ဆီးဂိမ်းပွဲ ပြည်သူ့အခွန်ငွေ အသုံးစရိတ် ပြည်သူများသိရန် ထုတ်ပြန်နိုင်ခြင်းမရှိ

ပို့စ်တင်ချိန် - 10/25/2013 05:26:00 PM


ရန်ကုန်၊ အောက်တိုဘာ ၂၃

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပပြုလုပ်ရန် တိုင်းဒေသကြီးအလိုက် ပြိုင်ပွဲ အားကစားရုံများ တည်ဆောက်ရန်အတွက် နိုင်ငံတော်အစိုးရမှ အသုံးစရိတ် (ဘတ်ဂျက်)များ ချပေးရာတွင် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရေး ကော်မတီအနေဖြင့် ဘတ်ဂျက် လျာထားငွေနှင့် ပတ်သက်၍ ပြည်သူများ သိရှိစေရန် ထုတ်ပြန် ပြောဆိုခွင့် မရှိကြောင်း အောက်တိုဘာ၂၂ ရက်တွင် အဆိုပါ ကော်မတီ၏ တာဝန်ရှိသူ တစ်ဦးက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ဆီးဂိမ်းပြိုင်ပွဲအတွက် ဘတ်ဂျက် လျာထားမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆိုခွင့် မရှိကြောင်းနှင့် ဖြေသင့်ဖြေထိုက်သော အချိန်မှသာ ထုတ်ပြန်မည် ဖြစ်ကြောင်း ““ဘတ်ဂျက် လျာထားချက်ကို ပြောလို့ မရသေးပါဘူး။ ကျွန်တော်က အာဏာပိုင် မဟုတ်ဘူးလေ။ ဖြေသင့်တဲ့ အချိန်ကျရင် ဖြေပါ့မယ်။ ဘယ်တော့ လောက် ဖြေမယ် ဆိုတာလည်း ပြောလို့မရပါဘူး။ နောက်တစ်ခုက ဒီဘတ်ဂျက်ကိစ္စက သိပ်မဆိုင်ဘူးနဲ့ တူပါတယ်”” ဟု ၎င်းက ပြောကြားခဲ့သည်။ …

အစိုးရသစ် လက်ထက်တွင် ဒီမိုကရေစီ နည်းစနစ်နှင့်အညီ ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ကြောင်း ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရ ဖြစ်ရန်အတွက် အဓိက လိုအပ်ချက်မှာ ပွင့်လင်းမြင်သာ မှုသာဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားထားခဲ့ပြီး နိုင်ငံတော်၏ ဘတ်ဂျက်သည် ပြည်သူလူထု၏ အခွန်ငွေဖြစ်၍ နိုင်ငံတော်၏ အသုံးစရိတ်များ အားလုံးကို ပြည်သူများ သိရှိရန် လိုအပ်သည်ဟု နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေးပညာရှင် ဒေါက်တာ အောင်ထွန်းသက်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

““နိုင်ငံတော်ဘတ်ဂျက်ဆိုတာ တကယ်တော့ ပြည်သူတွေရဲ့ ဘတ်ဂျက်ပါပဲ။ နိုင်ငံတော် အသုံးစရိတ်က ပြည်သူတွေနဲ့ ဆိုင်ပါတယ်။ အခြေခံ တစ်ခုကတော့ ဘတ်ဂျက်သည် ပြည်သူတွေ သိဖို့ လိုတယ်။ ပြည်သူတွေအတွက် ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်”” ဟု ၎င်းက ပြောသည်။

ဆီးဂိမ်း ပြိုင်ပွဲများကို မြန်မာနိုင်ငံတွင် ၂၀၁၃ ဒီဇင်ဘာလတွင် စတင်၍ ကျင်းပ သွားမည်ဖြစ်ပြီး နှစ်ပေါင်း ၄၄ နှစ် အကြာတွင် ယခုကဲ့သို့ တစ်ဖန်ပြန်လည် ကျင်းပခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲများ ကျင်းပရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်နှင့် ရွက်လှေပြိုင်ပွဲများ ကျင်းပရန်အတွက် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ပုသိမ် ငွေဆောင်ကမ်းခြေ စသည့် မြို့များတွင် ပြိုင်ပွဲ အားကစားရုံများ၊ အားကစားကွင်းများနှင့် အားကစားလမ်းများ၊ တည်းခိုမည့် အားကစား ရွာတို့ကို တည်ဆောက်လျက် ရှိပြီး ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲနှင့် ပိတ်ပွဲများအတွက် ကျပ်ငွေ ခုနစ်ဘီလီယံ အထိ အသုံးပြုသွားမည် ဖြစ်ကြောင်း၊ အခမ်းအနား ပြင်ဆင်ရန်အတွက် တရုတ်နိုင်ငံမှ ကျွမ်းကျင် ပညာရှင် အယောက် ၁၅၀ လာရောက် ကူညီမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်မှ ဆီးဂိမ်းပြိုင်ပွဲအတွက် သြစတြေးလျနိုင်ငံမှ ဒေါ်လာနှစ်သောင်းတန် မြင်း ၂၄ ကောင်အား ၀ယ်ယူသွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်းက ပြည်တွင်း မီဒီယာများကို ပြောကြားခဲ့သည်။

ဇာခြည်၊ တင်ဇာ

မြန်မာ သံတော်ဆင့်