မြစ်ဆုံ စီမံကိန်းအတွက် မြန်မာနှင့် တရုတ်အစိုးရတို့ထံ ကန့်ကွက်စာ ပို့ထားဟု ဗိုလ်ချုပ် ဂွမ်မော်ဆို

ပို့စ်တင်ချိန် - 11/19/2013 12:59:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၁၈

ပြည်သူလူထု၏ ဆန္ဒပြ ကန့်ကွက်မှုကြောင့် သမ္မတဦးသိန်းစိန်က ၎င်း၏ အစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းထားရန် ဆုံးဖြတ်ထားသည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရတို့ထံ တရားဝင် ကန့်ကွက်ထားကြောင်း ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောကြားသည်။

မြစ်ဆုံဒေသနှင့် ဧရာဝတီမြစ်မှာ မြန်မာနိုင်ငံ သမိုင်းကြောင်းနှင့် များစွာ ဆက်နွှယ်နေပြီး ယင်းစီမံကိန်းကြောင့် ကချင်ပြည်နယ် ဒေသခံများ အပါအဝင် မြစ်ဝကျွန်းပေါ် ဒေသအထိ တစ်နိုင်ငံလုံး ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည့်အတွက် စီမံကိန်း ဆက်မလုပ်ရန် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ၎င်းက ရန်ကုန်မြို့တော်၌ နိုဝင်ဘာလ ၁၈ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
“အစိုးရကိုရော တရုတ် အစိုးရကိုပါ မြစ်ဆုံဒေသကို လုပ်တာ မသင့်တော်ဘူး ဆိုတဲ့အကြောင်း ကျွန်တော်တို့ ကန့်ကွက်စာ ပို့ထားပြီး ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။

မြစ်ဆုံ စီမံကိန်းကို ယခုအစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းမည်ဟု ပြောဆို ထားသော်လည်း ၂၀၁၅ ခုနှစ်နောက်ပိုင်း အစိုးရသစ်တစ်ရပ် တာဝန်ယူချိန်တွင် ယင်းစီမံကိန်း ပြန်လည် စတင်မည်ဟု စီမံကိန်း အကောင်အထည် ဖော်မည့် CPI က ပြောဆိုကြောင်း မြစ်ဆုံဒေသ တန်ဖဲရွာဟောင်းနေ ဒေသခံတစ်ဦးက ပြောကြားသည်။
“၂၀၁၅ မှာ အစိုးရသစ် တက်ရင် ဒီစီမံကိန်းကို ရအောင် လုပ်မယ်လို့ တရုတ်တွေက ပြောတယ်။ ဒီမှာလည်း စီမံကိန်း အခြေစိုက်စခန်းတွေ မရွှေ့သေးဘူး” ဟု အသက် ၅၀ ဝန်းကျင်ရှိ တန်ဖဲရွာသား တစ်ဦးက ဖွင့်ဟသည်။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအတွက် CPI ကုမ္ပဏီက ပြင်ဆင် ထားမှုများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများကို တရုတ်နိုင်ငံသို့ ဖိတ်ခေါ်၍ စီမံကိန်း အကောင်အထည် ဖော်ရေး လက်ခံရန် စည်းရုံးမှုများ ရှိကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အားလုံးမှာ အစိုးရနှင့်သာ သက်ဆိုင်သော်လည်း ကချင်ဒေသအတွင်း ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများကို ကေအိုင်အို အဖွဲ့က စောင့်ကြည့်ပြီး လိုအပ်ချက်များကို အကြံပြုလေ့ ရှိကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ထုတ်ဖော် ပြောကြားသည်။

လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀၀ အထိ ထုတ်လုပ်ရန် ရည်ရွယ်ထားသည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို မြန်မာနိုင်ငံ အမှတ် (၁) လျပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် တရုတ် CPI ကုမ္ပဏီတို့ ပူးပေါင်း၍ ၂၀၀၇ ခုနှစ်မှ စတင်အကောင်အထည် ဖော်နေခြင်း ဖြစ်ပြီး ပြည်သူများ၏ ကန့်ကွက် ဆန္ဒပြမှု များကြောင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် စီမံကိန်း ရပ်ဆိုင်းထားရန် သမ္မတဦးသိန်းစိန်က ကြေညာခဲ့သည်။
The Voice Weekly