မန္တလေးတွင် စာပေစကားဝိုင်း ပြန်လည် ပြုလုပ်မည်

ပို့စ်တင်ချိန် - 11/04/2013 06:40:00 PM


မန္တလေး၊ နိုဝင်ဘာ ၃

မန္တလေးမြို့တော်အခြေစိုက် စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာများ စုစည်းကာ အလွှာစုံ ပါဝင်သော မန္တလေး စာပေစကားဝိုင်းကို နိုဝင်ဘာလ ၁၀ ရက်နေ့မှ စတင်၍ တစ်လလျှင် နှစ်ကြိမ် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ စကားဝိုင်း ဦးဆောင် စီစဉ်သူများထံမှ သိရှိရသည်။

မြန်မာစာပေလောကတွင် ရသစာပေ ဖြစ်ထွန်းမှုမှာ အားနည်းနေပြီး မန္တလေးစာပေ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ စီစဉ်ရခြင်း ဖြစ်ကြောင်း အဆိုပါ စကားဝိုင်း စီစဉ်သူတစ်ဦးဖြစ်သူ ရာပြည့်မန္တလေး စာအုပ်တိုက် လုပ်ငန်းရှင် ဦးပုညဆွေက The Voice သို့ ပြောကြားသည်။

မန္တလေး စာပေအသိုက်အဝန်းတွင် မျိုးဆက်သစ်လူငယ်နှင့် မျိုးဆက်ဟောင်းများ အကြားတွင် ပေါင်းကူးပေးနိုင်ရန်အတွက် မန္တလေး စာပေစကားဝိုင်းကို စီစဉ်ရခြင်း ဖြစ်ကြောင်း ယင်းဦးဆောင်သူများတွင် ပါဝင်သူတစ်ဦးဖြစ်သူ စာရေးဆရာ ညိုထွန်းလူက ပြောကြားသည်။

ယင်းအစီအစဉ်သည် ဂုဏ်ကျက်သရေရှိသည့် ကိစ္စဖြစ်သည့် အတွက် ထောက်ခံကြိုဆိုပါကြောင်း ကဗျာဆရာ မောင်နွေထက်က ပြောကြားသည်။

ပထမဆုံး ပြန်လည် ပြုလုပ်မည့် နိုဝင်ဘာလ ၁၀ ရက်နေ့ စာပေစကားဝိုင်းတွင် စာရေးဆရာ သိုက်ထွန်းသက်၏ ဈေးချိုသူ ဝတ္ထုတိုနှင့် ဆင်တူကြောင်းကွဲ ဒီဇိုင်းများ ဝတ္ထုတို နှစ်ပုဒ်ကို စတင် ဝေဖန်သုံးသပ် စကားဝိုင်း ပြုလုပ်မည် ဖြစ်ပြီး ဝတ္ထုတို၊ ကဗျာ၊ ကာတွန်းနှင့် ပတ်သက်၍ အလှည့်ကျ ဝေဖန်သုံးသပ် စကားဝိုင်း ပြုလုပ်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် အခြေစိုက် စာရေးဆရာများ အသိုင်းအဝိုင်းထံမှ သိရှိရသည်။

မန္တလေးမြို့တော်တွင် စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာများ စသည်ဖြင့် အလွှာစုံ ပါဝင်သော မန္တလေးစာပေ စကားဝိုင်း ဖြစ်မြောက်ရေး အစည်းအဝေးကို နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီက မန္တလေးမြို့တော် ၈၀ လမ်းx ၈၁ လမ်းကြား၊ ၃၄ လမ်း ရာပြည့်မန္တလေး စာအုပ်တိုက်တွင် ကျင်းပခဲ့သည်။

မန္တလေးမြို့ စာပေအသိုက်အဝန်းတွင် စာပေစကားဝိုင်းများကို အစုအဖွဲ့အလိုက် ကျင်းပနေသော်လည်း မန္တလေး စာပေလောကနှင့် မြန်မာစာပေလောကကို ထင်ဟပ်သော မန္တလေး စာပေစကားဝိုင်း မကျင်းပဖြစ်သည်မှာ နှစ်ပေါင်း ၄၀ ကျော်ရှိပြီ ဖြစ်ကြောင်း မန္တလေးမြို့ခံ စာရေးဆရာတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တော်တွင် ၁၉၇၀ ပြည့်နှစ်က ပြုလုပ်ခဲ့သော ဓမ္မဗိမာန် စာပေဝိုင်း၊ ဟံသာဝတီစနေ စာပေ စကားဝိုင်းတို့မှာ မြန်မာစာပေလောကတွင် ထင်ရှားခဲ့သည်။
The Voice Weekly