သမ္မတ၏အမျိုးသမီးကိုယ်ရံတော်

ပို့စ်တင်ချိန် - 11/20/2013 12:52:00 PM


ရေးသားသူ- အေးသူစံ

ခန်းမကြီးအပြည့် အစီအရီထိုင်နေသော လူထုပရိသတ်အလယ်တွင် မီးခိုးရင့်ရောင်ဝတ်စုံဖြင့် ပိန်ပိန်ပါးပါး၊ အရပ်ခပ်မြင့်မြင့်နှင့် အမျိုးသမီးသည် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ၁၂ ပေခန့်အကွာတွင် တစ်ဦးတည်း မတ်တတ်ရပ်နေသည်။ သူ့မျက်လုံးများက ပတ်ဝန်းကျင်ကို မျည်ခြည်မပြတ်အကဲခတ်နေသည်။ လက်မောင်းတစ်ဖက်စီတွင် မြန်မာနိုင်ငံအလံနှင့် အထူးတပ်ဖွဲ့၏အတိုကောက် (STF)တံဆိပ်တို့ တပ်ဆင်ထားပြီး ၄င်းကိုစေ့စေ့စပ်စပ်လေ့လာကြည့်လျှင် ခါးနောက်ဘက်တွင်ထိုးထားသည့် ပစ္စတိုတစ်လက်ကို တွေ့နိုင်သည်။ ထိုမြင်ကွင်းမှာ သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝန်ကြီးအချို့ တက်ရောက်နေသော နိုင်ငံတကာဆွေးနွေးပွဲတစ်ခုတွင်ဖြစ်သည်။

ထိုအမျိုးသမီးကို အနီးကပ်လေ့လာကြည့်လျှင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သည့် နိုင်ငံတော်သမ္မတအနီး လက်နက်ကိုင်ဆောင်ထားသည့် အထူးတပ်ဖွဲ့ဝင်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်နေခြင်းပင်။

နိုင်ငံတကာတွင် အမျိုးသမီးကိုယ်ရံတော်ထားရှိခြင်းမှာ မဆန်းသော်လည်း မြန်မာအစိုးရခေါင်းဆောင်များအစဉ်အဆက် အမျိုးသမီးများကို အနီးကပ်လုံခြုံရေးအဖြစ် ထားခြင်းမှာ ရှားပါးလွန်းပါသည်။

ထို့ကြောင့် အရပ်သားအစိုးရ သမ္မတဦးသိန်းစိန်အနီး အမျိုးသမီးလုံခြုံရေးအရာရှိများကို မြင်တွေ့ရခြင်းကပင် အသစ်အဆန်းဖြစ်နေသည်။

အထူးတပ်ဖွဲ့ဝင် ၂၀၀ ထဲက ဆန်ခါတင်ရွေးချယ်ထားသည့် သမ္မတလုံခြုံရေးအရာရှိများအနက် အမျိုးသမီးလေးဦးထဲတွင် တစ်ဦးဖြစ်သည့် ဒုရဲအုပ်ဒေါ်ဇာဇာအောင်မှာ သမ္မတဦးသိန်းစိန်၏ လုံခြုံရေးအရာရှိအဖြစ် သုံးနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။

သမ္မတ၏ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တိုင်း ထိုအမျိုးသမီးလေးဦး အလှည့်ကျလိုက်ပါရလေ့ရှိပြီး အထက်မြက်ဆုံးနှင့် အထူးတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် ချီးကျူးရသည့် အရည်အချင်းများကြောင့် ဦးသိန်းစိန်၏ခရီးစဉ်တိုင်းလိုလို ဒေါ်ဇာဇာအောင် လိုက်ပါရလေ့ရှိသည်။

