တပ်မတော် ကိုယ်စားလှယ်တွေကိုလည်း ပြောချင်တယ်။ တိုင်းပြည်ရဲ့အကျိုးကို ကြည့်ပါ။

ပို့စ်တင်ချိန် - 11/20/2013 10:05:00 AM


ကျမကတော့လေ ဗြောင် လောဘ၊ ဒေါသ၊ မောဟတွေကို ထုတ်ဖော်ပြောတဲ့လူကို ပိုပြီးသဘောကျတယ်။ အဲဒီတော့မှ ပိုပြီးသိရတာပေါ့လေ။ ပြုံး ပြုံး ပြုံး ပြုံး ပြုံး ပြုံးနဲ့ လုပ်တဲ့ဟာ တော်တော် အန္တရာယ်များတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ပြားသားမှ မပြောင်းဘူး။ ရထားတဲ့အခွင့်အရေးတွေကို မလွှတ်ချင်ဘူးဗျာလို့ ပြောတဲ့လူမျိုး ကျမပိုပြီးတော့ လေးစားတယ်။ အဲဒီလို မပြောဘဲနဲ့ ပြည်သူအတွက် မကောင်းမှာစိုးလို့ ဘာမှအရေးမကြီးတဲ့ ဟိုအချက်လေး ဒီအချက်လေးပဲ ပြောင်းပါရစေဆိုတဲ့ အဲလိုလူတွေဆိုရင် နောင် ဘယ်တော့မှ မဲမပေးနဲ့လို့ ကျမပြောမယ်။

ကျမ တပ်မတော် ကိုယ်စားလှယ်တွေကိုလည်း ပြောချင်တယ်။ တိုင်းပြည်ရဲ့အကျိုးကို ကြည့်ပါ။ တကယ်ပဲ တိုင်းပြည်အပေါ်ကို စေတနာရှိတယ်ဆိုရင် တပ်မတော်ရဲ့အခြေအနေ၊ တပ်မတော်ရဲ့အနေအထားကို ပြန်ကြည့်စရာ မလိုပါဘူး။ ကိုယ့်တိုင်းပြည်တောင့်လို့ရှိရင် တပ်မတော်ဟာ တောင့်မှာပါ။ ပြည်သူလူထုက ကိုယ့်အနောက်မှာ မားမားမတ်မတ်ရှိလို့ရှိရင် ဘယ်တပ်မတော်မှာ မယိမ်းယိုင်နိုင်ပါဘူးလို့ ကျမပြောချင်တယ်။

အခုက ကျမတို့ ပြည်သူတွေရဲ့ ကဏ္ဍဖြစ်တယ်။ ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲနဲ့ အတည်ပြုတဲ့အခါတုန်းက ပြည်သူလူထုက မိမိတို့ရဲ့ ဆန္ဒအမှန်တွေကို ဖော်ပြပိုင်ခွင့် မရှိခဲ့ဘူး။ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းကလည်း (ဒါ ကျမအမြင်အတိုင်းပြောတာနော်၊ သဘောမတူတဲ့သူတွေလည်း ရှိမယ်) ပြည်သူလူထုဟာ မိမိတို့ရဲ့ဆန္ဒကို လွတ်လွတ်လပ်လပ် မှန်မှန်ကန်ကန် ဖော်ပြခွင့် မရှိခဲ့ဘူး။ အဲတော့ အခုအချိန်မှာ ဖွဲ့စည်းပုံအခြေခံ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ ပြည်သူလူထုက မိမိတို့ရဲ့ အသံတွေကို တကမ္ဘာလုံးကနေ တစ်တိုင်းပြည်လုံးက ကြားအောင်လို့ မိမိတို့ရဲ့ ဆန္ဒတွေကို တစ်တိုင်းပြည်လုံး တစ်ကမ္ဘာလုံးကနေ သိအောင်လို့ ဖော်ထုတ်ပေးကြပါလို့ မေတ္တာရပ်ခံချင်တယ်။

(နိုဝင်ဘာ ၁၈ရက်နေ့၌ နေပြည်တော်တွင် ပြုလုပ်သော ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုညီလာခံမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက် မိန့်ခွန်းမှ ကောက်နှုတ်ချက်)
Kamayut Media