ထွက်ပြေး လွတ်မြောက်ခဲ့သော အိမ်အကူ မိန်းကလေး အမှုကို တရားဥပဒေ စိုးမိုးရေး ကော်မတီက ကူညီ ဖြေရှင်းပေးမည်ဟုဆို

ပို့စ်တင်ချိန် - 11/19/2013 01:23:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် (၁၂) ရပ်ကွက် စံပယ်လမ်းသွယ် (၁) လမ်း၊ အမှတ် (၁၉၃) နေအိမ်မှ အိမ်ရှင် ဖြစ်သူ၏ နှိပ်စက်မှုတို့ကို မခံနိုင်၍ ထွက်ပြေး လွတ်မြောက်ခဲ့သော အသက် ၁၄ နှစ်အရွယ် မိန်းကလေးအမှုကို တရားဝင် တိုင်ကြားလာပါက တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီက ကူညီဖြေရှင်းပေးမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြင့်က The Voice သို့ ပြောကြားသည်။

ယင်းအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသော အသက် ၁၄ နှစ်အရွယ် မိန်းကလေးမှာ နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၉ နာရီခွဲခန့်က လူမရှိခိုက် သံဆူးကြိုးများပေါ်မှ ခိုးထွက်ပြီး ပတ်ဝန်းကျင်သို့ အကူအညီ တောင်းခံ ခဲ့သဖြင့် အနီးပတ်ဝန်းကျင် အိမ်များမှ လူတချို့၏ လမ်းညွှန်ချက်အရ (၁၂) ရပ်ကွက် NLD ရုံးခန်းသို့ ထွက်ပြေး လွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း ရွှေပြည်သာ မြို့နယ် (၁၂) ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။
“သမီးကို နေ့တိုင်း နှိပ်စက်ခဲ့ပြီး ပိတ်လှောင်ထားတာ လပေါင်းများစွာ ခံစားခဲ့ရပါတယ်။ ညတိုင်း သန်းခေါင်ကျော်မှ အိပ်ရပြီး မနက် ၄ နာရီ၊ ၅ နာရီထပြီး အလုပ်လုပ်ရတယ်။ နေ့တိုင်းလိုလို အရိုက်ခံ ရပါတယ်။

မီးပူနဲ့လည်း အကပ်ခံရပါတယ်။ သနပ်ခါးတုံးနဲ့လည်း ထုပါတယ်။ အိမ်ရှင် လင်မယား နှစ်ယောက်လုံးက သူတို့ လူကြီးအားနဲ့ ပါးရိုက်တာကို အကြိမ် ၂၀၀ မက ခံခဲ့ရဖူးပါတယ်။ ထမင်း သုံးနပ်တော့ ကျွေးပေမယ့် ငါးပိရည်နဲ့ပဲ ကျွေးပါတယ်။ အရင်တုန်းက အင်းစိန်က စတိုးဆိုင်နဲ့ လမ်းမတော်မြို့နယ်က ဘဲဥဆိုင်မှာ အလုပ် လုပ်ခဲ့ဖူးပေမယ့် ဒီလောက် မဆိုးခဲ့ပါဘူး” ဟု ၎င်းက ဒဏ်ရာများကို ပြသရင်း ဆိုသည်။

အဆိုပါ နေအိမ်တွင် အိမ်ရှင်ဖြစ်သူ ဇနီးမောင်နှံ နှစ်ဦးနှင့် ကလေးသုံးဦးရှိကာ အငယ်များမှာ ခြောက်နှစ်သား အမြွှာဖြစ်ကြောင်း၊ တစ်နေကုန် အလုပ်လုပ်ကိုင်ရကာ နားချိန် မရှိအောင် ခိုင်းစေတတ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ နေအိမ်တွင် လေးလကျော်ခန့် အလုပ်လုပ်ခဲ့ပြီး လွန်ခဲ့သည့် သုံးလခန့်က တစ်ကြိမ် ထွက်ပြေးခဲ့စဉ် အနီးရှိ ထမင်းဆိုင်သို့ အကူအညီ သွားရောက် တောင်းခံရာမှ ၎င်းအလုပ်လုပ်သည့် နေအိမ်မှ ယာဉ်နောက်လိုက်များနှင့် ထိပ်တိုက် တွေ့ခဲ့သည့် အတွက် နေအိမ်သို့ ပြန်ပို့ခြင်း ခံခဲ့ရကြောင်း၊ နိုဝင်ဘာလ ၁၆ ရက်တွင် မဝါဝါဝင်း၏ ဖခင် ရောက်ရှိလာပြီး အိမ်ရှင်ဖြစ်သူ ဦးစောမျိုးထက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ကလေးသူငယ် ကာကွယ်စောင့်ရေးအဖွဲ့ စသည်တို့နှင့် တွေ့ဆုံ ညှိနှိုင်းခဲ့သော်လည်း ဖခင်ဖြစ်သူက ကျေအေးစေ လိုသည်ဟု ထွက်ဆိုပြီး အိမ်ရှင် ဖြစ်သူက ဆုံးမသည့် အနေနှင့် ရိုက်နှက်ခဲ့သည်ဟု ပြောဆိုကြောင်း၊ လက်ရှိ အချိန်တွင် NLD ရပ်ကွက် ဥက္ကဋ္ဌက လွတ်မြောက်လာသူ မိန်းကလေးဘက်မှ တရားလို ပြုလုပ်ကာ တရားစွဲဆိုထားကြောင်း (၁၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဉာဏ်ဝင်းထွန်းက ပြောကြားသည်။

