စီမံကိန်းတစ်ခုအစပြုချိန် - 7Day News Journal

ပို့စ်တင်ချိန် - 10/18/2013 07:39:00 PM


ရေးသားသူ- မိုးညို

ကိုကျော်ဦး ငယ်ငယ်က နွားကျောင်းရင်း ရောက်ရှိခဲ့ဖူးသည့် လွင်ပြင်ကျယ်ကြီးအတွင်း ယခုရက်ပိုင်း သူမမြင်ဖူးသည့် လူစိမ်းများ ကားကြီးကားငယ်များဖြင့် ခြေချင်းလိမ်နေသည်ကို တွေ့နေရသည်။

သူ ၁၂ နှစ်သားအရွယ်က သည်နေရာတွင် ကျည်ဆန်များထွက်ရှိသည်ဟုဆိုသဖြင့် လာရောက်တူးဖော်သည့် လူစိမ်းအနည်းငယ်ကိုသာ တွေ့ဖူးသော်လည်း ယခုလာရောက်သည့် လူအရေအတွက်မှာ ပိုမိုများပြားပါသည်။

ကိုကျော်ဦး ၁၂ နှစ်သားအရွယ်က နွားကျောင်းရင်းရောက်ဖူးသည့် လွင်ပြင်ကျယ်မှာ ယခုအစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ၏ အကြီးဆုံးနိုင်ငံတကာလေဆိပ်အဖြစ် အကောင်အထည်ဖော်မည့် ဟံသာဝတီလေဆိပ် စီမံကိန်းမြေနေရာ ဖြစ်ပါသည်။

ယခုလပိုင်းအတွင်း သူမမြင်ဖူးသည့် လူစိမ်းအများစုက ဗွက်အိုင်များပေါ်က မြေနီလမ်းမပေါ်တွင် သွားလိုက်ပြန်လိုက်နှင့် ခြေချင်းလိမ်နေကြသည်ဟု ဆံပင်ညှပ်ဆိုင်ဖွင့်ထားသော ကိုကျော်ဦးကပြောသည်။

“ကျွန်တော်ငယ်ငယ်ကမြင်ဖူးတဲ့ လူစိမ်းတွေက ကျည်ခွံတွေလာတူးကြတာ။ အခုမြင်နေရတဲ့ လူစိမ်းတွေက အရင်ကျည်ခွံတွေထွက်တဲ့မြေတွေကို လုဝယ်နေကြတယ်”ဟု ကိုကျော်ဦးကပြောသည်။

ထုံးစံအတိုင်း မြန်မာနိုင်ငံမှ စီးပွားရေးသမားတို့အတွက် ဟံသာဝတီလေဆိပ်စီမံကိန်းအနီး မြေနေရာဝယ်ထားပြီး ဈေးကစားလိုသူ၊ အမြတ်ထုတ်လိုသူ၊ ရင်းနှီးမြှုပ်နှံလိုသူများ သူ့ထက်ငါ အလုအယက် နီးစပ်ရာမြေများကို လိုက်လံဝယ်ယူနေခြင်းဖြစ်၏။

၂၀၁၃ ခုနှစ် သြဂုတ်လက ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ခွင့်အတွက် နိုင်ငံတကာကုမ္ပဏီပေါင်း သုံးဆယ်ကျော်မှ ၀င်ရောက်ယှဉ်ပြိုင်ပြီး ကိုရီးယားနိုင်ငံအခြေစိုက် အင်ချွန်းနိုင်ငံတကာလေဆိပ်အဖွဲ့က တင်ဒါအောင်မြင်ပြီး လေဆိပ်စီမံကိန်းကို လုပ်ကိုင်ခွင့်ရရှိခဲ့သည်။ ထို့ကြောင့် အစိုးရက စီမံကိန်းလုပ်ကိုင်ခွင့်ရသည့် နိုင်ငံအမည်စာရင်းကို ကြေညာအပြီး ရက်ပေါင်း ၇၀ကျော်အတွင်း စီမံကိန်းနှင့် အနီးစပ်ဆုံးတည်ရှိနေသည့် ဥဿာမြို့သစ်အတွင်းရှိ မြေဈေးများ တစ်ဟုန်ထိုး အမြင့်မားဆုံးအခြေအနေ ရောက်လာသည်။