ပိန်ပိန်သွယ်သွယ်၊ အသားခပ်လတ်လတ်နှင့် ဒေါ်ဇာဇာအောင်သည် နိုင်ငံခြားဇာတ်ကားများထဲမှ ကိုယ်ရံတော်များလို ကိုယ်လုံးကိုယ်ထည် ခပ်တောင့်တောင့်မဟုတ်သဖြင့် ရုတ်တရက်ဆိုလျှင် သာမန်အရပ်သူတစ်ဦးအဖြစ်သာ ထင်မြင်မိမည်ဖြစ်သည်။ သို့သော် ယောက်ျားကြီးလေးငါးယောက်လောက်ကို တစ်ပြိုင်တည်း တိုက်ခိုက်လှဲသတ်နိုင်ပြီး အထိုးအနှက်၊ အသတ်အပုတ်ကျွမ်းကျင်ကာ မီတာ ၃၀ အတွင်းက ပစ်မှတ်ကို သေနတ်ဖြင့် နောက်ပြန်ထိမှန်အောင်ပစ်နိုင်သည့် ဒေါ်ဇာဇာအောင်၏အရည်အချင်းကို အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင် အချင်းချင်းကပင် လေးစားသမှုရှိကြသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှ ဆိုင်ကယ်ဖြင့် နာရီဝက်ခန့် ထပ်မံသွားရောက်ရသည့် အိမ်ခြေနည်းပါးလွန်းလှသော နားပတ်ကြီးကျေးရွာသူတစ်ဦးဖြစ်သည့် ဒေါ်ဇာဇာအောင်မှာ တောင်သူလုပ်ငန်းလုပ်ကိုင်နေသော မိဘများက ဆင်းသက်လာသော်လည်း ငယ်စဉ်ကတည်းက နုနုရွရွနှင့် မိန်းမဆန်သည့်အလုပ်ကို စိတ်မ၀င်စား။ စွန့်စွန့်စားစားနှင့် ရဲအလုပ်ကိုမှ ၀ါသနာပါသည်။ မိဘများက မပြည့်စုံသော်လည်း သူတို့မောင်နှမခုနစ်ယောက်လုံးကို ပညာကြိုးစားသင်ယူစေသည်။ ၂၀၀၃ ခုနှစ်တွင် မုံရွာတက္ကသိုလ်မှ သမိုင်းအဓိကဖြင့် ဘွဲ့ရချိန် နှစ်အတန်ကြာရပ်နားထားခဲ့သည့် အမျိုးသမီးရဲတပ်သားများ ပြန်လည်ခေါ်ယူသည့်အခါ ၀င်လျှောက်ဖြစ်သည်။

ဝါသနာနှင့်အလုပ် တစ်ထပ်တည်းကျသည့်အတွက် သင်တန်းတိုင်းတွင် ထူးချွန်စွာအောင်မြင်သည်။ တပ်ဖွဲ့ဝင်တိုင်းရဖို့ခက်သည့် အကောင်းဆုံးသင်တန်းသားနှင့် အကောင်းဆုံးသေနတ်ပစ်ဆုနှစ်ခုလုံးကို ၄င်းတစ်ဦးတည်းကရရှိခဲ့ပြီး အကောင်းဆုံးသေနတ်သမားဆုတို့ကို ရရှိသည်။ မီတာသုံးရာ (ပေတစ်ထောင်ပတ်လည်အတွင်း)ရွေ့လျားနေသောပစ်မှတ်ကိုပင် ထိမှန်အောင်ပစ်ချနိုင်ပြီး ပေနှစ်ဆယ်၊ အစိတ်အတွင်း ပစ်မှတ်ကတော့ လုံးဝပြေးမလွတ်ဟု ဒေါ်ဇာဇာအောင်တို့၏ တပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီးအောင်ထွန်းလွင်က ချီးမွမ်းပြောဆိုသည်။

ရဲတပ်သားမှ အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်ဖြစ်လာချိန် ၂၀၀၉ ခုနှစ်တွင် ၄င်းအပါအ၀င် တပ်ကြပ်အမျိုးသမီး ၁၈ ဦးကို အရာရှိကြီးအချို့က လူတွေ့မေးမြန်းမှုပြုလုပ်သည်။ အသက်ပေး၍ တာဝန်ထမ်းဆောင်နိုင်ပါသလားဟု မေးလာချိန်တွင် လက်တွေ့ကျပြီး ရိုးရှင်းလွန်းသော ၎င်း၏စကားတစ်ခွန်းကြောင့် သမ္မတ၏လုံခြုံရေးအရာရှိ ဖြစ်လာစေခဲ့သည်ဟု ၄င်းကယုံကြည်သည်။

