ဆီးဂိမ်းပြိုင်ပွဲဝင် အားကစားသမားများကို ဒုဝန်ကြီးသတိပေး

ပို့စ်တင်ချိန် - 11/04/2013 02:05:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၃။

ဆီးဂိမ်းပြိုင်ပွဲကျင်းပရန် ရက်ပိုင်းသာလိုတော့ချိန်တွင် ပြိုင်ပွဲဝင်ကစားသမားများအနေဖြင့် အစားအ သောက်၊
ကြံ့ခိုင်မှုနှင့် အနေအထိုင်များကို အစစအရာရာသတိကြီးစွာ
ထားရှိကြရန် လိုအပ်ကြောင်း အားကစား ၀န်ကြီးဌာန၊
ဒုတိယ၀န်ကြီး ဦးသောင်းထိုက်က ပြောကြားသည်။

“ဆီးဂိမ်းပြိုင်ပွဲဝင်ကစားသမားတွေအနေနဲ့ လက်ရှိအချိန်မှာ မလိုအပ်ဘဲဒဏ်ရာရတာတို့ ဖျားနာတာ တွေဖြစ်နေရင်
အကုန်လုံးအတွက် နစ်နာမှုတွေ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် အမြဲတမ်းပြိုင်ပွဲဝင်အားကစားသမား တွေအနေနဲ့ သတိ
ကြီးစွာထားရှိဖို့ လိုအပ်ပါတယ်”ဟု ပြောကြားသည်။

(၂၇)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲကို ဒီဇင်ဘာ ၁ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး အားကစား နည်း ၃၃မျိုးဖြင့်
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်တို့တွင် ပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

“ကစားသမားတွေ လက်ရှိအချိန်မှာမထင်မှတ်ဘဲ ဒဏ်ရာ
ရခဲ့မယ်ဆိုရင် တခြားကစားသမားတစ်ဦးနဲ့ အစားထိုးဖို့ အဆင်သင့်မဖြစ်နိုင်သလို တာဝန်ရှိသူတွေအတွက်လည်း စာရင်းရှုပ်စရာတွေ ဖြစ်လာမှာပါ”ဟု ၎င်းက ဆက်လက်
ပြောကြားသည်။

ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာကစားသမားများမှာ နေပြည်တော်၊ ရန်ကုန်၊ ငွေဆောင်တို့တွင် လေ့ကျင့်မှု များပြုလုပ်နေကြောင်း မိမိတို့မျှော်မှန်း ထားသည့် ရွှေတံဆိပ် ၁၀၀ကျော်ရရှိပြီး နိုင်ငံ
အလိုက်တွင် ပထမနေရာရရှိ ရေးအတွက် ကစားသမားများ အစွမ်းကုန်ကြိုးစားပေးလိုကြောင်း၊ ကစားသမားများ ဒဏ်ရာ မရရှိရေးမှာလည်း အရေးကြီးကြောင်း အားကစားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသောင်းထိုက်က နေပြည်တော် ရွှေ စခန်းတွင်
လေ့ကျင့်မှုများပြုလုပ်နေသော ကစားသမားများကို တွေ့ဆုံ
ပြောကြားသည်။

ရေးသားသူ - ဇော်ဇော်
တည်းဖြတ်သူ-နီတိုး
People power