သူခိုးကြီးညတွင် မေတ္တာအားမာန် ပညာဒါနကျောင်း ဖျက်ဆီးခံရ

ပို့စ်တင်ချိန် - 11/20/2013 05:07:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂၀။

တောင်ဒဂုံမြို့နယ်၊ ၅၄ရပ်ကွက်၊ ပုဂံလမ်းတွင် NLD ပညာရေးကွန်ရက်မှ တည်ထောင်ထားသော မေတ္တာ
အားမာန် လူမှုအထောက်အကူပြု ပညာဒါန သင်တန်းကျောင်းမှာ ယခုလ ၁၈ရက်နေ့ သူခိုးကြီးညတွင် အဖျက်ဆီးခံခဲ့ရကြောင်း ကျောင်းတာဝန်ခံဦးမြင့်သိန်းက ပြောကြားသည်။

သူခိုးကြီးညဟုခေါ်သော တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ ညပိုင်းတွင် မေတ္တာအားမာန်ပညာဒါနကျောင်းရှိ စာသင်ဆောင်ဝန်းထရံများ အပါအ၀င် စာသင်ခုံများနှင့် ကျောင်းဆောင်ဆိုင်းဘုတ်တို့ကို ဖျက်ဆီးခဲ့ပြီး လမ်းဘေး မြောင်းထဲသို့ ပစ်ချခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်က မနက် ၆နာရီလောက်မှ ကျောင်းတံခါးဖွင့်ဖို့ လာတော့ စာသင်ခုံတွေ မြောင်းထဲရောက်နေပြီး ကျောင်း ဆိုင်းဘုတ်ကိုလည်း ရှာမတွေ့တော့ဘူး။ ဘယ်သူတွေ ဖျက်ဆီးသွားတယ်ဆိုတာလည်း မသိလိုက် ရဘူး”ဟု ဦးမြင့်သိန်းကဆိုသည်။

ယခုကဲ့သို့ သူခိုးကြီးညကိုအကြောင်းပြပြီး အပျော် သဘောထက် အဖျက်လုပ်ရပ်များ ပိုမိုများပြားလာ
သောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်စေလိုကြောင်း တောင်ဒဂုံ မြို့နယ် NLD ပညာရေးကွန်ရက်မှ အမှုဆောင်ဥက္ကဋ္ဌ ဦးညီညီက ပြောကြားသည်။

NLD ပညာရေးကွန်ရက်မှ တည်ထောင်ထားသော မေတ္တာ အားမာန် လူမှုအထောက်အကူပြု ပညာဒါန သင်တန်းကျောင်းတွင် ၁၀တန်း သီးသန့် ကျောင်းသား၊ကျောင်းသူ ၃၂ဦးခန့် ပညာသင်ကြားလျက်ရှိပြီး အဆိုပါ သင်တန်းကျောင်းနှင့် ကပ်လျက်ရှိသော အသက်မွေးမှု ပညာသင်တန်း ကျောင်း ကိုလည်း ၂၇-၂-၂၀၁၂ခုနှစ်တွင် အဖျက်ဆီး ခံခဲ့ရဖူးကြောင်း ကျောင်းတာဝန်ခံ ဦးမြင့်သိန်းက ပြောကြားသည်။

ရေးသားသူ- စိုးမင်းအောင်
တည်းဖြတ်သူ- ဂျူးဂျူးလှိုင်

People power