“မသေသင့်တဲ့နေရာတော့ ဘယ်သူကမှ သေချင်မှာမဟုတ်ဘူး။ ဒါပေမဲ့ တာဝန်ပေးလာရင်တော့ သေဖို့အဆင်သင့်ပဲ”ဟု ဒေါ်ဇာဇာအောင်ကပြောခဲ့သည်။

နေပြည်တော်တွင် ပထမအကြိမ် လွှတ်တော်အစည်းအဝေးများအပြီး ၂၀၁၀ ဧပြီတွင် သမ္မတအိမ်တော်တွင် စတင်တာဝန်ထမ်းဆောင်ရန်အမိန့်ကို မျှော်လင့်မထားဘဲ လက်ခံရရှိခဲ့သည်။ ဒုရဲအုပ်အဆင့်ဖြင့် အိမ်တော်သို့ စတင်ရောက်ရှိချိန်က စိုးရိမ်စိတ်များရှိခဲ့ကြောင်း ဒေါ်ဇာဇာအောင်က၀န်ခံသည်။

“နည်းနည်းတော့ စိုးရိမ်စိတ်ဖြစ်မိတယ်။ အတွေ့အကြုံကလည်းမရှိတော့ စိတ်လှုပ်ရှားတယ်။ ကိုယ်ကာကွယ်ရမယ့်လူက မြန်မာနိုင်ငံမှာ အကြီးဆုံးဆိုတော့လေ”

ရဲတပ်သားဘ၀က လူဆိုးဖမ်းသည့်အတွေ့အကြုံများကလည်း ဒေါ်ဇာဇာအောင်အတွက် လုံခြုံရေးအရာရှိဖြစ်လာစေသည့် အထောက်အပံ့ကောင်းများ ဖြစ်လာခဲ့သည်။

“သာကေတက ဘောလုံးပွဲဒိုင်ကြီးကို ပထမဆုံးစဖမ်းတာ။ ၀င်းထဲမှာ ယောက်ျားတွေချည်းပဲ ၁၀၀ ကျော်လောက်ရှိတယ်။ အဲဒီအချိန် ဒိုင်ကမီးဖြတ်လိုက်ရော။ ဘယ်သူမှမမြင်ရဘူး။ မည်းမည်းမြင်ရာ အသားကုန်ချပဲ။ ကျွန်မက လည်ပင်းတက်နင်းပြီး ဖမ်းထားတာ။ မီးပြန်လာလို့ ကိုယ့်ကိုမိန်းကလေးမှန်းလည်းသိရော ဟာမိန်းမတွေဆို ပြန်လုပ်တာပေါ့တဲ့၊ ပြောကုန်ရော။ ကိုယ်ကပြန်ပြောရမလားဆိုပြီး နားပန်တွေကျင်းပစ်လိုက်တာ”ဟု ပြောသည်။

အိမ်တော်သို့ရောက်ပြီးနောက် ပထမဆုံးကိုယ်ရံတော်အတွေ့အကြုံအဖြစ် သမ္မတ၏ အိန္ဒိယနိုင်ငံခရီးစဉ်တွင် အသက်အန္တရာယ်ထိခိုက်လောက်သော ဖြစ်ရပ်မဟုတ်သော်လည်း လုံခြုံရေးစည်းအတွင်း ၀င်ရောက်လာသော သတင်းထောက်တစ်ဦးအကြောင်းနှင့် အဖြစ်အပျက်ကို မှတ်မှတ်ရရဖြစ်နေကြောင်း ၎င်းကပြောသည်။

