ကမ္ဘာကျော် Air Supply အဖွဲ့နှင့် လေးဖြူတို့ Iron Cross အဖွဲ့ ပူးပေါင်း ဖျော်ဖြေမည်

ပို့စ်တင်ချိန် - 7/30/2013 02:35:00 PM


ရန်ကုန်၊ ဇူလိုင်၂၉

သြစတြေးလျနိုင်ငံမှ နာမည်ကြီး အဖွဲ့တစ်ဖွဲ့ဖြစ်သော Air Supply အဖွဲ့နှင့် မြန်မာနိုင်ငံမှ နာမည်ကျော် တေးဂီတအဖွဲ့ဖြစ်သော Iron Cross အဖွဲ့တို့ ပူးပေါင်း၍ ဖျော်ဖြေပွဲ တစ်ခုကို ရန်ကုန်မြို့ရှိ MCC ခန်းမ၌ သြဂုတ်လ ၁၅ ရက်နေ့ ည ၇ နာရီအချိန်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ထူးဖောင်ဒေးရှင်းမှ ဦးပေါ်မြင့်ဦးက ပြောကြားသည်။

“ဒီပွဲကို လုပ်ဖြစ်တာက Air Supply အဖွဲ့က asia tour ဆိုပြီးတော့ နိုင်ငံတွေ လှည့်ဖျော်ဖြေပွဲပုံစံ လုပ်တာကို ကျွန်တော်တို့ နိုင်ငံကိုလည်း လာရောက် ဖျော်ဖြေစေချင်လို့ မလေးရှားက Entertainment တစ်ခုနဲ့ ဆက်သွယ်ပြီး လုပ်ဖြစ်သွားတာပါ” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ အဖွဲ့သည် မြန်မာနိုင်ငံသို့ သြဂုတ်လ ၁၄ ရက်နေ့တွင် ရောက်ရှိ မည်ဖြစ်ပြီး Kandawgyi Palace ဟိုတယ်တွင် တည်းမည် ဖြစ်ကြောင်း၊ ယင်းပွဲ ဖြစ်မြောက်ရန်အတွက် Bagan Entertainment နှင့် ထူး ဖောင်ဒေးရှင်းတို့ ပူးပေါင်း စီစဉ်ဖြစ်ပြီး ၎င်းတို့ လာရောက်စဉ် ကုန်ကျစရိတ်များကို တာဝန်ယူထားကြောင်း၊ Iron Cross အဖွဲ့ ပါဝင်ရခြင်း မှာ ထူးဖောင်ဒေးရှင်းက ကမ်းလှမ်းသောကြောင့် ပါဝင်ဖြစ်ကြောင်း၊ ဖျော်ဖြေ ချိန်ကို ၁ နာရီနှင့် ၁၅ မိနစ်ခန့် တစ်လှည့်စီ ဖျော်ဖြေမည် ဖြစ်ကြောင်း ထူးဖောင်ဒေးရှင်းမှ စီစဉ်သူ ဦးပေါ်မြင့်ဦးက ပြောကြားသည်။

“ဒီပွဲကို လက်ခံဖြစ်တာက ထူးဖောင်ဒေးရှင်းက ဦးစီးပြီးတော့ ပြည်တွင်း Band အနေနဲ့ ပါဝင်ပေးပါလို့ ကမ်းလှမ်းလာလို့ ပါဝင်ဖြစ်တာပါ။ ဒီအဖွဲ့ကို ကျွန်တော်တို့လို အရင်က မျိုးဆက်တွေပဲသိတာ များတယ်။အခု လူငယ်တွေ က သိပ်မသိကြဘူး။အခုလို နာမည်ကြီး အဖွဲ့ တစ်ဖွဲ့နဲ့ ပူးပေါင်း ဖျော်ဖြေရ မယ်ဆိုတော့ အရမ်း ဂုဏ်ယူပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့က အဓိက မဟုတ်ပါဘူး” ဟု Iron Cross အဖွဲ့မှ ဂီတာ တီးခတ်သူ ဦးချစ်စမ်းမောင်က ဆိုသည်။

Air Supply အဖွဲ့၏ သီချင်းများကို မြန်မာနိုင်ငံမှ တေးသံရှင်များက မြန်မာ မှုပြုကာ သီဆိုခဲ့ကြပြီး ယင်းအနက် Making Love Out of Nothing At All သီချင်းကို တေးသံရှင် အေးချမ်းမေက ဇာတ်ဆရာအလိုကျ အမည်ဖြင့် သီဆိုခဲ့ရာ အောင်မြင်မှု ရရှိခဲ့သည်။

Air Supply အဖွဲ့ကို ၁၉၇၅ ခုနှစ်တွင် Chrissie Hammond၊ Russell Hitchcock၊ Graham Russel စသော အဖွဲ့သား သုံးဦးဖြင့် စတင် ဖွဲ့စည်း ခဲ့ပြီး တေးစီးရီး Album ၁၇ ချပ်နှင့် Single သီချင်းများစွာ ဖြန့်ချိထားသည်။ အဆိုပါ တေးစီးရီးများအနက် Lost in Love၊ The one that you love၊ Now& Forever နှင့် Greatest Hits စီးရီးများမှာ ကမ္ဘာတစ်ဝန်း ချပ်ရေ သန်း ၂၀ ကျော် ရောင်းချခဲ့ရသည်။
The Voice Weekly