ပုသိမ်မြို့ထဲဝင်တဲ့ သောင်းကျန်းသူကျွဲ

ပို့စ်တင်ချိန် - 11/20/2013 12:00:00 PM


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ထဲကို စိတ်ရိုင်းဝင်နေတဲ့ ကျွဲတကောင် တနင်္လာနေ့က ၀င်ရောက် သောင်းကျန်းခဲ့တဲ့အတွက် တနေကုန် ဝိုင်းဝန်း နှိမ်နင်းခဲ့ရပါတယ်။

ဖြစ်ပုံက ဒီလိုပါ....

ဦးသန့်ဇင်ထွန်းဆိုသူဟာ လပွတ္တာမြို့ကနေ ကျွဲ ၉ ကောင်ကို မော်တော်နဲ့သယ်လာပြီး  ပုသိမ်မြို့ ကမ်းနားလမ်းက ကျောက်ပုံစက်လှေဆိပ်မှာ ကျွဲတွေကို ကုန်းပေါ်တင်ပါတယ်။
မနက်  ၆ နာရီဝန်းကျင်မှာပါ။
အဲ့လို ကုန်းပေါ်တင်ချိန်မှာ ကျွဲ တကောင် လွတ်ထွက်သွားပြီးတော့ မြို့ပေါ်က အမှတ် ၃၊   ၆၊   ၈၊   ၁၂၊  ၁၃ စတဲ့ ရပ်ကွက်တွေထဲကို ထွက်ပြေးပါတယ်။

“ကျွဲက ဆူညံတဲ့အသံတွေကြောင့် လန့်ပြီး ထွက်ပြေးတာပေါ့။ အဲ့လိုထွက်ပြေးရင် လမ်းမှာတွေ့တဲ့လူတွေကို အန္တရာယ်ပေးတဲ့အခါကျတော့ လူ ၄ ဦး ဒဏ်ရာရသွားတယ်။ ကျနော်တို့လည်း သတင်းရတာနဲ့ အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး ဒီကျွဲကို လိုက်လံဖမ်းဆီးခဲ့တယ်။ ဒါပေမယ့် ကျွဲက လန့်နေတယ်။ ရိုင်းလည်းရိုင်းတော့ အဖမ်းမခံဘဲ ထွက်ပြေးသွားတယ်” လို့ ပုသိမ်မြို့ အသည်ကြီးစခန်းမှူး ဒုရဲမှူး သန်းအေးက ပြောပါတယ်။

ပုသိမ်ကမ်းနားဆိပ်ကနေ ထွက်ပြေးသွားတဲ့ကျွဲဟာ ကမ်းနားကနေ ၆ မိုင်လောက်ဝေးတဲ့ ပျဉ်းကတိုးကုန်း ကျေးရွာအနီးကို ရောက်ရှိသွားပြီး ရွာဘေးက လယ်ကွင်းထဲမှာရှိနေတဲ့ ကျွဲ ၂ ကောင်နဲ့တွေ့တော့မှ အဲဒီကျွဲတွေနားမှာ ကပ်နေပါတော့တယ်။

မနက်ပိုင်းကတည်းက ထွက်ပြေးနေတဲ့ကျွဲဟာ ပျဉ်းကတိုးကုန်းရွာနားရောက်တော့ နေ့လည် ၃ နာရီဝန်းကျင် ဖြစ်နေပါပြီ။ လမ်းတလျှောက်လုံးမှာလည်း ကျွဲခတ်လို့ လူတချို့လည်း ဒဏ်ရာရခဲ့သလို ဆိုင်ကယ် ၂ စီးနဲ့ ဆိုက္ကားတစီးလည်း ပျက်စီးသွားခဲ့ပါတယ်။

သောင်းကျန်းနေတဲ့ကျွဲကို အမှတ် ၂ ရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သိန်းမင်းဦးနဲ့ ပျဉ်းကတိုးကုန်း ကျေးရွာသားတွေနဲ့ပူးပေါင်းပြီး ဖမ်းဆီးခဲ့ရာမှာလည်း အဖမ်းမခံဘဲ ဖမ်းဖို့ကြိုးစားသူတွေကို ရန်ပြုခဲ့လို့ လူ ၁ ဦး ခေါင်းပေါက်သွားခဲ့ပါတယ်။

