အစိုးရနှင့် ဖက်ဒရယ်စနစ်ကို ဆွေးနွေးရန် အခက်အခဲ မရှိနိုင်ဟု ကေအိုင်အို အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ မျှော်လင့်

ပို့စ်တင်ချိန် - 11/04/2013 11:03:00 AM

လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ညီလာခံအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဘုံသဘော တူညီချက် ရထားသည့် အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးမှုများတွင် ကဏ္ဍတစ်ရပ် အနေဖြင့် ပါဝင်သော ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးအတွက် အစိုးရနှင့် ဆွေးနွေးရာတွင် ခက်ခဲမှု မရှိနိုင်ဟု မျှော်လင့်ထားကြောင်း ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ)၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။
ကချင်ပြည်နယ်ရှိ ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့တွင် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ညီလာခံအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
"အခုချိန်မှာ အစိုးရဘက်ကလည်း ဖက်ဒရယ်ကို ပြောနေပါတယ်။ တစ်နိုင်ငံလုံးလည်း ပြောနေပြီဆိုတော့ ခေါင်းစဉ်ကတော့ အားလုံးပြောနေတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်နေပါပြီ။ အဲဒီတော့ ဆက်ပြီးဆွေးနွေးရင် သိပ်ပြီးအခက်အခဲရှိမယ် မထင်ပါဘူး" ဟု ၎င်းကဆိုသည်။
ကျွန်တော်တို့ တိုင်းရင်းသားဘက်လည်း ကြိုးစားသင့်တယ်။ အစိုးရဘက်ကလည်း ကြိုးစားသင့်တယ်။ တပ်မတော်ဘက်ကလည်း ကြိုးစားသင့်တယ်။ NLD ကလည်း ကြိုးစားသင့်တယ်။ ဒီကြိုးစားမှု အားလုံးရဲ့ အသီးအပွင့်ကို ပြည်သူလူထုအားလုံး ခံစားနိုင်ဖို့ တိုင်းပြည်ငြိမ်းချမ်းနိုင်ဖို့ ဒီတိုင်းပြည်ကြီး တိုးတက်နိုင်ဖို့အတွက် . . . . .
ထို့အတူ ချင်းအမျိုးသားတပ်ဦး (CNF) ၏ အဓိပတိ ကောင်စီဝင်ဖြစ်ပြီး တိုင်းရင်းသား လူမျိုးများ ကောင်စီ (ENC) ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက အစိုးရဘက်က တိုင်းရင်းသားအဖွဲ့များ သုံးစွဲနေသည့် ဖက်ဒရယ် စကားလုံးကို သုံးစွဲလာခြင်းသည် ကောင်းသောလက္ခဏာ တစ်ရပ်ဖြစ်ကြောင်း ရှုမြင်သည်။
"အစိုးရ ဘက်ကလည်း ကျွန်တော်တို့ ပြောတဲ့အတိုင်း ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို သုံးပါတယ်။ ဒါက အင်မတန်မှ ကောင်းတဲ့အလားအလာ ဖြစ်ပါတယ်။ ဟိုတုန်းက ဖက်ဒရယ် ဆိုတာကို ခွဲထွက်ရေး ဆိုပြီးတော့ ကင်ပွန်းတပ်တယ်။ အခုက သူတို့ကလည်း ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး မဟုတ်ဘူး။ ပူးပေါင်းရေး ဖြစ်တယ်ဆိုတာ သူတို့လက်ခံလာတယ်။ သိမြင်လာတယ်" ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။

လိုင်ဇာထိပ်သီး ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်မှူးကြီးခွန်ဥက္ကာ (UNFC တွဲဖက်အတွင်းရေးမှူး -၂) ကို တွေ့ရစဉ်
အချိန်သတ်မှတ်ချက် ပတ်သက်၍ ပြောဆိုရန် ခက်ခဲကြောင်းကိုလည်း ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။ ထို့အပြင် ပင်လုံမူကို အခြေခံသော ပြည်ထောင်စုကို ပြန်လည်ထူထောင်ရန် အားလုံးကြိုးစား သင့်သည့်အချိန်ကို ရောက်နေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
"ပင်လုံမူအတိုင်း ပြည်ထောင်စု ပြန်လည်ထူထောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ဘက်ကလည်း လုပ်မယ်။ ပြီးတော့ သူရဦးရွှေမန်းတို့ ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပြည်ထောင်စု လွှတ်တော်ကလည်း လုပ်မယ်။ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရကလည်း လုပ်မယ်လို့ ကျွန်တော်မျှော်လင့်တယ်။ ဆိုတော့ ကျွန်တော်တို့ အားလုံးရဲ့ တူညီမှုအပေါ်မှာ ကျွန်တော်တို့ ဒီပြည်ထောင်စုကို ပြန်လည်ထူထောင်ဖို့ အကောင်းဆုံး ကာလဖြစ်တယ်။ ဒီအကောင်းဆုံး ကာလကို ကျွန်တော်တို့ တိုင်းရင်းသားဘက်လည်း ကြိုးစားသင့်တယ်။ အစိုးရဘက်ကလည်း ကြိုးစားသင့်တယ်။ တပ်မတော်ဘက်ကလည်း ကြိုးစားသင့်တယ်။ NLD ကလည်း ကြိုးစားသင့်တယ်။ ဒီကြိုးစားမှု အားလုံးရဲ့ အသီးအပွင့်ကို ပြည်သူလူထုအားလုံး ခံစားနိုင်ဖို့ တိုင်းပြည်ငြိမ်းချမ်းနိုင်ဖို့ ဒီတိုင်းပြည်ကြီး တိုးတက်နိုင်ဖို့အတွက် ကျွန်တော်တို့ အောင်မြင်အောင် လုပ်ဆောင်သင့်တယ်" ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။
Eleven Media Group