ဆီးဂိမ်းစ်တွင် ပြည်ပမှလာရောက်မည့် အားကစားသမားများအတွက် သုံးလခံ မိုဘိုင်းဆင်းမ်ကတ် အရေအတွက် သုံးသောင်း ထုတ်ပေးမည်

ပို့စ်တင်ချိန် - 10/25/2013 11:15:00 AM



၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် မှ ၂၂ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နိုင်ငံအသီးသီးမှ လာရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက်
သုံးလခံ မိုဘိုင်းဆင်းမ်ကတ် အရေအတွက် သုံးသောင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒုတိယအထွေထွေ မန်နေဂျာ ဦးသိန်းဟုတ်က ပြောကြားသည်။

နိုင်ငံအသီးသီးမှ လာရောက်ယှဉ်ပြိုင်ကစားမည့် အားကစားသမားများ၏ အရေအတွက်မှာ ရှစ်ထောင်ကျော်ရှိပြီး ပါဝင်မည့် ဒိုင်လူကြီးများ၊ နည်းပြများအပါအ၀င် အားကစားပွဲများတွင် ပါဝင်မည့်သူများကိုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဆင်းမ်ကတ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''ဒီမှာလာပြီးတော့ ကစားမယ့် ကစားသမားတွေအတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သုံးလခံ မိုဘိုင်းဆင်းမ်ကတ်တွေကို ထုတ်ပေးသွားမှာပါ။ အကုန်လုံး အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။ ဒီဆင်းကတ်တွေကို ပေးတာက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တစ်ခုတည်းက ပေးတာပါ။ အပြင်ကုမ္ပဏီတွေ တစ်ခုမှ မပါဘူး''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးသိန်းဟုတ်က ဆက်လက်ပြောကြားသည်။

''ဆီးဂိမ်းစ် ကျင်းပမည့်နေရာများမှာ ရန်ကုန်၊ နေပြည်တော် မန္တလေးနှင့် ငွေဆောင်တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ဆီးဂိမ်းစ်အဖွင့်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဆီးဂိမ်းစ်ကာလအတွင်း ရန်ကုန်မြို့ရှိ နေရာအများစု၌ အင်တာနက်အသုံးပြုနိုင်ရန်အတွက် Wi-Fi များကိုလည်း ပြုလုပ်တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ရှိ အားကစားရွာအား တွေ့ရစဉ် (ဓာတ်ပုံ-ညီညီစိုးညွှန့်)
Eleven Media Group