ပဲခူးတစ်မြို့လုံးနှင့် နှိုင်းယှဉ်ပါက ဥဿာမြို့သစ်မှာ မြေဈေးအမြင့်ဆုံးဖြစ်ကြောင်း ပဲခူးမြို့မှ အိမ်ခြံမြေအကျိုးဆောင် ဦးသိန်းဝင်းစိုးကပြောသည်။

ဟံသာဝတီလေဆိပ်စီမံကိန်းမှာ ယခုမှအစိုးရက စိတ်ကူးပေါက်၍ ထလုပ်သည်တော့မဟုတ်။ လွန်ခဲ့သည့် ၁၀ နှစ်ကျော်က လေဆိပ်တည်ဆောက်ရန် ပထ၀ီအနေအထားအရ အချက်အချာကျသဖြင့် စဉ်းစားခဲ့ဖူးကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က စက်တင်ဘာလလယ်က ပြောကြားခဲ့ဖူးသည်။ ထို့အပြင် သမိုင်းအထောက်အထားအများအရ ဧကကိုးထောင်ကျယ်ဝန်းသည့် ယင်းမြေနေရာမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်တပ်မှ လေယာဉ်ပြေးလမ်းနှင့် လက်နက်များထားရှိခဲ့သည့်နေရာဟု ဒေသခံများကဆိုပါသည်။

ထို့ကြောင့် ၁၀ နှစ်ကျော်ပြီးမှ ပြန်လည်အသက်ဝင်လာသည့် ဟံသာဝတီလေဆိပ်စီမံကိန်း သက်ရောက်မှုကြောင့် စီမံကိန်းနှင့်အနီးစပ်ဆုံးရှိသည့် ရပ်ကွက်များ၏ မြေဈေးများ ရုတ်တရက်တက်လာစေသည်။

ဒေသခံများအတွင်း စီးပွားရေးကွက်ကျော်မြင်သူ၊ အပြင်ဗဟုသုတနှံ့စပ်သူ၊ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူအများစုက စီမံကိန်းအနီးတစ်ဝိုက်အတွင်း ပိုင်ရှင်မရှိသေးသည့် မြေလွတ်မြေရိုင်းများ၊ ဥယျာဉ်ခြံမြေများအား ခြံစည်းရိုးခတ်ခြင်း၊ ကျောက်တိုင်စိုက်ခြင်းများပြုလုပ်ပြီး နေရာဦးခဲ့ကြကြောင်း ဥဿာမြို့သစ်တွင် နေထိုင်သူများကဆိုသည်။

“အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတွေက လွတ်တဲ့နေရာမှာ ကျောက်တိုင်တွေစိုက်ပြီး လက်ညှိုးထိုးရောင်းချနေကြတယ်”ဟု ဥဿာမြို့သစ်မှ ဒေသခံတစ်ဦးကပြောပါသည်။

ပိုင်ရှင်မရှိသေးသည့် မြေလွတ်မြေရိုင်းအများစုကို လက်ညှိုးထိုးပြီး ရောင်းချသူအများစုမှာ ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး မည်သည့်စာရွက်စာတမ်း အထောက်အထားမျှ မရှိကြပေ။ ထို့ကြောင့် ၎င်းတို့က မြေတစ်ကွက်လျှင် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းဝန်းကျင်ဖြင့် မြေလိုချင်သူများကို ပြန်လည်ရောင်းချနေကြသည်။

ဒေသခံများမှ ဦးရာလူစနစ်ဖြင့် ခြံဝင်းခတ်လိုက်သည့် မြေနေရာအများစုကို တစ်ဆင့်ပြန်လည်ဝယ်ယူသူများက သက်ဆိုင်ရာဌာနတွင် အမည်ပေါက်ဂရန်များလျှောက်ပြီး ပြန်လည်လက်လွှဲရောင်းချပါက သိန်းရာကျော်မှ သိန်းထောင်ကျော်အထိ နေရာအကျယ်အ၀န်းပေါ်မူတည်ပြီး ဈေးကောင်းရနေသည်ဟု ပဲခူးမြို့မှ အိမ်ခြံမြေအကျိုးဆောင်များက ဆိုပါသည်။

ထို့ကြောင့် မြေလွတ်မြေရိုင်းများအပေါ် ဦးရာလူစနစ်ဖြင့် ခြံခတ်၍ လက်လွှဲရောင်းချနေမှုများ၏ အကြောင်းရင်းကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ 7Day News က နှစ်ရက်တိတိ ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ယူဖြေကြားပေးမည့်သူမရှိကြောင်း ပြန်လည်ဖြေဆိုသည်။

