ကချင်ပြည်နယ် တိုက်ပွဲများ အမြန်ဆုံး အဆုံးသတ်ရန် ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

ပို့စ်တင်ချိန် - 11/20/2013 04:00:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၁၉

ကချင်ပြည်နယ် မန်စီမြို့နယ် နမ်လင်းပါ ကျေးရွာအနီးတွင် ကေအိုင်အေနှင့် အစိုးရ တပ်မတော် အကြား ဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံး အဆုံးသတ်ရန် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး အရာရှိ မစ္စတာဗီဂျေနမ်ဗီးယားက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အရေးပေါ် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အစိုးရ တပ်မတော်နှင့် ကေအိုင်အို တို့က အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေ ကြသော်လည်း နမ်လင်းပါ ဒေသတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမှုသည် ဒေသတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် အဟန့်အတားများ ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းက အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေချိန်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အလားအလာကောင်းများ မရှိနိုင်သည့်အပြင် နှစ်ဦးနှစ်ဖက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရေး ကိုလည်း ထိခိုက်စေနိုင်ကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်းအောင်က The Voice သို့ ပြောကြားသည်။
“တကယ်ဆို နှစ်ဖက်လုံး ထိန်းထိန်း သိမ်းသိမ်း နေသင့်ပါတယ်၊ ထိပ်တိုက် ရင်ဆိုင်ရမယ့် အနေအထား ဆိုရင်တောင် မျက်နှာ လွှဲသွားသင့်တယ်” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲ ဖြစ်နေသော ဒေသတွင်းရှိ ဒေသခံ ပြည်သူများနှင့် ဒုက္ခသည်များကို အနီးအနားရှိ ကျေးရွာများသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်သော်လည်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ရန် အတွက်လည်း အခက်အခဲများ ရှိနေကြောင်း မစ္စတာနမ်ဗီးယား၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဓိကကတော့ အပစ်အခတ် ရပ်စဲရေးကို အခိုင်အမာ မတည်ဆောက်နိုင်သေးလို့ ဒီလို အခက်အခဲလေးတွေ ရင်ဆိုင်နေရတာပါ။ ဒါကြောင့် နိုင်ငံတော် အစိုးရက ဦးဆောင်ပြီးတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ကြိုးပမ်းနေတာ ဖြစ်တယ်” ဟု မြန်မာ ငြိမ်းချမ်းရေးစင်တာမှ ဦးအောင်နိုင်ဦးက The Voice သို့ ပြောကြားသည်။
နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေး ကြေညာစာတမ်းပါ နိုင်ငံသားတိုင်း၏ အခွင့်အရေး၊ လုံခြုံ ငြိမ်းချမ်းစွာနှင့် ဂုဏ်သရေရှိစွာ နေထိုင်နိုင်ရေး တို့ကို့ ကေအိုင်အေနှင့် တပ်မတော် နှစ်ဦးနှစ်ဖက်စလုံး လေးစားသင့်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် မစ္စတာနမ်ဗီးယား၏ ထုတ်ပြန်ချက်တွင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာမှ လူမှုအဖွဲ့အစည်း များကိုလည်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ရန် အတွက် ကုလသမဂ္ဂက တိုက်တွန်းထားကြောင်း ဖော်ပြ ထားသည်။

ကချင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နမ်လင်းပါ ကျေးရွာနှင့် ရွာအနီးအနားရှိ ဒေသခံပြည်သူ ၂၃၀၀၀ ကျော် ဒုက္ခသည် စခန်းများသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ၏ စာရင်းများအရ သိရသည်။
The Voice Weekly