လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းများ တိုးတက် လာကြောင်း ပြည်ထောင်စုလွှတ်တော် နာယကဆို

ပို့စ်တင်ချိန် - 10/25/2013 07:14:00 PM


နေပြည်တော်၊ အောက်တိုဘာ ၂၄

လွှတ်တော်သက်တမ်း ၂ နှစ်ခွဲ ကာလအတွင်း လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်းများ တိုးတက် လာကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အောက်တိုဘာ ၂၄ ရက်နေ့တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ခန်းမဆောင်တွင် ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်တွင် အောက်တိုဘာ ၂၄ ရက်နေ့က ဆွေးနွေးသော ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးအပေါ် အချက်အလက် ခိုင်မာစွာ ထောက်ပြ ဆွေးနွေးနိုင်သည့် လွှတ်တော် ကိုယ်စားလှယ်များကို ရည်ညွန်း၍ ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ်များသည် နိုင်ငံဘဏ္ဍာငွေ လေလွင့်မည်ကို စိုးရိမ်သောကြောင့် ဆွေးနွေးခဲ့ကြောင်း၊ ပြီးခဲ့သည့် တစ်နှစ်ကျော်ခန့်ကထက် လွှတ်တော် ကိုယ်စားလှယ်များ အရည်အသွေးပိုင်း တိုးတက်လာကြောင်း ၎င်းကရှင်းပြသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုများ အပေါ်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနေလင်းက ကျန်းမာရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုအပေါ် အချက်အလက် အတိအကျဖြင့် ထောက်ပြဝေဖန် ခြင်း၊ ရခိုင်ပြည်နယ် ဂွမြို့နယ် မဲဆန္ဒနယ်မှ ဦးကြည်သာက ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ဖြည့်စွက် ဘဏ္ဍာငွေ တင်ပြမှုအပေါ် ထောက်ပြခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် များထံမှ သိရသည်။

ထို့ပြင် မွန်ပြည်နယ် မော်လမြိုင်တွင် တည်ဆောက်မည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ပြောင်းရွှေ့ တည်ဆောက်ရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူရာတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက အဆိုပါ ကိစ္စသည် မွန်တိုင်းရင်းသားများနှင့် ရခိုင်တိုင်းရင်းသားများကို စိတ်ဝမ်းကွဲစေနိုင်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေသည်ဟု အစိုးရကို အချက်အလက် ခိုင်မာစွာဖြင့် ထောက်ပြခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မှ စတင်ပေါ်ပေါက်လာသော လွှတ်တော် အရပ်ရပ်ရှိ လွှတ်တော် ကိုယ်စားလှယ်များသည် အစည်းအဝေးအတွင်း အိပ်ငိုက်ခြင်းနှင့် ပုတီးစိပ်ခြင်း ကဲ့သို့သော အပြုအမူများကို မီဒီယာ အချို့က ဝေဖန်ခဲ့ကြသည်။

The Voice Weekly