စိန်ဂေဟာ ဈေးဝယ်စင်တာ၏ Facebook စာမျက်နှာ တိုက်ခိုက် ခံထားရဟုဆို

ပို့စ်တင်ချိန် - 11/19/2013 02:02:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံ၏ နာမည်ကျော် ဈေးဝယ်စင်တာ တစ်ခုဖြစ်သော စိန်ဂေဟာ (Sein Gay Har) ဈေးဝယ် စင်တာ၏ Facebook စာမျက်နှာကို နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်အစောပိုင်းက အတိုက်ခိုက် ခံထားရကြောင်း စိန်ဂေဟာ၏ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဦးအောင်ဇော်မြင့်က ပြောကြားသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့နံနက် အစောပိုင်းမှစ၍ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ အဆိုပါ တိုက်ခိုက်သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းကာလအတွင်း အဆိုပါ စာမျက်နှာတွင် ရေးသား ဖော်ပြထားသည့် အကြောင်းအရာများသည် စိန်ဂေဟာ မိသားစုနှင့် မသက်ဆိုင်ကြောင်း၊ ၎င်းတို့၏ အာဘော် မဟုတ်ကြောင်း ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ပြည်လမ်းရှိ စိန်ဂေဟာ ဈေးဝယ်စင်တာ၏ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကရှင်းလင်း ပြောဆိုသည်။

မည်သည့် အဖွဲ့အစည်းက မည်သည့် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်ကို မသိရှိရသော်လည်း ယင်းသို့ အတိုက်ခိုက် ခံရပြီးနောက်ပိုင်း အဆိုပါ စာမျက်နှာတွင် ဘာသာရေးကို အလွဲသုံးစား လုပ်ထားသည့် အကြောင်းအရာများ ဖော်ပြကာ စိန်ဂေဟာ မိသားစု၏ စီးပွားရေး လုပ်ငန်းများကို ထိခိုက်စေရန် လုပ်ဆောင်နေကြောင်း ဒါရိုက်တာ အဖွဲ့ဝင် နောက်တစ်ဦးဖြစ်သူ ဦးဟန်ဝင်းထွဋ်က ပြောကြားသည်။
“ကျွန်တော်တို့ရဲ့ Web Team အနေနဲ့ Account ကို ပြန်ရအောင်တော့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ မရှိတော့ လွယ်တော့ မလွယ်ဘူး” ဟု ၎င်းကဆိုသည်။

ယင်းအပြင် မူလစာမျက်နှာ Sein Gay Har Page ကို အတိုက်ခိုက် ခံခဲ့ရသည့်အတွက် Sein Gay Har Myanmar Page အသစ်တစ်ခုကို ထပ်မံဖွင့်ခဲ့ကြောင်း၊ သို့သော် ဖွင့်ပြီး ၁၀ နာရီ အကြာတွင် အဆိုပါ စာမျက်နှာမှာလည်း ထပ်မံတိုက်ခိုက် ခံခဲ့ရကြောင်း ဒါရိုက်တာ အဖွဲ့ဝင်များက ပြောဆိုသည်။
“အသစ်ဖွင့်တဲ့ စာမျက်နှာကိုတော့ Myanmar Muslim Cyber Force ဆိုတဲ့ အဖွဲ့တစ်ခုက တိုက်ခိုက်တာ။ သူတို့ ထိန်းချုပ်လိုက်ပြီလို့ အဲဒီအဖွဲ့က စာမျက်နှာမှာ ဖော်ပြထားတယ်” ဟု ဦးအောင်ဇော်မြင့်က ဆိုသည်။

ယခုကဲ့သို့ အင်တာနက် စာမျက်နှာ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းများသို့ တိုင်ကြားထားကြောင်း၊ သို့သော် တိုက်ခိုက်သူများ အနေနှင့် ၎င်းတို့၏ စာမျက်နှာကို ပြန်လည် ပေးအပ်ပါက ကျေးဇူးတင်စွာဖြင့် ဆုချီးမြှင့်မည် ဖြစ်ပြီး အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်မည် မဟုတ်ကြောင်း ဒါရိုက်တာ အဖွဲ့ဝင်များက မီဒီယာများမှ တစ်ဆင့် ရှင်းလင်း ပြောကြားသည်။