အဆိုပါ မိန်းကလေး၏ ဖခင်ဖြစ်သူက လက်ရှိ တိုင်တန်းထားမှုကို ကျေအေး ခိုင်းသော်လည်း မကျေနပ်နိုင်သဖြင့် ဆက်လက် တရားရင်ဆိုင်သွားမည် ဖြစ်ကြောင်း အိမ်ရှင်၏ နှိပ်စက်မှုဒဏ်မှ ထွက်ပြေး လွတ်မြောက်ခဲ့သူ မဝင်းဝင်းအေး (ခ) မဝါဝါဝင်းက ပြောကြားသည်။

မဝါဝါဝင်း၏ ဖခင်မှာ ကလေးဒဏ်ရာများပင် ပြည်စုံအောင် မကြည့်ရှုဘဲ အိမ်ရှင်များကို ယုံကြည်၍ အပ်နှံခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုကာ ကလေးကို အတင်းအကျပ် ကျေအေးခိုင်းကြောင်း၊ သို့သော် မဝါဝါဝင်းက မိမိမှာ အဆမတန် ခံစားခဲ့ရသည့်အတွက် မကျေနပ်ကြောင်း ပြန်လည် ပြောဆိုခဲ့ သည်ဟု (၁၂) ရပ်ကွက် NLD ရုံးက အမျိုးသမီး စည်းကမ်း ထိန်းသိမ်းရေး တာဝန်ခံ ဒေါ်ခင်သန်းဝင်းက ပြောပြသည်။
“မာနမကြီးနဲ့ ငါလည်း အလုပ်ရှိသေးတယ်။ ကျေနပ်လိုက်” ဟု ဖခင်က ကရင် ဘာသာစကားဖြင့် ရပ်ကွက်ရုံးတွင် ပြောဆိုခဲ့သည်ကို မဝါဝါဝင်းက ပြန်လည် ပြောပြခဲ့ကြောင်း၊ အဆိုပါ ဦးစောမျိုးထက် နေအိမ်တွင် မဝါဝါဝင်း၏ အစ်မ တော်စပ်သူမှာ အသက် ၁၃ နှစ်မှ ၁၈ နှစ်ခန့်ထိ ငါးနှစ်ကြာ အိမ်အကူ အလုပ်ကို လုပ်ကိုင်ခဲ့ပြီး နှိပ်စက် ခံရသောကြောင့် ညီမဖြစ်သူ မဝါဝါဝင်းနှင့် နေရာချင်း လဲခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

“ဒီကလေးရဲ့ အစ်မက လွန်ခဲ့တဲ့ ၂ နှစ်ခွဲလောက်တုန်းက လာအကူအညီ တောင်းတော့ မျက်နှာမှာ ကုတ်ရာတွေ၊ မီးပူ ကပ်ခံထားရတဲ့ ဒဏ်ရာရယ်၊ အရှိုးရာတွေ အများကြီး တွေ့ရတယ်။ အဲဒီတုန်းက ကျွန်မတို့ဘာမှ လုပ်ကိုင်လို့ မရတဲ့ အခြေအနေမို့လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ နယ်ထိန်း ကိုသိန်းဇံကို အကူအညီ တောင်းခဲ့ဖူးတယ်။ ဘာမှကို ထူးမလာခဲ့ဘူး” ဟု ၎င်းက ထပ်မံပြောကြားသည်။

မဝါဝါဝင်း၏ မိသားစုသည် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ပျဉ်ပုံကြီး ကျေးရွာအုပ်စု သုံးခွရွာတွင် နေထိုင်ပြီး မွေးချင်းလေးဦး ရှိပြီး ဒုတိယမြောက်သမီး ဖြစ်ကြောင်း၊ မိဘနှစ်ပါးမှာ ဦးလေး ဖြစ်သူ၏ လယ်ယာ လုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်ပြီး ဖခင်ဖြစ်သူက ဦးစောမျိုးထက် နေအိမ်တွင် တစ်လလျှင် နှစ်သောင်း ကျပ်နှုန်းဖြင့် လုပ်အားခ ၁၀ လစာငွေ နှစ်သိန်း ထုတ်ယူခဲ့သဖြင့် အလုပ်မှ ထွက်၍ မရသောကြောင့် ထွက်ပြေးခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် အမှုစစ် ရဲအရာရှိများက စစ်ချက်ရယူရန် ရှိသဖြင့် အုပ်ထိန်းသူ ဖခင်ထံမှ ကိုယ်စားလှယ် လွှဲအပ်ကာ မဝါဝါဝင်းကို ရပ်ကွက် NLD ရုံးမှ ထိန်သိမ်း စောင့်ရှောက်ထားကြောင်း (၁၂) ရပ်ကွက် NLD ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောကြားသည်။

“ကလေးရောက်ခါစက နဖူးမှာ ဘုသီးကြီး နှစ်ခုနဲ့ နားမှာ ညိုမည်းနေပြီး ညာဘက် ခြေထောက်မှာ မီးပူနဲ့ ကပ်ခံထားရတဲ့ ဒဏ်ရာ၊ ညာလက်ဖမိုး ရောင်ကိုင်းနေပြီး အရှိုးရာတွေဆိုတာ နည်းတာမဟုတ်ဘူး” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေပြည်သာ မြို့မရဲစခန်းက (ပ) ၈၄၆/၁၃၊ ပုဒ်မ ၂၉၄၊ ၃၂၅၊ ၅၀၆ တို့ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရွှေပြည်သာ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly