တန်ဆောင်မုန်းလပြည့်ညက မန္တလေးဆေးရုံရောက်သည့် လူနာတစ်ရာကျော်ရှိခဲ့

ပို့စ်တင်ချိန် - 11/19/2013 04:59:00 PM


မန္တလေး-တန်ဆောင်မုန်းလပြည့်ည တစ်ညတည်းတွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ယာဉ်တိုက်မှု၊ အချင်းချင်းရန်ဖြစ်မှုများကြောင့် ရောက်ရှိလာသည့် လူနာပေါင်း တစ်ရာကျော်ရှိခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ပေါ်နှင့် အနီးတစ်ဝိုက်နေရာများမှ ယာဉ်မတော်တဆဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိလာသူများ အပါအ၀င် အချင်းချင်းတုတ်ဖြင့်ရိုက်မှု၊ ဓားဖြင့်ခုတ်မှုများကြောင့် ဆေးရုံကြီးသို့ ရောက်ရှိလာသည့် လူနာပေါင်း ၁၁၅ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၇၂ ဦးမှာ အတွင်းလူနာအဖြစ် ဆေးရုံကြီးတွင် တက်ရောက်လျက်ရှိကြောင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၏ အရေးပေါ်လူနာလက်ခံရာဌာနမှ သတင်းရရှိသည်။

ဒဏ်ရာများဖြင့် ဆေးရုံကြီးသို့ ရောက်ရှိလာသူများတွင် အသက် ၁၈ နှစ်အထက် အရွယ်စုံအမျိုးသားများ အများဆုံးပါဝင်နေပြီး အများစုမှာ အရက်သေစာသောက်စားထားသူများဖြစ်ကြောင်း ရဲမှုခင်းတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီးအောင်ဆန်းဦးကပြောသည်။

“ဒီလအခါကြီးရက်ကြီး လပြည့်လကွယ်နေ့တွေဆို တစ်ညလုံး နားကိုမနားရဘူး။ လပြည့်မတိုင်ခင်ရက်ကလည်း ဒီလိုအမှုတွေနဲ့ လူနာ ၆၀ လောက် လာသေးတယ်”ဟု အထက်ပါ ရဲတပ်ကြပ်ကြီးက ပြောသည်။

လက်ရှိအချိန်တွင် အတွင်းလူနာအဖြစ် တက်ရောက်နေရသည့် ၇၂ ဦးမှာ ဆေးရုံကြီးရှိ ထိခိုက်ဒဏ်ရာကုသဆောင်နှင့် ဦးနှောက်အာရုံကြော ခွဲစိတ်ဆောင်များတွင် အသီးသီးကုသလျက်ရှိပြီး သေဆုံးသူမရှိကြောင်း အရေးပေါ်လူနာလက်ခံရာဌာန မှတ်တမ်းများအရသိရသည်။

ယခုနှစ် သီတင်းကျွတ်လပြည့်ညကလည်း ယာဉ်မတော်တဆမှု၊ အချင်းချင်းခိုက်ရန်ဖြစ်ပွားမှုများကြောင့် မန္တလေးဆေးရုံကြီးသို့ ရောက်ရှိခဲ့သည့် လူနာပေါင်းခြောက်ဆယ်ကျော်ရှိခဲ့သည်။
7Day News Journal