လစာတိုးရေး၊ တနင်္ဂနွေရုံးပိတ်ရေးအတွက် မန်းစက်ရုံမှာ ဆန္ဒပြ

ပို့စ်တင်ချိန် - 11/20/2013 02:32:00 PM


ယနေ့ မနက် ၈နာရီမှစ၍ မန္တလေး ပြည်ကြီးတံခွန်မြို့နယ် စပါးနှံတာယာစက်ရုံရှိ အလုပ်သမား ၃၀၀ ကျော်ခန့် ဆန္ဒပြနေကြောင်း သိရသည်။

ဆန္ဒပြအလုပ်သမားများက အခြေခံလစာ တိုးမြှင့်ရန်၊ အများပြည်သူရုံးပိတ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့ကို အလုပ် ပိတ်ပေးရန်တောင်းဆိုထားကြောင်း အလုပ်သမားခေါင်းဆောင် ကိုထက်ဇော်အောင်က ဧရာဝတီသို့ပြောသည်။

“ကျနော်တို့ အလုပ်သမားတွေအတွက်ခုံသမာဓိကနေပြီးတော့ လစာတိုးဖို့ နဲ့ ပိတ်ရက်ပေးဖို့ ချမှတ်ခဲ့ပြီးပါပြီ။ စက်ရုံက မလုပ်ပေးရင် ဆန္ဒပြလို့ရတယ်လို့ပြောတယ်။ တရားဝင်ဆန္ဒပြတာပါ။ တောင်းတဲ့ ကိစ္စမရမချင်း ပြသွားမှာပါ”ဟု ကိုထက်ဇော်အောင်က ဆိုသည်။

ယင်း ကိစ္စကို   စက်တင်ဘာလကတည်းမှ တောင်းဆိုခဲ့ပြီး စက်ရုံပိုင်ရှင်များက လိုက်နာခြင်းမရှိသည့်အတွက် ဆန္ဒပြခြင်းဖြစ်ကြောင်း အလုပ်သမားတဦးဖြစ်သူ ဦးဝင်းဇော်မင်းက ဧရာဝတီသို့ပြောသည်။

“ကျနော်တို့ အနေနဲ့ အမိန့်စာရလို့ ဆန္ဒပြနေတာပါ။ ရဲတွေ အုပ်ချုပ်ရေးမှူးတွေကတော့ ရောက်နေပါတယ်။ ဘာမှတော့မလုပ်ဘူး။ စက်ရုံကတာဝန်ရှိသူတွေကလည်း ဘာမှ မပြောသေးဘူး”ဟု ဦးဝင်းဇော်မင်းက ဆိုသည်။

လက်ရှိလစာများဖြစ်  အမျိုးသားအတွက်ခြောက်သောင်းကျပ် သတ်မှတ်ထားပြီး အမျိုးသမီး အလုပ်သမားများမှာ ငါးသောင်းကျပ်သာရရှိကြောင်း၊ အခြေခံလစာကို ရှစ်သောင်းအဖြစ် သတ်မှတ်ပေးစေလိုကြောင်း  သူက ဆက်ပြောသည်။

 ဆန္ဒပြမှုနှင့်ပတ်သက်ပြီး စပါးနှံတာယာစက်ရုံ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းသည့်အခါ ပြန်လည် ဖြေဆိုခြင်း မရှိပေ။
နန်းဆိုင်နွမ်
Irrawaddy