မြန်မာနိုင်ငံတွင် လမ်း၊ တံတားနှင့် အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများတွင် ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်

ပို့စ်တင်ချိန် - 11/19/2013 12:49:00 PM


မြန်မာနိုင်ငံတွင် လမ်း၊ တံတား တည်ဆောက်ရေး လုပ်ငန်းများနှင့် အထပ်မြင့် အဆောက်အအုံစသည့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ယင်းကဲ့သို့ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့ နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးထားပြီးဖြစ်ရာ အဆိုပါ MoU အရ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနေပြီ ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာ လမ်း၊ တံတား တည်ဆောက်ရေး လုပ်ငန်းတွေ အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွေမှာ နည်းပညာအရရော အသုံးပြုမယ့် ပစ္စည်းထုတ်လုပ်မှု အပိုင်းမှာပါ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်တို့နဲ့ MoU က ထိုးပြီးသား။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်မယ့် အပိုင်းကိုတော့ အခုမှ ဆွေးနွေးနေတုန်းပဲ'' ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသာဌေးက ဆိုသည်။

မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ ဂျပန်နိုင်ငံသို့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ၊ ဖေဖော်ဝါရီလများတွင် အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ လေ့လာရေး ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်း တည်ဆောက်လျက်ရှိသော ဧရာဝဏ်နှင့် ရတနာ အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများသို့ ဂျပန်၊ ကိုရီးယား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ လာရောက်လေ့လာ ခဲ့ကြကြောင်း သိရသည်။

''အထပ်မြင့် အဆောက်အအုံ တည်ဆောက်တဲ့နေရာမှာ အများအားဖြင့် pre cast စနစ်ကို သုံးကြတာလေ။ pre cast စနစ်နဲ့ အသုံးပြု တည်ဆောက်နိုင်ဖို့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းတွေကိုလည်း pre cast စနစ် သုံးပစ္စည်းအဖြစ် ထုတ်လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီ pre cast စနစ်သုံး ပစ္စည်းတွေ ထုတ်လုပ်ဖို့ကိုလည်း MoU အရ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခု လောလောဆယ်တော့ ဆွေးနွေးညှိနှိုင်းနေပါပြီ'' ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသာဌေးက ပြောကြားသည်။

Eleven Media Group