ထို့အပြင် ရန်ကုန်တွင် မြေဈေးကြီးလွန်းပြီး နေရာရှားပါးလာ၍ စက်မှုဇုန်စီမံကိန်းများ ပြုလုပ်သူများအတွက် ပဲခူးမြို့မှာ စီးပွားရေးမြို့တော် ရန်ကုန်မှ ကားဖြင့် တစ်နာရီခွဲကျော်သာ မောင်းနှင်ရသည့်အတွက် ပဲခူးစက်မှုဇုန်များတွင် သွားရောက်ရင်းနှီးမြှုပ်နှံမှု များလာသည်။ ထို့အတွက် စီးပွားရေးလုပ်ငန်းရှင်များကို အဓိကဆွဲဆောင်မှုဖြစ်လာသည်။

ပဲခူးတွင် မြေဈေးကြီးမြင့်လာရသည့်အကြောင်းရင်းမှာ ဟံသာဝတီလေဆိပ်စီမံကိန်းအပြင် ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်စက်ရုံများ လာတည်နေကြခြင်းကြောင့်ဖြစ်သည်။ ဂျပန်နိုင်ငံမှ နာမည်ကြီး နစ်ဆန်းကားထုတ်လုပ်မည့်စက်ရုံ၊ Carlsbreg ဘီယာစက်ရုံ၊ အမေရိကန်နိုင်ငံမှ နာမည်ကြီးလူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံ အများစုက ပဲခူးမြို့အ၀င် ညောင်အင်ကျေးရွာ၊ ပဲခူးစက်မှုဇုန်အတွင်း ပမာဏကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမည်ဟု အစိုးရက ယခုလအတွင်း သတင်းထုတ်ပြန်ထားသည်။

မနီငါးဖယ်ချဉ်ဟု မြန်မာနိုင်ငံတွင် လူသိများသည့် ပဲခူးမြို့မှာ မကြာမီတွင် ကမ္ဘာကျော်ဘီယာနှင့် နာမည်ကြီးဂျပန်ကားများကိုပါ ထုတ်လုပ်တော့မည့်မြို့ ဖြစ်လာတော့မည်ဖြစ်သည်။

“ရင်းနှီးမြှုပ်နှံသူတွေအတွက် နေရာအသစ်တစ်ခုဆိုလည်း မမှားဘူး”ဟု ပဲခူးစက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းရှင်ဦးသန့်ဇင်နိုင်ကပြောသည်။

ထို့ကြောင့် ပဲခူးမြို့တွင် လက်ရှိဈေးအကောင်းဆုံးမြေနေရာကို ပြသပါဆိုပါက စက်မှုဇုန်တည်ရှိရာ ညောင်အင်းကျေးရွာအနီးတစ်ဝိုက်၊ ဟံသာဝတီလေဆိပ်စီမံကိန်း အနီးတစ်ဝိုက်နှင့် ပြီးခဲ့သည့်နှစ်ကမှ စတင်ဖောက်လုပ်နေသည့် မြို့ရှောင်လမ်းဘေးတို့ဖြစ်သည်။

ဟံသာဝတီလေဆိပ်စီမံကိန်းနှင့် အနီးစပ်ဆုံးတည်ရှိသည့် ဥဿာမြို့သစ်၊ ရန်ကုန်-ပဲခူးလမ်းမကြီးပေါ်တွင် ပေ ၆၀x၁၀၀ မြေကွက်တစ်ကွက်လျှင် သိန်းတစ်သောင်း ဈေးပေါက်နေပြီဟု ပဲခူးမြို့ခံ အိမ်ခြံမြေအကျိုးဆောင်များကဆိုသည်။

ထို့အပြင် အမှန်တကယ် ရင်းနှီးမြှုပ်နှံလိုသူများထက် လက်ဦးမှုရယူလိုသူများက စီမံကိန်းနယ်မြေများနှင့် အနီးစပ်ဆုံးရှိသည့် သာသနာ့နယ်မြေများကို နယ်ချဲ့ရန်ကြိုးစားလာခဲ့ကြသည်ဟု ပဲခူးမြို့မှဒေသခံများကဆိုသည်။

