ဆေးတက္ကသိုလ်အားလုံး ဖွဲ့စည်းပုံစနစ် ပြောင်းရန် ဆွေးနွေး

ပို့စ်တင်ချိန် - 11/20/2013 02:21:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၁၉

ဆေးသိပ္ပံပညာဦးစီးဌာန ဖွဲ့စည်းပုံနှင့် အုပ်ချုပ်ရေးစနစ်အတိုင်း သွားနေသော ဆေးတက္ကသိုလ်များ အားလုံး တပေါင်းတစည်းတည်း ဖြစ်စေရေးအတွက် မဟာဆေးတက္ကသိုလ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် စီစဉ်နေကြောင်း နိုင်ငံတော်သမ္မတ လမ်းညွှန်ချက်နှင့် ဖွဲ့စည်းထားသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ ကျန်းမာရေးပညာ ဆိုင်ရာ လုပ်ငန်းအဖွဲ့ တာဝန်ရှိသူများ ထံမှ စုံစမ်း သိရှိရသည်။

ဆေးတက္ကသိုလ်များ အပြင် ကျန်းမာရေး ဝန်ကြီးဌာန ရေရှည် စီမံကိန်းအဖြစ် ဆေးတက္ကသိုလ်နှင့် နှီးနွှယ်တက္ကသိုလ် များတွင် ဖွဲ့စည်းပုံနှင့် အုပ်ချုပ်ပုံစနစ် ပြောင်းလဲသွားရန် ရည်ရွယ်ထားကြောင်း ယင်းလုပ်ငန်း အဖွဲ့ဝင် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“ဖွဲ့စည်းပုံ ပြောင်းမလို့ လုပ်ငန်းအဖွဲ့က ဆွေးနွေးထားတုန်းပဲ ရှိသေးတယ်။ ဘယ်သူ့မှ အတည် မပြုရသေးဘူး” ဟု ဆေးတက္ကသိုလ် (၂) ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာ တင့်ဆွေလတ်က The Voice သို့ ပြောကြားသည်။

ယင်းသို့ ဖွဲ့စည်းပုံစနစ်များ ပြောင်းလဲလိုက် သော်လည်း အုပ်ချုပ်ရေးစနစ်ကို ကျန်းမာရေး ဝန်ကြီးဌာန အောက်တွင်သာ ဆောင်ရွက်သွားမည် ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန အုပ်ချုပ်မှုစနစ်နှင့် စီမံသွားရန် မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန လက်အောက် တက္ကသိုလ်များတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်က စတင်ပြီး အထူးပြု ဘာသာရပ်များကို မဟာဌာန စနစ်ဖြင့် ပြောင်းလဲ ဖွဲ့စည်းရန် အကြောင်းကြား ထားကြောင်း တက္ကသိုလ် ဆရာအသိုင်းအဝိုင်း ထံမှ သိရသည်။

လက်ရှိ ကျန်းမာရေး ဝန်ကြီးဌာန ဆေးသိပ္ပံပညာဦးစီးဌာန လက်အောက်တွင် တက္ကသိုလ် ၁၄ ခု နှင့် သင်တန်းကျောင်း ၄၆ ခု ရှိကြောင်း၊ နိုင်ငံတစ်ဝန်း ဆေးတက္ကသိုလ်လေးခု တည်ထောင်ထားပြီး ထပ်မံ၍ တောင်ကြီးမြို့တွင် ဆေးတက္ကသိုလ် တစ်ခု ဖွင့်လှစ်ရန် ဆောင်ရွက်လျက် ရှိကြောင်း ယင်းဌာနထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly