ဒုရဲအုပ် အယောင်ဆောင် ရွှေထည်လိမ်လည်သူ ဖမ်းမိ

ပို့စ်တင်ချိန် - 11/04/2013 09:50:00 AM


ရန်ကုန်၊ နိုဝင်ဘာ ၁

အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ဝတ်ဆင်ထားသော ရွှေထည်များကို ဒုရဲအုပ် အယောင်ဆောင်ကာ လိမ်လည် ယူဆောင်ခဲ့သူ အသက် ၄၀ နှစ်ခန့် အမျိုးသားတစ်ဦးကို အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီတွင် ဖမ်းမိခဲ့ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်တွင် နေထိုင်သူ ကိုဖြိုးကိုကိုသည် အောက်တိုဘာလ ၂၉ ရက် နံနက် ၁၁ နာရီခွဲခန့်က ကွန်ပျူတာသင်တန်းမှ အိမ်သို့ ပြန်လာစဉ် တာမွေဗလီ ကားမှတ်တိုင်၌ အမျိုးသားတစ်ဦးက နာမည်မေးမြန်းခဲ့ပြီး ၎င်းသည် ခရိုင် ဒုစရိုက်နှိမ်နင်းရေးဌာန (ဒ/န) မှ ဒုရဲအုပ်ဖြစ်ပြီး ယင်းလူငယ်နှင့် ရုပ်ချင်းတူသူကို လိုက်ရှာနေသောကြောင့် ရဲစခန်းသို့ လိုက်ခဲ့ရန် ခေါ်ဆောင်ခဲ့ရာ လမ်းလျှောက် လိုက်လာခဲ့ပြီး ဗဟန်းမြို့နယ် ဗန်ဒါပင် မှတ်တိုင်တွင် ရွှေထည် အလိမ်ခံရခြင်း ဖြစ်ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ မှုခင်း မှတ်တမ်းများအရ သိရသည်။

ဗန်ဒါပင် မှတ်တိုင်တွင် လူငယ်ကို လိုက်ရှာနေသည့် အဖွဲ့များ ရှိသောကြောင့် ဒုရဲအုပ်ဆိုသူက ဝတ်ထားသည့် ရွှေဆွဲကြိုးနှင့် ရွှေလက်စွပ် တို့ကို ချွတ်ခိုင်းကာ ၎င်းက စီးကရက်ဘူးခွံ တစ်ခုတွင်း သိမ်းဆည်းခဲ့ပြီးနောက် အခြားတာဝန်များ ဆောင်ရွက်ရန် ရှိသောကြောင့် လူငယ်ထံ စီးကရက်ဘူးခွံ ပေး၍ ပြန်သွားချိန်တွင် ယင်းဘူးကို ဖွင့်ကြည့်ခဲ့ရာ ရွှေဆွဲကြိုး မတွေ့ဘဲ ကျောက်စရစ်ခဲကိုသာ တွေ့ရှိခဲ့ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းသည်။
“ကောင်လေးကို ကွမ်းယာ သွားဝယ်ခိုင်းတဲ့ အချိန်မှာ ရွှေနဲ့ခဲလုံး လဲထည့်ခဲ့ပုံရတယ်။ ရဲဆိုတဲ့သူက အခြားတာဝန်တွေ ဆောင်ရွက်ဖို့ ရှိသေးတယ်ပြောပြီး ထွက်သွားတဲ့အခါမှာ ကောင်လေးက စီးကရက်ဘူး ဖွင့်ကြည့်တော့မှ အလိမ်ခံရမှန်းသိပြီး စခန်းလာတိုင်တာ” ဟု ယင်းစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များအတူ လိမ်လည်ခံရသူတို့ လိုက်လံရှာဖွေခဲ့ရာ လိမ်လည်ခဲ့သူကို အောက်တိုဘာလ ၃၀ ရက် ညနေ ၄ နာရီခန့်က ဘုရင့်နောင် နယ်မြေရဲစခန်းပိုင် အုတ်ကျင်း မှတ်တိုင်တွင် တွေ့ရှိခဲ့ပြီး စစ်ဆေးရာ ၎င်းယူဆောင်ခဲ့သော အလေးချိန် ငါးမူးသား ရွှေဆွဲကြိုး တစ်ကုံးနှင့် အုတ်ပုံရွှေလက်စွပ် တစ်ကွင်းတို့ကို ပြန်လည် ရရှိခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

ရဲအယောင်ဆောင်၍ ပစ္စည်းလိမ်လည် ယူဆောင်ခဲ့သူ ဦးသန်းမြင့်ကို (ပ) ၄၂၂/၁၃၊ ပုဒ်မ ၄၂၀/၁၇၀ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

The Voice Weekly