“ဘကြီးက ကားပေါ်အတက် ကျွန်မက ကားနားမှာ အသင့်နေရာယူထားတုန်း မိုက်ကိုင်ထားတဲ့ သတင်းထောက်တစ်ယောက်က အတင်းပြေးဝင်လာပြီး ဘကြီးကိုမေးတော့တာ။ တော်တော်လေး ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး သတင်းထောက်ကို တွန်းထုတ်ရတာတွေ၊ ဘာတွေလုပ်ခဲ့ဖူးတယ်။ ကျန်တာကြီးကြီးမားမား အသက်အန္တရာယ်ဘေး နီးကပ်တာမျိုးမရှိခဲ့ဖူးဘူး”ဟု ဆိုသည်။

မြန်မာနိုင်ငံ၏အနေအထားအရ သမ္မတဖြစ်သူသည် အနီးကပ်အန္တရာယ်ပြုမည့်သူများ ပေါ်ပေါက်နိုင်ခြေနည်းသော်လည်း မိမိအပေါ် ယုံကြည်ခန့်အပ်ခြင်းခံထားရ၍ စက္ကန့်မလပ် သတိထားပြီး ၎င်းကမပေါ့ဆရဲပေ။

“မသင်္ကာစရာဆိုလည်း ကိုယ်က ချက်ချင်းသိနေသလိုပဲ။ လုံခြုံရေးလိုက်တာနဲ့ တောင်ကြည့်မြောက်ကြည့် တစ်ချိန်လုံးကြည့်နေတာ။ ကိုယ်တိုင်ကြုံမှပဲသိမှာ။ ခုချိန်မှာပြောရင် အပြောပဲဖြစ်မှာ။ ဖြစ်လာတာနဲ့ ကိုယ်ဘယ်လိုတုံ့ ပြန်မလဲ၊ အဆင်သင့်ပြင်ထားပြီးသားပဲ”ဟု ၎င်းက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

ယခင်အစိုးရလက်ထက်တွင် အကြီးအကဲများအိမ်တွင် တာဝန်ထမ်းဆောင်ရသော တပ်ဖွဲ့ဝင်များမှာ အလုပ်နှင့်မဆိုင်သည့် ကိုယ်ရေးကိုယ်တာအလုပ်များကို သိမ်းကျုံးလုပ်ကိုင်ပေးရလေ့ရှိသော်လည်း သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့သည် တာဝန်မှလွဲ၍ ကိုယ်ရေးကိုယ်တာကိစ္စများ လုံးဝခိုင်းစေခြင်းမရှိပေ။ အိမ်တော်ဝန်ထမ်းများကို မိဘနှင့် သားသမီးသဖွယ် နွေးထွေးစွာ ဆက်ဆံခံရခြင်းကြောင့် မည်မျှအလုပ်လုပ်ရသည်ဖြစ်စေ ပင်ပန်းသည်ဟု မခံစားရဟု ဒေါ်ဇာဇာအောင်ကပြောသည်။

လုံခြုံရေးအရ ဘယ်တော့မှ ကြိုတင်သိရလေ့မရှိသည့် သမ္မတလမ်းကြောင်းများအတွက် ခေါ်သည့်အချိန် ချက်ချင်းထလိုက်သွားရန် အမြဲပြင်ဆင်ထားလေ့ရှိပြီး မိခင်တပ်ဖွဲ့တွင်လည်း နည်းပြအဖြစ် ပြန်လည်လုပ်ကိုင်နေခြင်းကြောင့် ကိုယ်ပိုင်အားလပ်ချိန် ရှားပါးလွန်းပါးသည်။ သို့သော် မိသားစုအတွက် တစ်ဖက်တစ်လမ်းက ပြန်လည်ထောက်ပံ့နိုင်သည့် ၎င်း၏တစ်လစာ တစ်သိန်းတစ်သောင်းရှစ်ထောင်ကျပ်အတွက် အလွန်ကျေနပ်နေဟန်ရှိနေပါသည်။

