သံတော်ဆင့် ဂျာနယ်တွင် ဖော်ပြခဲ့သည့် နည်းပညာ တက္ကသိုလ်မှ မဖွယ်မရာ ဗီဒီယိုဖိုင်ကိစ္စနှင့် ပတ်သက်၍ (သန်လျင်)နည်းပညာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ရှင်းလင်း

ပို့စ်တင်ချိန် - 7/30/2013 09:49:00 AM

အတွဲ (၂)၊ အမှတ် (၁၉၊ ၂၀) ၊ ဇူလိုင်လ အတွင်းက ထုတ်ဝေခဲ့သည့် သံတော်ဆင့် ဂျာနယ်တွင် ဖော်ပြထားသော အိတ်ဖွင့်ပေးစာနှင့် နည်းပညာ တက္ကသိုလ်(သန်လျင်)မှ မဖွယ်မရာ ဗီဒီယိုဖိုင်ကိစ္စ သတင်းတွင် ပါဝင်သည့် လူမှုရေးကိစ္စနှင့် ပတ်သက်၍ အချက်အလက်များမှာ မှားယွင်းနေကြောင်း ဇူလိုင် ၂၈ ရက်တွင် နည်းပညာတက္ကသိုလ် (သန်လျင်)ရှိ ကျောင်းသားသမဂ္ဂက ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အင်တာာနက်ပေါ်တွင် ပျံ့နှံ့ခဲ့သော ကျောင်းသားကျောင်းသူ နှစ်ဦး၏ မဖွယ်မရာ ပြုမှုကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်အား ပါမောက္ခချုပ်မှ ကျောင်းသူ၊ ကျောင်းသားများရှေ့တွင် ပရိုဂျက်တာဖြင့် ပြသသောကြောင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ယင်းပါမောက္ခချုပ်ကို နုတ်ထွက်ခိုင်းသည်ဟု မြန်မာသံတော်ဆင့် ဂျာနယ်တွင် ရေးသားခြင်းနှင့် အရေးပေါ် အိတ်ဖွင့်ပေးစာတွင် ပါရှိသည့် ဗီဒီယို ရိုက်ကူးရာတွင် ဆရာတစ်ဦး ပါဝင်သည် ဟူသော စသည့်အချက်များမှာ မှားယွင်းနေ၍ ကျောင်းသားများက ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''ဇွန် ၂၆ ရက်က ကျွန်တော်တို့ တက္ကသိုလ်မှာ ချစ်သူနှစ်ဦး မဖွယ်မရာ ဖြစ်ပွားခဲ့တယ် ဆိုတာအမှန်ပါ။ အဲဒါကို ကျောင်းသား အချို့ကတွေ့ပြီး လူငယ်ပီပီ ဗီဒီယိုဖိုင်တွေ ဖြန့်ခဲ့တာကနေ အွန်လိုင်းပေါ်ရောက်ပြီး ပြည်သူတွေ သိကုန်ကြတာပါ။ အပြုသဘောနဲ့ ဝေဖန်တာကို လက်ခံပေမယ့် သံတော်ဆင့် ဂျာနယ်က ကျွန်တော်တို့ ကျောင်းသားတွေကို ဖေးမကူညီမှု မရှိဘဲ ရေနစ်သူကို ၀ါးကူထိုးသလို ဖြစ်နေပါတယ်'' ဟု ကျောင်းသားသမဂ္ဂမှ ကိုကျော်ဇင်ထက်က ဆိုသည်။
''ပါမောက္ခချုပ် ဆိုတာက ပညာရေးမှာကော အဘက်ဘက်မှာတော်လို့ ထူးချွန်လို့ ပါမောက္ခချုပ် ဖြစ်လာတာပါ။ စဉ်းစားဥာဏ်မဲ့စွာနဲ့ ဒီဗီဒီယိုဖိုင်ကို ကျောင်းသား၊ ကျောင်းသူတွေရှေ့မှာ ပရိုဂျက်တာနဲ့ ပြသမှာ မဟုတ်ဘူးဆိုတာ စဉ်းစားကြည့်ရင် သိနိုင်မှာပါ။ အရေးပေါ် အိတ်ဖွင့်ပေးစာမှာ သန်လျင်မှာရှိတဲ့ တည်းခိုခန်းတွေမှာ GTC(TU) ၀တ်စုံ အပြည့်နဲ့ အခန်းတိုင်းအပြည့် ကျောင်းသူ၊ ကျောင်းသားတွေ ရှိတယ်လို့ ရေးသားတာဟာ ပါးစပ်သတင်းများကို သက်ဆိုင်ရာကို အတည်ပြု မေးမြန်းခြင်း မရှိဘဲ ရေးသားထား တဲ့အတွက် ကျောင်းသားထုကိုယ်စား ရှုတ်ချပါတယ်'' ဟု ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသူမသန္တာ၏ ပြောကြားချက်အရ သိရသည်။
''နည်းပညာ တက္ကသိုလ်ဆိုတာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော်တို့က သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန လက်အောက်မှာ ရှိတာပါ။ ပညာရေး ၀န်ကြီးဌာနနဲ့လည်း မဆိုင်ပါဘူး။ ကျွန်တော်တို့ ကျောင်းက သ.ပ.န လက်အောက်မှာ ရှိတာပါ။ တစ်နိုင်ငံလုံးမှာရှိတဲ့ ၀ိဇ္ဇာနဲ့သိပ္ပံ ကျောင်းတွေ ဆိုရင်တော့ ပညာရေးဝန်ကြီးဌာန လက်အောက်မှာ ရှိတာပါ'' ဟု ကိုကျော်ဇင်ထက်က ပြောကြားခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ''ကျွန်တော်တို့နဲ့လည်း မဆိုင်ပါဘူး။ ဒီဘက်က နုတ်ထွက်ခိုင်းတာ မဟုတ်သလို အဲဒီကိစ္စနဲ့ ပတ်သက်လို့ မသိပါဘူး'' ဟု ဆိုသည်။
''ဒီဗီဒီယိုဖိုင်ကို ကျွန်တော်တို့ သေသေချာချာ စစ်ဆေးပြီးပါပြီ။ အသံတွေကိုလည်း သေချာနားထောင်ပြီးပြီ။ ကျောင်းသား အသံတွေပါ။ ဆရာတစ်ယောက်မှ မပါပါဘူး'' ဟု BE(Civil) မှ ကိုပြည့်စုံအောင်က ပြောကြားသည်။
ယခုကဲ့သို့ မီဒီယာများအား ခေါ်ယူ၍ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် သက်ဆိုင်ရာ ဆရာ၊ ဆရာမများ ပါဝင်မှု မရှိသော်လည်း အဆိုပါ ရှင်းလင်းပွဲ ပြုလုပ်ရန် ကျောင်းသား၊ ကျောင်းသူများအား ဖိအားပေး လုပ်ဆောင်ခိုင်းခြင်း မရှိကြောင်း သိရသည်။

Eleven