ဘတ်စ်ကားများအတိုင်ခံရဆုံးမှာ ယာဉ်စီးခပိုတောင်းခြင်းဖြစ်

ပို့စ်တင်ချိန် - 1/22/2014 06:27:00 PM


ရန်ကုန်၊ ဇန်န၀ါရီ ၂၂

ယခုလအတွင်း ဘတ်စ်ယာဉ်စီး ခရီးသည်တိုင်ကြားမှု ထက်ဝက်ခန့်မှာ ယာဉ်စီးခပိုတောင်းခံရခြင်းဖြစ်ကြောင်း မထသ(ဗဟို)မှ သိရသည်။

မထသ(ဗဟို)ဥက္ကဋ္ဌဦးလှအောင်က``ယာဉ်ငယ် (၃)ဟိုင်းလပ်ကားဆိုရင် ခရီးသည်ဆီက ၂၀၀ ကျပ်တောင်းလို့ တိုင်ကြားထားတာရှိတယ်။ အဲဒီယာဉ်တွေကို တစ်ခါတည်းခေါ်ယူပြီး ဆွေးနွေးတယ်။ မထသမြို့တွင်းဆိုရင် ဒဏ်ငွေဆောင်ခိုင်းတယ်။ လိုင်းပိတ်တယ်။ ဒဏ်ငွေမဆောင်တဲ့ ယဉ်နောက်လိုက်ကို ထုတ်ပယ်တယ်´´ဟု ပြောသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ် ၁ရက်မှ ၂၁ ရက်အထိ ခရီးသည်ထံမှ တိုင်ကြားမှုပေါင်း ၄၀ ရှိပြီး တိုင်ကြားမှု ၂၀ မှာ ယာဉ်စီးခပိုတောင်းခံခြင်းဖြစ်ကြောင်း မထသ(ဗဟို)မှ ဥက္ကဋ္ဌဦးလှအောင်ထံမှ သိရသည်။

မထသ(ဗဟို)၊ စီမံမှုအောက်ရှိ ယာဉ်လိုင်းများသို့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှဒီဇင်ဘာလအထိ ခရီးသည်များမှ တိုင်ကြားမှု ၃၃၀ မှုရှိကြောင်း ၄င်းတိုင်ကြားမှုများတွင် ယာဉ်စီးခပိုတောင်းမှု ၁၃၅ မှု၊ မချေမငံ/ရိုင်းပျစွာဆက်ဆံမှု (၈၄)မှု၊ သတ်မှတ်လမ်းကြောင်းမမောင်းနှင်မှု (၄၃)မှု၊ သတ်မှတ်မှတ်တိုင် မရပ်မှု (၃၀)မှု၊ အရှိန်ပြင်း မောင်း/ယှဉ်ြ့ပိုင်မောင်းနှင်မှု (၁၉)မှု၊ ကားအိုး မိုးယိုမှု (၁)မှု၊ မဆင်မခြင်မောင်း(၁၀)မှု၊ အရက်မူးပြီးမောင်း (၁)မှုနှင့် ယာဉ်ပေါ်တွင် ကွမ်းတံတွေးထွေး (၁)မှုတို့ ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း ယာဉ်တိုက်မှု (၂၁၇)မှု၊ ယာဉ်တိမ်းမှောက်မှု (၄၅)မှု၊ ဒဏ်ရာရရှိသူ (၈၃၀)ဦးနှင့် သေဆုံးသူ (၉၁)ဦးရှိခဲ့ပြီး ယာဉ်လုပ်သား (၃၀၉)ဦးအား ထုတ်ပယ်ခဲ့ကြောင်း သိရသည်။

Popular Myanmar News Journal