ပြည်တွင်း အိုင်စီတီဈေးကွက်သို့ စင်ကာပူ ဝင်ရောက်ရန် ပြင်ဆင်

ပို့စ်တင်ချိန် - 11/19/2013 12:53:00 PM


အတွဲ (၁၄)၊ အမှတ် (၄၅)
Mon, 11/18/2013
မြန်မာနိုင်ငံ အိုင်စီတီဈေးကွက် အတွင်းသို့ စင်ကာပူနိုင်ငံရှိ နည်းပညာ ကုမ္ပဏီများက ဝင်ရောက်ရန် စတင် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း ယင်းကုမ္ပဏီ အချို့ထံမှ သတင်းရရှိသည်။

Infocomm Development Authority of Singapore (IDA) ကုမ္ပဏီသည် ပြည်တွင်း အိုင်စီတီကဏ္ဍသို့ ဝင်ရောက်ရန် အတွက် လေ့လာမှုများ လုပ်နေပြီ ဖြစ်သည်။

ယင်းလုပ်ငန်းစု အနေဖြင့် စင်ကာပူနိုင်ငံရှိ တခြားသော လုပ်ငန်းတူ ကုမ္ပဏီအချို့ကို ဦးဆောင် ဝင်ရောက် လာရန် စီစဉ်နေသည်ဟု အဆိုပါ ကုမ္ပဏီများ၏ ကိုယ်စား သတင်းထုတ်ပြန်ပေးသည့် Today Ogilvy Public Relation Myanmar ၏ ကြေညာချက်အရ သိရသည်။

“မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှု အလားအလာတွေ အပေါ်မှာ ကျွန်တော် IDA က ခိုင်ခိုင်မာမာ ယုံကြည်ချက် ရှိပါတယ်။ ဒါ့အပြင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပိုင်းမှာပါ အထောက်အပံ့ ဖြစ်စေဖို့ အတွက် မြန်မာရဲ့ အိုင်စီတီ ကဏ္ဍဖွံ့ဖြိုးမှုကို ကူညီပေးနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေနေပါတယ်။ ကျွန်တော့ စင်ကာပူ ကုမ္ပဏီတွေ အနေနဲ့ မြန်မာ အိုင်စီတီ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ဖွံ့ဖြိုး တိုးတက်မှုကဏ္ဍတွေ အတွက် အကူအညီပေးချင်ပါ တယ်”ဟု IDA ကုမ္ပဏီ၏ ဒုတိယအမှုဆောင် ဥက္ကဋ္ဌ Mr. Steve Leonardက ဆိုသည်။

IDA လုပ်ငန်းစုနှင့် အတူ ပြည်တွင်းသို့ ဝင်ရောက်လာမည့် ကုမ္ပဏီများတွင် ST Electronic (Training and Simulation Pte Ltd) အာရှ ပစိဖိတ်ဒေသ အတွင်း ငွေပေးချေမှု ဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်သည့် Payment လုပ်ငန်းစုဖြစ်သည့် 2C2P, Chainwor l dCommunication, Converged Solution နှင့် Data Center များအတွက် Software  Solution များ ရေးဆွဲခြင်း လုပ်ငန်းကို လုပ်ကိုင်သည့် ERS Industries Pte Ltd, Singapore Telecommunications Ltd စသည်တို့ ပါဝင်လာနိုင်ဖွယ် ရှိသည် ဟု ပြည်တွင်း ကွန်ပျူတာ လုပ်ငန်းရှင် အချို့က ခန့်မှန်းကြသည်။

ယင်းကုမ္ပဏီများနှင့် အချို့ အိုင်စီတီ ကုမ္ပဏီများသည် ပြီးခဲ့သည့်လက ရန်ကုန်မြို့တွင်ကျင်းပခဲ့သည် အိုင်စီ တီရက်သတ္တပတ်ပြပွဲတွင် ပါဝင်ခဲ့ကြသည်။ International Data Corporation (IDC) က ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံ၏ အိုင်စီတီဈေးကွက်သည် အမေရိကန်ဒေါ်လာ ၁၁၀.၅၁သန်း ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ် အရောက်တွင် ကန်ဒေါ်လာ ၂၃၃.၅၅၆ သန်းအထိ တိုးတက်လာဖွယ် ရှိနေကြောင်း ခန့်မှန်းထားသည်။

လက်ရှိ အစိုးရ၏ ပြုပြင် ပြောင်းလဲမှုများနောက်တွင် နိုင်ငံ၏ အိုင်စီတီကဏ္ဍ အတွင်းသို့ အာရှပစိဖိတ် ဒေသတွင်း နိုင်ငံများအပြင် အနောက်ဥရောပမှ နိုင်ငံကြီးများပါ စိတ်ဝင်စားလာခြင်းနှင့် ဝင်ရောက်လာခြင်းများ ရှိနေသော်လည်း နည်းပညာဆိုင်ရာ အခြေခံ အဆောက်အဦပိုင်းတွင် အားနည်းချက် အချို့ရှိနေဆဲဖြစ်ပြီး၊ အစိုးရဘက်မှ ဆက်သွယ်ရေး ကဏ္ဍကို ယခုထက် ပိုမိုအာရုံစိုက် လုပ်ဆောင်သင့်သည်ဟု ကွန်ပျူတာ ပညာရှင် တချို့က သုံးသပ် ပြောဆိုကြသည်။

ယုဇနကိုကို
Internet Journal