွက် မီးလောင်မှုကို ကြုံခဲ့သူများဖြစ်ကာ ယခုတစ်ကြိမ် ထပ်မံဆုံးရှုံးရပါက ပြန်၍ နာလန်ထူနိုင်တော့မည်မဟုတ်ကြောင်း ပြောသည်။

‘‘တော်သေးတယ်။ ဒီတစ်ခါ သာထပ်ပါရင် နာလန်ထူတော့မှာ မဟုတ်ဘူး’’ဟု ၎င်းကပြောသည်။

မီးလောင်မှုဖြစ်ပွားသည့် ပတ်ဝန်းကျင်တွင် အိမ်များ အလွန်နီးကပ်နေသောကြောင့် ယင်းရပ်ကွက်နှင့် အနီးအနားတွင် နေထိုင်သူများမှာ စိုးရိမ်ထိတ်လန့်ခဲ့ကြပြီးအထုပ်များပြင်ဆင်ခဲ့ကြသည်။

‘‘သုံးနာရီလောက်မှာ သိ တာ။ သိတဲ့အချိန်အိမ်ပေါ်တက် ကြည့်တော့ မီးတွေက အပြင် တောင်ထွက်နေပြီ။ အဲဒါနဲ့ ဘာ လုပ်ရမှန်းကို မသိတော့ဘူး။ အထုပ်တွေ အဆင်သင့်ပြင်ထား ပြီး အိမ်ရှေ့ကို ပစ်ချထားတာ’’ ဟု မီးလောင်သည့် အိမ်၏ ခြေ ရင်းဘက်တွင်နေထိုင်သော အသက် ငါးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။

မီးသတ်ယာဉ်အစီးလေး ဆယ်နှင့် မီးသတ်တပ်ဖွဲ့ဝင်သုံး ရာခန့် လာရောက်မီးငြှိမ်းသတ်ခဲ့ ပြီး မီးစတင်လောင်ခဲ့သည့် အိမ် ရှင်ဖြစ်သူကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Author: ခန့်ထက် / ဇွဲဉာဏ်
7Day Daily