၂၀၁၄ ကမ္ဘာ့ဖလားပွဲ အုပ်စု ၈ အုပ်စု ခွဲဖို့အတွက် ပင်မအသင်း ၈ သင်း သတ်မှတ်ရာမှာ ရွေးချယ်မှု နည်းလမ်းသစ်တွေအရ အသင်းကြီးတွေဖြစ်တဲ့ အင်္ဂလန်၊ အီတလီနဲ့ ပြင်သစ်အသင်းတွေ မပါဝ

ပို့စ်တင်ချိန် - 10/18/2013 08:44:00 AM


ရှေ့နှစ် ဘရာဇီးမှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလားပွဲ အုပ်စု ၈ အုပ်စု ခွဲဖို့အတွက် ပင်မအသင်း ၈ သင်း သတ်မှတ်ရာမှာ ရွေးချယ်မှု နည်းလမ်းသစ်တွေအရ အသင်းကြီးတွေဖြစ်တဲ့ အင်္ဂလန်၊ အီတလီနဲ့ ပြင်သစ်အသင်းတွေ မပါဝင်ဘူးလို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာက အတည်ပြု ပြောကြားခဲ့ပါတယ်။

လတ်တလော ခြေစွမ်းနဲ့ ရလဒ်တွေကို အကဲဖြတ်ပြီး သတ်မှတ်တဲ့ ဖီဖာရဲ့ အဆင့်သတ်မှတ်မှု နည်းလမ်းသစ်တွေအရ ကမ္ဘာ့ ထိပ်သီး ၇ သင်းထဲမှာ အင်္ဂလန်၊ အီတလီနဲ့ ပြင်သစ်အသင်းတွေ မပါဝင်တာ ဖြစ်ပါတယ်။

အဲဒီ ပင်မ အသင်း ၈ သင်းမှာ အိမ်ရှင် ဘရာဇီးက အလိုအလျောက် အုပ်စု(က)အတွက် ပင်မ အသင်း ဖြစ်မှာဖြစ်ပြီး ကျန်တဲ့ ထိပ်သီး ၇ သင်းလို့ သတ်မှတ်ခံရတဲ့ စပိန်၊ အာဂျင်တီးနား၊ ဂျာမဏီ၊ ဆွစ်ဇာလန်၊ ဘယ်လဂျီယံ၊ ကိုလံဘီယာနဲ့ ဥရုဂွေး သို့မဟုတ် နယ်သာလန်တို့က တစ်အုပ်စုစီမှာ ပင်မအသင်းတွေ ဖြစ်လာမှာဖြစ်ပါတယ်။

ဥရုဂွေးဟာ နောက်လမှာ ဂျော်ဒန်နဲ့ ပွဲပို ကစားရဦးမှာ ဖြစ်ပြီး အဲဒီမှာ ရှုံးခဲ့ရင်တော့ နယ်သာလန်က ဥရုဂွေးအစား အုပ်စုပင်မအသင်း ဖြစ်လာမှာပါ။

အုပ်စုတွင်း ကျန်အသင်းတွေကိုတော့ ဇုန်ဒေသအလိုက် မဲနှိုက်ရွေးချယ်မှာ ဖြစ်ပါတယ်။
BBC Burmese