မြွေတောင် စီမံကိန်း လက်လွတ်စပယ် လုပ်မည် မဟုတ်ဟု သူရဦးရွှေမန်းဆို

ပို့စ်တင်ချိန် - 11/19/2013 07:11:00 PM


ကလေး၊ နိုဝင်ဘာ ၁၈

ချင်းပြည်နယ် တီးတိန်မြို့နယ် အတွင်းရှိ မြွေတောင် နီကယ်သတ္တု စီမံကိန်းကို လက်လွတ်စပယ် ပြုလုပ်မည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကလေးမြို့တွင် နိုဝင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒေသခံများ တွေ့ဆုံပွဲ၌ ထည့်သွင်း ပြောကြားသည်။

ကလေးမြို့ ခရီးစဉ်အတွင်း ချင်းတောင် သဘာဝ သယံဇာတ စောင့်ကြည့်ရေး အဖွဲ့၏ တင်ပြချက်အပေါ် အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်ပြီး အရမ်းကာရော ပြုလုပ်မည် မဟုတ်ကြောင်း ၎င်းက ကတိပြု ပြောကြားသည်။
“အရမ်း မဖြစ်စေရပါဘူး။ ကျွန်တော်တို့ လွှတ်တော် ဘက်ကလည်း ဒါနဲ့ ပတ်သက်လို့ အရမ်းမလုပ်ဖို့ ကျွန်တော်တို့ ပြောပါမယ်။ လုပ်မယ် ဆိုလို့ ရှိရင်လည်း ဒီကနေ့ ကျွန်တော်တို့ ပြောနေတဲ့ EIA, SIA အပါအဝင် နောက်ဆုံးပေါ်တဲ့ EITI ကိစ္စမျိုးပါ ကျွန်တော်တို့ စဉ်းစား ဆောင်ရွက် ပေးသွားပါမယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။

ယင်းစီမံကိန်းနှင့် ပတ်သက်သော ဖြစ်ပွားမှု၊ ဖြစ်နိုင်ခြေနှင့် လူမှုဘဝအပေါ် သက်ရောက်နိုင်မှု အခြေအနေများကို ဆန်းစစ်ထားသော စာတမ်းကို သူရဦးရွှေမန်းထံသို့ ပေးအပ်ခဲ့ပြီး စီမံကိန်း ပြုလုပ်လျှင် နေရာပြောင်းရွှေ့ ခံရမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း၊ စီမံကိန်းကို ထောက်ခံခြင်း၊ မထောက်ခံခြင်း တိတိပပ ပြောဆိုကြခြင်း မရှိကြောင်း၊ ပြည်နယ် အစိုးရမှ ပြည်ထောင်စု အဆင့်သို့ တင်ပြရာတွင် ဒေသခံ ၇၅ ရာခိုင်နှုန်းက ထောက်ခံကြောင်း တင်ပြခြင်းမှာ မမှန်ကန်ကြောင်း ချင်းတောင် သဘာဝ သယံဇာတ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင် ဦးထားသွောင်က ပြော ကြားသည်။
“သူ့အဖြေကို ကျေနပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ပေးတဲ့ စာတမ်းကို နာယကကြီး အနေနဲ့ သေချာစွာ ဖတ်ရှုပြီးရင်တော့ အခုအဖြေထက် ပိုကောင်းတဲ့ အဖြေ ထွက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းစီမံကိန်းသည် ပြည်ထောင်စု အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ EIA, SIA များကို ဦးစားပေး ဆောင်ရွက်နေပြီး စီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတော်က ချမှတ်သော မူဝါဒအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ပြောကြားသည်။

မြွေတောင် စီမံကိန်းကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ North Mining Investment ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ သန်းငါးရာခန့် ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ပြည်ထောင်စု အစိုးရနှင့် အကျိုးအမြတ် ခွဲဝေရေးဆိုင်ရာ မပြေလည်သေးသဖြင့် တူးဖော်ရန် စာချုပ် မချုပ်ဆိုနိုင်သေးကြောင်း ယင်းကုမ္ပဏီ တာဝန်ရှိသူများထံမှ သိရသည်။

ယင်းစီမံကိန်း လုပ်ဆောင်ပါက လယ်မြေဧက ၇၀၀၀ နီးပါး ပျက်စီးနိုင်ကြောင်း ယင်းဒေသသို့ လေ့လာမှုများ ပြုလုပ်ခဲ့သည့် ချင်း နိုင်ငံရေးပါတီ လေးခုက ထုတ်ပြန်ထားသည်။
မြတ် (ကလေး)
The Voice Weekly