အမျိုးသားဝတ်နှင့် အမျိုးသမီးဝတ် အဝတ်အထည်များ၊ Branded ကုန်ပစ္စည်းများကို နိုဝင်ဘာလ ၁၆ ရက်နေ့ မှ ၃၀ ရက်နေ့အတွင်း ဝယ်ယူသူများ (၉၆၉ တံဆိပ် ယူဆောင်လာသူများ၊ OIC ကိုကန့် ကွက်သူများ၊ ၉၆၉ ရဟန်းသံဃာများ) အား ၅၀ ရာခိုင်နှုန်း ဈေးနှုန်း ချိုသာစွာ ရောင်းချပေးမည့်အပြင် ကျပ်ငါးသောင်းနှင့်အထက် ဝယ်ယူအားပေးသည့် ဖောက်သည်များအား အနည်းဆုံး ကျပ်တစ်သောင်းဖိုး အထက် ပါဝင်သော ဗလာမပါ ကံစမ်းမဲအဖြစ် မေတ္တာ တုံ့ပြန်သွားမည် ဖြစ်ကြောင်း၊ စိန်ဂေဟာ Facebook စာမျက်နှာများ Facebook ခံထားရကြောင်း ကောလာဟလများ ပျံ့နှံ့နေကြောင်း၊ ယင်း ကောလာဟလ များမှာ မဟုတ်မမှန် လုပ်ကြံ ဖန်တီးထားသည်များ ဖြစ်ပြီး ယခုစာမျက်နှာသည် အစစ်အမှန် ဖြစ်ကြောင်း အတိုက်ခိုက် ခံထားရသည့် Sein Gay Har Facebook စာမျက်နှာတွင် နိုဝင်ဘာလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ရေးသားထားသည်။

ယင်းအပြင် အဆိုပါ အွန်လိုင်း တိုက်ခိုက် ခံရစဉ်အတွင်း စိန်ဂေဟာ ဈေးဝယ်စင်တာများကို ဗုံးဖောက်ခွဲမှုများ ပြုလုပ်မည် ဖြစ်သဖြင့် အစ္စလာမ် မြန်မာများနှင့် နိုင်ငံခြားသားများ အဆိုပါ ဈေးဝယ် စင်တာများကို ရှောင်ရှားကြရန် သတိပေးသည့် မှတ်ချက် တစ်ခုတွင် ရေးသားထားသည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ အင်တာနက် Facebook စာမျက်နှာများ၊ E-mail များကို ခိုးယူ၊ တိုက်ခိုက်မှုများအတွက် ဥပဒေကြောင်းအရ အရေးယူနိုင်သည့် ဥပဒေများ ပြဋ္ဌာန်းထားသော်လည်း ဖြစ်ပွားသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ခြေရာခံလိုက်ပြီး သက်သေ အထောက်အထား ခိုင်လုံစွာ တင်ပြနိုင်ရန် မလွယ်ကူသောကြောင့် လက်တွေ့တွင် အရေးယူရန် မလွယ်ကူသေးကြောင်း၊ ယင်းအပြင် Facebook ကဲ့သို့သော စာမျက်နှာများသည် အတန်အသင့် လုံခြုံမှုရှိပြီး ယင်းကဲ့သို့ တိုက်ခိုက်ခံရမှု အများစုမှာ အသုံးပြုသူ၏ ပေါ့ဆမှုကြောင့်သာ ဖြစ်လေ့ ရှိကြောင်း အိုင်တီပညာရှင် ဦးအိမောင်က The Voice သို့ ပြောကြားသည်။
“နည်းပညာ အားနည်းလို့ ဖြစ်ရတာထက် အသုံးပြုတဲ့ Admin User တွေရဲ့ လုံခြုံရေးအသိ အားနည်းလို့ ဖြစ်တာများတယ်၊ Passaword ကို အလွယ်တကူ သုံးတာတို့၊ စာမျက်နှာမှာ မလုပ်သင့်တဲ့ အပြုအမူတွေ လုပ်တာတွေကြောင့် ဖြစ်တာများတယ်” ဟု ၎င်းကသူ၏ အမြင်ကို ရှင်းလင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အစိုးရ ဝန်ကြီးဌာနများ၊ ပုဂ္ဂလိက သတင်းဌာနများ၏ အင်တာနက် စာမျက်နှာများ တိုက်ခိုက်ခံရမှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ ပုဂ္ဂလိက ဈေးဝယ်စင်တာ တစ်ခု၏ အင်တာနက် စာမျက်နှာကို တိုက်ခိုက်ခံရမှုမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
The Voice Weekly