DD တက္ကစီ (အငှားယာဉ်) နံပါတ်များ နိုဝင်ဘာလအတွင်း ထုတ်ပေးမည်

ပို့စ်တင်ချိန် - 10/25/2013 07:11:00 PM


ရန်ကုန်၊ အောက်တိုဘာ ၂၄

CC တက္ကစီ (အငှားယာဉ်) နံပါတ်များ ထုတ်ပေးမှုသည် ရှစ်ထောင့်သုံးရာကျော်သို့ ရောက်ရှိပြီ ဖြစ်သောကြောင့် DD နံပါတ်များကို နိုဝင်ဘာလအတွင်း ထုတ်ပေးသွားမည် ဖြစ်ကြောင်း နေပြည်တော် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။

CC တက္ကစီ ယာဉ်နံပါတ် ထုတ်ပေးမှုကို ယခုနှစ် ဇွန်လ ၅ ရက်နေ့မှ စတင်ထုတ်ပေးခဲ့ခြင်း ဖြစ်ရာ နိုဝင်ဘာလအတွင်း နံပါတ်များ ပြီးဆုံးနိုင်မည် ဖြစ်၍ ယင်းလ အတွင်းမှာပင် DD တက္ကစီယာဉ်များကို ထုတ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“CC နံပါတ်တွေက နိုဝင်ဘာလအတွင်း ပြီးမယ်။ အချိန်အတိအကျတော့ မပြောနိုင်သေးဘူး” ဟု ၎င်းကဆိုသည်။
DD တက္ကစီ ယာဉ်နံပါတ်များ ထပ်မံ ထုတ်ပေးမှုကြောင့် မော်တော်ယာဉ် ဈေးကွက်အတွင်း အရောင်းအဝယ် အေးစက်ခြင်းနှင့် ဈေးနှုန်းများ ဆက်လက်ကျဆင်းသွားနိုင်ပြီး ရန်ကုန်မြို့တွင်း တက္ကစီယာဉ်များ ပိုမိုများပြား လာနိုင်ကြောင်း သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်း ဦးကျော်မြင့်အောင်က သုံးသပ် ပြောကြားသည်။
“ဒီလိုတွေ လုပ်ပေးတာ ကောင်းပါတယ်။ ဒါပေမဲ့ အဲလိုတွေ ထုတ်ပေးတာတော့ မော်တော်ယာဉ် ဈေးကွက်ကိုတော့ ထိခိုက်နိုင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

လက်ရှိ တက္ကစီယာဉ် တစ်စီးလျှင် ကျပ်သိန်းတစ်ရာအောက် ခန့် ဈေးပေါက်လျက်ရှိပြီး လတ်တလော မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲမှု များကြောင့် ဈေးကျနိုင်သော်လည်း အတိအကျမှန်း၍ မရနိုင်သေးကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
The Voice Weekly