“သမ္မတကြီးက ကျွန်မတို့ကို မုန့်ဖိုးအဖြစ် သုံးသောင်းပေးတယ်။ အဲဒါကိုသုံးပြီး လစာကို အိမ်ကိုအမြဲလွှဲပေးတယ်။ မောင်လေးတွေ ကျောင်းစရိတ်ရှိတယ်လေ။ ကျွန်မက သိပ်မသုံးတော့မကုန်ဘူး။ ဘယ်မှလည်းမသွားရတော့ အ၀တ်အစားလည်းမ၀ယ်ဖြစ်ဘူး”ဟု နားရွက်အောက်နားအတိညှပ်ထားသော ဆံပင်ကိုသပ်တင်ရင်း ရယ်ရယ်မောမောဖြင့် ပြောသည်။

လုပ်ငန်းသဘောအရ ဒေါင်းတင်မောင်းတင်နေထိုင်ရသော်လည်း အရွယ်ရောက်သူတစ်ဦးပီပီ ခံစားတတ်တဲ့နှလုံးသား ၎င်းတွင်ရှိပါသည်။ အချစ်ရေးအကြောင်းစကားစသည့်အခါ စကားဝိုင်းတစ်လျှောက်လုံး တက်ကြွရဲရင့်နေသည့် မျက်နှာထားက မဆိုသလောက် ပျော့ပျောင်းသွားပါသည်။ စကားသံခေတ္တတိတ်သွားပြီးနောက် အသေးစိတ်ဖြေကြားရန်ငြင်းဆိုခဲ့ပြီး “ကံပါသလောက်ပေါ့။ ကြိုတော့မတွေးထားပါဘူး”ဟု ဆိုလေသည်။

လုံခြုံရေးအရာရှိအပြင် နေ့စဉ် မနက် ၅ နာရီမှ ည ၈ နာရီခွဲအထိ ပြင်းထန်သောလေ့ကျင့်ခန်းများဖြင့် သင်ကြားလေ့ကျင့်ပေးရသူ အကြမ်းဖက်နှိမ်နင်းရေးသင်တန်းနည်းပြအဖြစ် ရပ်တည်နေပြီး ၀န်ထမ်းဖြစ်သည့်အတွက် ပျော်ရာမှာမနေရ တော်ရာမှာနေရမည်ဆိုသည့်မူကိုလည်း ၎င်းကလက်ကိုင်ထားသည်။

အမျိုးသားနှင့်အမျိုးသမီး တန်းတူအခွင့်အရေးရမှု မညီမမျှဖြစ်နေဆဲ မြန်မာနိုင်ငံတွင် ၎င်းသင်ကြားလေ့ကျင့်ပေးလိုက်သည့် အမျိုးသားတပ်ဖွဲ့ဝင်အချို့သည်ပင် ယခုအခါ ၄င်းထက် ရာထူးအဆင့်မြင့်မားသွားပြီဖြစ်သည်။ သို့သော် ဒေါ်ဇာဇာအောင်ကိုမူ လေးစားမှုဖြင့် နေရာပေးဆက်ဆံမြဲဖြစ်သည်။ သို့သော် ရာထူးဌာနန္တရများကို ၎င်းမမက်မောပါ။ ၎င်းရှေ့က စီနီယာရဲဘော်အစ်မများမှာလည်း ဒေသအသီးသီးတွင် တာဝန်ကိုယ်စီဖြင့် ထမ်းဆောင်နေကြပြီး ၎င်းကတော့ အထူးတပ်ဖွဲ့ဝင်အဖြစ်ကိုသာ ကျေနပ်နှစ်သက်ပါသည်။

သမ္မတ၏လုံခြုံရေးအရာရှိအဖြစ် မည်သည့်အချိန်ထိ ဆက်လက်လုပ်ကိုင်သွားမည်ကိုမူ ၎င်းက ရိုးရိုးသားသားပင် ဖြေကြားပါသည်။

“သမ္မတကြီးခန့်သလောက်ပေါ့။ အနာဂတ်မှာ ကိုယ်ကတော့ ဘာမဆိုတာဝန်ကျေအောင်လုပ်သွားမယ်”

ဓာတ်ပုံ- အေးသူစံ
7Day News Journal