သစ်ထုတ်လုပ်မှုလျှော့ချလျှင် သစ်ဆွဲဆင်များ ဒုက္ခရောက်ဖွယ်ရှိ

ပို့စ်တင်ချိန် - 11/04/2013 06:49:00 PM


မြန်မာနိုင်ငံက သစ်ထုတ်လုပ်မှုကို လာမည့်နှစ်မှစ၍ တန်ချိန် ရှစ်သောင်းခန့်အထိ လျှော့ချလိုက်မည်ဖြစ်သည့်အတွက် သစ်ထုတ်လုပ်ရေးတွင် အဓိကအသုံးပြုနေသော ဆင်များအနေဖြင့် အလုပ်လက်မဲ့ဖြစ်ကာ ဒုက္ခရောက်နိုင်ဖွယ်ရှိကြောင်း အယ်လ်ဂျာဇီးယား ရုပ်သံသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသစ်ထုတ်လုပ်မှုကြောင့် သစ်တောပြုန်းတီးမှုကို ကာကွယ်သည့်အနေဖြင့် လာမည့်   ၂၀၁၄ ခုနှစ်   ဧပြီလမှစ၍ သစ်အလုံးလိုက်တင်ပို့မှုနှင့် သစ်ထုတ်လုပ်မှုကို လျှော့ချသွားမည်ဟု မြန်မာအစိုးရက ကြေညာထားသည်။

လက်ရှိ မြန်မာ့သစ်ထုတ်လုပ်ရေးတွင် ဆင်ကောင်ရေ ၅၀၀၀ ခန့်ကို အသုံးပြုနေပြီး ဆင်များသည် စက်ကိရိယာများထက် သစ်တောပျက်စီးမှုနည်းပါးစေသည်။ ဆင်ကောင်ရေ ထက်ဝက်ကျော်ကျော်လောက်ကို အစိုးရ၏ မြန်မာ့သစ်လုပ်ငန်းက ပိုင်ဆိုင်ပြီး ကျန်ဆင်များကို ပုဂ္ဂလိက ဆင်ပိုင်ရှင်များက အစိုးရထံ  ငှားရမ်းထားခြင်းဖြစ်ပါသည်။

အစိုးရထံတွင် သစ်ဆွဲလုပ်ငန်းများကို ဆင်ကောင်ရေ ၂၀ ဖြင့် လုပ်ကိုင်နေသော ဆင်သမားတစ်ဦးက သစ်လုပ်ငန်းများ လျှော့ချသည့်အတွက် သစ်ဆွဲဆင်များ အလုပ်မရှိလျှင် သူပိုင်ဆင်များကို ရောင်းချမည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနအား ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ဆင်များ၏ အခြေအနေမှာ ယခင်ကကဲ့သို့ ပုံမှန်ထိန်းသိမ်းစောင့်ရှောက်သူမရှိဘဲ ဒုက္ခရောက်သွားနိုင်စရာရှိသည်ဟု ဆင်ပိုင်ရှင်များနှင့် သားရဲတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက် ရေးသမားများက ပြောကြားသည်။

မြန်မာနိုင်ငံသည် အာရှတွင် ဆင်ကောင်ရေအများဆုံးဖြစ်ပြီး လွန်ခဲ့သည့် ရှေးနှစ်ပေါင်းများစွာကတည်းက ဆင်ကို သစ်ထုတ်လုပ်ငန်းတွင် အသုံးပြုခိုင်းစေသည့် နိုင်ငံဖြစ်ပါသည်။

7DAY DAILY