လွယ်ဂျယ်မြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု မြင့်မားနေဆဲဟုဆို

ပို့စ်တင်ချိန် - 11/19/2013 07:08:00 PM


ဗန်းမော်၊ နိုဝင်ဘာ ၁၈

တရုတ်-မြန်မာ နယ်စပ်ဝင်ပေါက်မြို့ တစ်ခုဖြစ်သော ဗန်းမော်ခရိုင် အတွင်းရှိ လွယ်ဂျယ်မြို့တွင် မူးယစ်ဆေးဝါး တားဆီး ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကို ဆက်တိုက် ပြုလုပ်လျက် ရှိသော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှု မြင့်မားနေဆဲ ဖြစ်ကြောင်း လွယ်ဂျယ်မြို့ နယ်မြေခံ ရဲစခန်းမှ စခန်းမှူးက The Voice သို့ ပြောကြားသည်။

လွယ်ဂျယ်မြို့သည် နယ်စပ်မြို့ ဖြစ်သည်နှင့်အညီ နယ်စပ် ဝင်ပေါက်များ တရားဝင် ရှိနေသော်လည်း နယ်စပ် စည်းရိုး တစ်လျှောက် မည်သည့် နေရာတွင်မဆို လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ရာ ယင်း အချက်သည် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူများကို အကာအကွယ် ပေးထားသကဲ့သို့ ဖြစ်နေကြောင်းနှင့် နယ်စပ် စည်းရိုးများနှင့် မကွာဝေးသော လွယ်ဂျယ်မြို့ အနီးတဝိုက်ရှိ ကြံခင်းနှင့် လယ်တောများတွင် တဲများထိုးကာ ရောင်းဝယ်သုံးစွဲမှုများ ပြုလုပ်လေ့ ရှိကြောင်း နယ်မြေခံ စခန်းမှူး က ထပ်ဆင့် ပြောဆိုသည်။
“ကြံခင်းတွေနားကို ရှင်းလင်းရေး လုပ်ပြီး လိုက်ဖမ်း၊ တဲတွေကို မီးရှို့လုပ်ပေမယ့် ဒီနေ့လုပ် နောက်တစ်နေ့ ပြန်ရောက်နေတယ်။ ဖမ်းမိတာတွေကို စစ်ဆေးလိုက်ရင် တရုတ် ဘက်က လာတာများတယ်။ သူတို့တွေက ကင်းထောက်တွေ ဘာတွေထားပြီး ရောင်းဝယ် သုံးစွဲကြတာ။ ကြံခင်းတွေက အကျယ်ကြီးဆိုတော့ ရဲဝင်လာတာနဲ့ လွတ်အောင် ပြေးတာဘဲ။ လုံခြုံရေးအရ ကန့်သတ်ချက်တွေ ရှိနေတော့ လိုက်လို့မရတဲ့ အပိုင်းတွေလဲ ရှိတယ်” ဟု ၎င်းကဆိုသည်။

လွယ်ဂျယ်မြို့ အောင်မင်္ဂလာရပ်ကွက် အတွင်းရှိ လူနေအိမ်ခြေများနှင့် မကွာဝေးသော ကြံခင်း တစ်ခုတွင် နံနက်နှင့် ညနေပိုင်း အချိန်များ၌ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲခြင်းများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်လေ့ ရှိကြပြီး လွယ်ဂျယ် မြို့ပေါ်တွင်လည်း မူးယစ်ဆေး စွဲသူများကို နေရာအနှံ့ တွေ့ရှိနိုင်ကြောင်း အောင်မင်္ဂလာ ရပ်ကွက်မှ ဒေသခံ ကချင် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အဆိုပါ မူးယစ်ဆေး စွဲနေသူများသည် တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်းများကို ဆိုင်ကယ်များနှင့် တင်ဆောင် ရောင်းဝယ်ကြသော ဆိုင်ကယ်ကယ်ရီ မောင်းသူများကို ဓားပြတိုက်ကာ ပစ္စည်းများ လုယူ တတ်သောကြောင့် ဆိုင်ကယ်ကယ်ရီ မောင်းသူများ အုပ်စုဖွဲ့ သွားလာရကြောင်း ဗန်းမော် မြိုခံ ဆိုင်ကယ် ကယ်ရီမောင်းသူများထံမှ သိရသည်။

မူးယစ်ဆေး စွဲနေသည့် လူတစ်ဦးကို သက်သေခံ အထောက်အထားအဖြစ် မူးယစ်ဆေးဝါးကို လက်ဝယ် မတွေ့ရှိပါက ဖမ်းဆီးအရေးယူမှု မပြုလုပ်နိုင်ဘဲ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှသာ ပုဒ်မ ၁၅ နှင့်တွဲ၍ အရေးယူမှု ပြုလုပ်နိုင်ကြောင်း၊ အိမ်နီးချင်း တရုတ်ပြည်တွင်မူ လူတစ်ဦးကို မူးယစ်ဆေး စွဲနေသည်ဟု ယူဆပါက ဖမ်းဆီးကာ ဆီးစစ်စေပြီး ဆေးမအောင်ပါက မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် အရေးယူလေ့ရှိရာ မြန်မာနိုင်ငံတွင်လည်း ယင်းကဲ့သို့ လုပ်ဆောင်နိုင်မည် ဆိုပါက မူးယစ်ဆေးဝါး သုံးစွဲသူများ လျော့ကျလာနိုင်ကြောင်းနှင့် လက်ရှိတွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား သူများကို အဓိကထား ဖမ်းဆီး အရေးယူလျက် ရှိကြောင်း လွယ်ဂျယ်မြို့ နယ်မြေခံ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။