နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာ ပြည်ထောင်စုလွှတ်တော် အတည်မပြု

ပို့စ်တင်ချိန် - 10/25/2013 07:15:00 PM


နေပြည်တော်၊ အောက်တိုဘာ ၂၄

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တည်ဆောက်ရန် စီစဉ်ထားသော ၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ပြောင်းလဲ တည်ဆောက်ရန် အစီအစဉ်ကို အတည်ပြုပေးရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပေးပို့လာသော သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်က အတည်မပြုဘဲ နိုင်ငံတော် သမ္မတထံ ပြန်လည် ပေးပို့ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

အဆိုပါ သဝဏ်လွှာကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ကန့်ကွက်သဖြင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အတည်မပြုဘဲ နိုင်ငံတော်သမ္မတထံ ပြန်လည် ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

ယင်းသဝဏ်လွှာကို နိုင်ငံတော်သမ္မတက အောက်တိုဘာလ ၂၄ ရက်နေ့ တွင် ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ EXIM ဘဏ်မှ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၁ သန်း ချေးယူကာ မွန်ပြည်နယ်တွင် တည်ဆောက်မည့် အဆိုပါ စီမံကိန်းသည် မွန်ပြည်နယ် သာမက ကရင်ပြည်နယ် အပါအဝင် ကျေးလက် ဒေသများအတွက် ဖြစ်ကြောင်း၊ ယင်းစီမံကိန်းကိစ္စကို ဒေသခံများနှင့် တွေ့ဆုံစဉ် ကတိပေး ပြောကြားထားပြီး ဖြစ်ရာ ယခုကဲ့သို့ နေရာဒေသ ပြောင်းရွှေ့ တည်ဆောက်လိုက်ပါက လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် ပြည်သူရှေ့တွင် အရှက်ရစေမည် ဖြစ်ကြောင်း ဒေါက်တာဗညားအောင်မိုးက ပြောသည်။
“ကျွန်တော်တို့ဒေသမှာ ဒီလို အောင်မြင်လာပါတယ်လို့ ဂုဏ်ယူဝင့်ကြွားစွာ ရှင်းပြထားပြီးတဲ့နောက်မှာ ဒီလိုနောက် တစ်နေရာကို ပြောင်းရွေ့လိုက်မယ် ဆိုရင် ပြည်နယ်အစိုးရနဲ့ လွှတ်တော် ကိုယ်စားလှယ် တွေ မျက်နှာ ဘယ်မှာထားရမလဲ၊ သိက္ခာ ဘယ်လောက်ကျမလဲ၊ ကိုယ်ချင်းစာ ပေးစေချင်ပါတယ်” ဟု ၎င်းကလွှတ်တော်တွင် ပြောဆိုသည်။

အဆိုပါ စီမံကိန်းကို မွန်ပြည်နယ်တွင် တည်ဆောက်ရန် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေး အတည်ပြုထားခြင်း ဖြစ်ပြီး ယင်းသို့ ဒေသပြောင်းလဲ တည်ဆောက်မည် ဆိုပါက တိုင်းရင်းသား အချင်းချင်း သွေးစည်း ညီညွတ်ရေးကို ထိခိုက်နိုင်ကြောင်း ဒေါက်တာ ဗညားအောင်မိုး ထောက်ပြ ပြောဆိုသည်။
“မိသားစုတစ်စုမှာ သားသမီး နှစ်ယောက်ကို တစ်ယောက်ကို အစာကျွေးပြီး ပါးစပ်ထဲ ရောက်နေမှ ပြန်နှိုက်ပြီး နောက်တစ်ယောက်ကို ကျွေးတယ်ဆိုရင် သားသမီးနှစ်ယောက် စိတ်ဝမ်းကွဲပြားမှု ဖြစ်ပါလိမ့်မယ်” ဟု ဒေါက်တာဗညားအောင်မိုးက ဥပမာပေး ပြောဆိုသည်။

ထိုကဲ့သို့ တိုင်းရင်းသားအရေး ဆွေးနွေးမှုတွင် အရုပ်ဆိုးစေသည့် ကိစ္စရပ်များ ဖြစ်ပေါ်မလာစေရန်နှင့် တိုင်းရင်းသား အရေးကို ရှေးရှု၍ လွှတ်တော်တွင် ဆက်လက် ဆွေးနွေးမှု မပြုလုပ်ရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာကို အတည်ပြုမည့် အစီအစဉ်ကို ရုပ်သိမ်းကြောင်းနှင့် သဝဏ်လွှာကို နိုင်ငံတော်သမ္မတထံ ပြန်ပို့ကာ ညှိနိုင်းဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

The Voice Weekly