“မြေတွေကို အလုအယက်တိုင်တွေစိုက်၊ ခြံတွေခတ်နေကြတော့ သာသနာ့မြေလေး ပါသွားမှာစိုးလို့ မြေတိုင်းဌာနကသူတွေခေါ်ပြီး မြေတွေပြန်တိုင်းထားရတယ်”ဟု ဥဿာမြို့သစ်၊ ရွှေဂူကြီးဘုရားမှ ဂေါပကလူကြီးများကပြောပါသည်။

စီးပွားရေးမြို့တော် ရန်ကုန်နှင့် မိုင် ၅၀ ကျော်ကွာဝေးသည့် ပဲခူးမြို့မှာ မကြာမီမြန်မာနိုင်ငံ၏ နိုင်ငံတကာဝင်ပေါက်မြို့အဖြစ် ထင်ရှားလာနိုင်သည်။ သို့သော် မြို့၏ အခြေခံအဆောက်အအုံပြယုဂ်များကမူ ပြောင်းလဲမှုမရှိဘဲ မပြည့်စုံသေးပါ။

မြို့တွင်းပို့ဆောင်ရေးအတွက် ဆိုင်ကယ်နှင့်ဒေသခံအခေါ် တုတ်တုတ်သုံးဘီးဆိုင်ကယ်များကိုသာ ဒေသခံများက အားထားနေရဆဲဖြစ်သည်။ အထပ်မြင့်အဆောက်အအုံအများစုမှာ မြို့တွင်းပိုင်းတွင်သာရှိပြီး ဖွံ့ဖြိုးမှုမှာတော့ နည်းပါးနေသေးသည်။

အစိုးရသစ်လက်ထက်မှစတင်ပြီး ပဲခူးဒေသခံတို့၏ စီးပွားရေးမှာ တစ်နိုင်ငံလုံးနှင့်အတူ ထူးထူးခြားခြား ပြောင်းလဲလာမှုမရှိသေးကြောင်း ပဲခူးဒေသခံတို့ကပြောသည်။

တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေသော အခြေခံအဆောက်အအုံ မလုံလောက်မှု လယ်သိမ်း၊ မြေသိမ်းမှုများ အုပ်ချုပ်သူများ၏ စီမံခန့်ခွဲမှုအလွဲများအကြားတွင် ပဲခူးဒေသခံတို့ ခံစားနေရဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ဟိုစီမံကိန်း ဒီစီမံကိန်းပေါ်လာလို့ ပဲခူးက လက်လုပ်လက်စားတွေရဲ့ ၀င်ငွေကတော့ တိုးမလာပါဘူး”ဟု ပဲခူးမြို့တွင် အောင်ဘာလေထီ လက်ပွေ့ရောင်းချနေသူတစ်ဦးကပြောသည်။

ဈေးနှုန်းများမြင့်တက်နေသည့် စီမံကိန်းနယ်မြေအနီးအနားတစ်ဝိုက်တွင် ယခင်အစိုးရက ရပ်ကွက်အဆင့် တိုးမြှင့်ပေးထားသော်လည်း အများစုမှာ ရွာဓလေ့အငွေ့အသက်များ မကုန်ခန်းသေးကြောင်း ဥဿာမြို့သစ်မှ ရပ်မိရပ်ဖတစ်ဦးကပြောသည်။

အနာဂတ်တွင် ဖွံ့ဖြိုးမှုပုံစံပြောင်းလဲလာမည့် ပဲခူးမြို့၏အခြေအနေကို ဒေသခံအများစုက ရင်မခုန်နိုင်သေးပါ။ လက်ရှိ မြေနေရာများကိုဦးပြီး ဈေးကောင်းရရှိရေးအတွက်သာ စိတ်အားထက်သန်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် ပဲခူး၏မြေဈေးရဟတ်က အရှိန်ကောင်းကောင်းဖြင့် လည်ပတ်နေဦးမည်သာဖြစ်သည်။

“လူတွေရဲ့စာရိတ္တတွေလည်း ပြောင်းလဲသွားပြီ”ဟု ပဲခူးမြို့ဒေသခံ ကိုကျော်ဦးက လေဆိပ်စီမံကိန်း ဆိုင်းဘုတ်ကိုကြည့်ရင်း ညည်းတွားလိုက်သည်။

ဓာတ်ပုံ- မိုးညို