အိန္ဒိယရေတပ်သင်္ဘောများ ရန်ကုန်သို့ ယနေ့ဆိုက်ရောက်မည်

ပို့စ်တင်ချိန် - 4/27/2014 07:13:00 PM


ရန်ကုန်၊ ဧပြီ-၂၆

စစ်သင်္ဘောသုံးစင်းဖြင့် ဖွဲ့စည်းထားသော အိန္ဒိယရေတပ်လေ့ကျင့်ရေး သင်္ဘောအုပ်စုတစ်စုသည် မြန်မာနိုင်ငံသို့ လေးရက်ကြာချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဧပြီ ၂၇ ရက်တွင်ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ
ဆိုင်ရာအိန္ဒိယသံရုံး၏ ထုတ်ပြန်သည့်သတင်းထုတ်ပြန်ချက်၌ ဖော်ပြ
ထားသည်။

အိန္ဒိယရေတပ်လေ့ကျင့်ရေးသင်္ဘောအုပ်စုမှ စစ်သင်္ဘောသုံးစင်းသည် ရန်ကုန်မြို့သီလ၀ါနိုင်ငံတကာဆိပ်ကမ်း၌ ဆိုက်ကပ်ထားမည်ဖြစ်ကြောင်း သိရသည်။

အိုင်အင်န်အက်စ်ဂါရီယယ်လ်၊ အိုင်အရန်အက်စ်ဆုဂျတာနှင့် ကမ်းခြေ
စောင့်တပ်ဖွဲ့သင်္ဘောဝရုဏတို့ဖြင့် ဖွဲ့စည်းထားသောအဆိုပါ ရေတပ်
လေ့ကျင့်ရေးသင်္ဘောအုပ်စုတွင် အိန္ဒိယရေတပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့
တို့မှအရာရှိပေါင်း ၁၂၅ ဦး လိုက်ပါလာကြသည်။

မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း အိန္ဒိယရေတပ်သင်္ဘောများမှ တပ်မှူးများသည်မြန်မာအစိုးရနှင့် စစ်ဘက်တို့မှ တာဝန်ရှိသူများနှင့်
တွေ့ဆုံမည်ဖြစ်ကြောင်း အိန္ဒိယသံရုံးသတင်းထုတ်ပြန်ချက်၌
ဖော်ပြထားသည်။

ယင်းအပြင် မြန်မာချစ်ကြည်ရေး ခရီးစဉ်အတွင်း အိန္ဒိယရေတပ်ဖွဲ့
ဝင်များသည် ရန်ကုန်မြို့ သန်လျင်ခရိုင်ဆေးရုံ၌ ဧပြီ ၂၉ ရက်မှစ၍
အခမဲ့ဆေးဝါးကုသမှုများ ပြုလုပ်ပေးမည့်အပြင်အခြားလူမှုရေးလုပ်ငန်း
များကိုပါ လုပ်ဆောင်သွားမည်ဖြစ်သည်။

အလားတူ အိန္ဒိယရေတပ်စစ်တီးဝိုင်းကရန်ကုန်မြို့ အမျိုးသားကဇာတ်
ရုံ ၌ ဂီတဖျော်ဖြေပွဲတစ်ရပ် ကျင်းပမည်ဖြစ်သည်။ အိန္ဒိယရေတပ်
လေ့ကျင့်ရေး သင်္ဘောအုပ်စုသည်ရန်ကုန်မြို့သို့မရောက်ရှိမီ စင်ကာပူ
နိုင်ငံနှင့်ထိုင်းနိုင်ငံ ဖူးခက်မြို့သို့ အရင်ဝင်ရောက်ခဲ့ကြောင်းသိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