ခုလိုအခြေအနေတွေဖြစ်နေတဲ့အတွက် ကျွဲရှိတဲ့နေရာကို ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ကျော်စိုး ရောက်ရှိလာပြီး ဖမ်းမရတဲ့ကျွဲကို ပစ်ခတ်ဖမ်းဆီးဖို့ အမိန့်ပေးခဲ့ပါတယ်။

“ရွာမှာကလည်း မူလတန်းကျောင်းလေး ရှိနေပြီးတော့ ကလေးတွေလည်း ကျောင်းတက်နေကြတယ်။ ကျွဲကလည်း ဖမ်းလို့မရဘူးဖြစ်နေတော့ ပျဉ်းကတိုးကုန်းကျေးရွာသားတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့ အတွက် နောက်ဆုံးမှာ ပစ်ခတ် ဖမ်းဆီးခဲ့ရပါတယ်”လို့ ကျွဲဖမ်းဆီးချိန်မှာ ကိုယ်တိုင်ရှိနေခဲ့တဲ့ ဒုရဲမှူး သန်းအေးက ပြောပါတယ်။

အဲ့လို ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် မနက်ကတည်းက ထွက်ပြေးပြီး လူတွေကို ဒုက္ခပေးနေတဲ့ကျွဲဟာ ညနေ ၅ နာရီခွဲအချိန်မှာ သေဆုံးသွားခဲ့ပါတယ်။ အဲဒီအချိန်ကျမှပဲ ပျဉ်းကတိုးကုန်းရွာသားတွေလည်း ကျွဲရန်ကအေးပြီး သက်ပြင်းချရပါတော့တယ်။

ကျွဲပိုင်ရှင် ဦးသန့်ဇင်ထွန်းကိုတော့ တိရိစ္ဆာန်ကို ပေါ့လျော့စွာ သယ်ဆောင်တဲ့အတွက် အသည်ကြီး ရဲစခန်းက ပြစ်မှုနံပါတ် ၂၃၁/၂၀၁၃ ၊ ပုဒ်မ ၂၈၉ နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။

တဆက်တည်းမှာပဲ ကျွဲသယ်ဆောင်လာတဲ့ကိစ္စကို စစ်လိုက်တဲ့အခါ ဒီကျွဲတွေဟာ လပွတ္တာကနေ ခွင့်ပြုမိန့်မရှိဘဲ တရားမ၀င်သယ်ဆောင်လာတဲ့ကျွဲတွေဖြစ်နေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ ဒါကြောင့် အသည်ကြီးစခန်းက ကျွဲသယ်လာသူ ဦးသန့်ဇင်ထွန်းကို အရေးကြီးကုန်စည်နဲ့ ၀န်ဆောင်မှုဥပဒေ ပုဒ်မ ၅ နဲ့ ထပ်မံအမှုဖွင့်အရေးယူခဲ့ပါတယ်။

“အရက်မူး/ထန်းရေမူးလို့ ကျွဲခိုးပေါ်” ဆိုတဲ့ စကားပုံရှိပါတယ်။ အခုတော့ “ကျွဲသောင်းကျန်းလို့ မှောင်ခိုမိ” ဆိုသလို ဖြစ်သွားပါတယ်။ ဒီကျွဲသောင်းကျန်းလိုက်လို့ ကျွဲမှောင်ခိုသမားကို အခန့်သားမိခဲ့တာကိုးဗျ။ ဒဏ်ရာရသူတွေကတော့ ကိုယ့်ရပ်ကိုယ့်ရွာထဲ နေရင်းထိုင်ရင်းကနေ ကံဆိုးမိုးမှောင်ကျသွားခဲ့တာပေါ့။

ပျဉ်းကတိုးကုန်းရွာသားတွေကတော့ သောင်းကျန်းလွန်းတဲ့ကျွဲကို ပစ်ခတ်ဖမ်းဆီးပေးလို့ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်နေကြပါတယ်။

ဆလိုင်းသန့်စင်
Irrawaddy