ယုဇနပလာဇာအနီး အုပ်စုလိုက် ရိုက်နှက်သူများကို ဖမ်းဆီးအရေးယူ

ပို့စ်တင်ချိန် - 11/04/2013 06:41:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၃

ရန်ကုန်မြို့ ယုဇနပလာဇာ အနီးတွင်ရှိသော MM (2) ဆေးဆိုင် ဝန်ထမ်းများကို ရိုက်နှက်ကာ ဆိုင်ကိုဖျက်ဆီးခဲ့သည်ဟု တိုင်ကြားခံရသူများကို ဖမ်းဆီးရမိထားပြီး လွတ်မြောက်နေသူ နှစ်ဦးကို စုံစမ်းလျက် ရှိကြောင်း တာမွေမြို့နယ် ရဲစခန်းမှ စခန်းမှူး ရဲအုပ်ရဲမျိုးဟိန်းက The Voice သို့ ပြောကြားသည်။

အဆိုပါ ဖမ်းဆီးရမိထားသူများမှာ တာမွေမြို့နယ်အတွင်း နေထိုင်သည့် ထက်မြက်နိုး (ဘ) ဦးမောင်မောင်ဆွေ၊ ကျော်ဒင်ဖြိုး (ဘ) ဦးကျော်ဦး၊ ဇော်မင်းထွေး (ဘ) ဦးစိုးနိုင်တို့ ဖြစ်ကာ ၎င်းတို့ကို အခင်းဖြစ်သည့် ညတွင်းချင်းပင် ဖမ်းဆီးရမိကြောင်း ရဲအုပ် ရဲမျိုးဟိန်းက ပြောကြားသည်။

၎င်းတို့ သုံးဦးနှင့် အခြားနှစ်ဦးတို့ အရက်သောက်ပြီး ပြန်လာစဉ် နိုဝင်ဘာလ ၁ ရက်နေ့ ည ၉ နာရီခွဲခန့်က MM (2) ဆေးဆိုင်ဝန်ထမ်း ဦးအောင်မင်းသက် တွန်းလာသည့် စက်ဘီးသည် လမ်းလျှောက် ပြန်လာသည့် ၎င်းတို့ငါးဦးမှ တစ်ဦးကို ပွတ်မိရာမှ စကားများကာ အဆိုပါ ငါးဦးက ထိုးကြိတ်ပြီး ထွက်သွားကြောင်း၊ ဦးအောင်မင်းသက်၏ အစ်ကိုဖြစ်သူ ဦးဝေမင်းဟန်က ဆေးဆိုင်သို့ ခေါ်ကာ ဆေးထည့်ပေးနေစဉ် သုံးဦး ဆိုင်သို့ ပြန်လာကာ ရိုက်နှက်ဖျက်ဆီးခြင်း ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူ၏ အဆိုအရ သိရသည်။

ရိုက်နှက် ခံရခြင်းကြောင့် ဦးဝေမင်းဟန်သည် ညာလက်ဖျံပွန်းပဲ့ ဒဏ်ရာနှင့် လက်ကောက်ဝတ် နာကျင်ဒဏ်ရာရရှိကာ ဦးအောင်မင်းသက်မှာ ညာလက်ဖျံ ပွန်းပဲ့ဒဏ်ရာ၊ နဖူးပေါက်ပြဲ ဒဏ်ရာရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် အပြင်လူနာအဖြစ် ကုသနေကာ ဆေးဆိုင်မှာမူ ကျပ်ရှစ်သိန်းဖိုးခန့် ပျက်စီးသွားကြောင်း စခန်းမှူး ရဲအုပ်ရဲမျိုးဟိန်းက ဆိုသည်။
“တာမွေမြို့နယ်ထဲကပဲ။ သုံးယောက်က သူငယ်ချင်းတွေ၊ ကျန်တဲ့နှစ်ယောက်ကတော့ အရက်ဆိုင်မှာပဲ သိကြတယ် ပြောတယ်။ နာမည်တော့ မသိဘူး။ လူမြင်ရင်တော့ မှတ်မိတယ်လို့ တရားခံတွေက အစစ်ခံပါတယ်” ဟု ရဲအုပ် ရဲမျိုးဟိန်းက ပြောကြားသည်။

ရိုက်နှက်သူများ ယူဆောင်လာသော ဝါးတုတ်များမှာ အနီးပတ်ဝန်းကျင်ရှိ ဆိုင်များမှ ဖြုတ်ယူလာခြင်း ဖြစ်နိုင်ကြောင်း အခင်းဖြစ်ပွားရာ နေရာ၏အနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုင်ကြားခံရသူများကို ပုဒ်မ ၃၂၅ (နာကျင်စေမှု)၊ ပုဒ်မ ၄၄၀ (အကျိုးဖျက်ဆီးမှု)၊ ပုဒ်မ ၁၁၄ (ပူးပေါင်းဆောင်ရွက်မှု) တို့ဖြင့် အရေးယူထားကြောင်း တာမွေမြို့နယ် ရဲစခန်းထံမှ သိရသည်။
The Voice Weekly