ဘင်္ဂလာဒေခ်ျ့ ရွှေးကောက်ပွဲ အတွင်း လူ ၂၅ ဦး သေဆုံး

ပို့စ်တင်ချိန် - 1/06/2014 02:20:00 PM


(နိရဉ္စရာ- ၆ ဇန်န၀ါရီ ၂၀၁၃)

ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ မနေ့က ပြုလုပ်ခဲ့တဲ့ ရွှေးကောက်ပွဲအတွင်း မဲရုံတွေကို မီးရှို့တိုက်ခိုက်မူတွေ၊ မဲပုံးတွေကို လုယက်မူတွေ၊ မဲပေးသူတွေကို တိုက်ခိုက်မူတွေကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၅ ဦး ရှိတယ်လို့ ATN Bangla ရုပ်သံက ပြောပါတယ်။

သေဆုံးသူတွေ အထဲမှာ မဲရုံတွေကို တိုက်ခိုက်ပြီး မဲပုံးတွေကို လုယက်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တဲ့ အတွက် သေဆုံးရတာ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့က ရွှေးကောက်ပွဲ အတွင်း မဲရုံပေါင်း ၁၄၇ ရုံ မီးရှို့ခံခဲ့ရပြီး မဲရုံပေါင်း ၅၃၉ ရုံမှာ မဲမပေးနိုင်ဘဲ  ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

ဘင်္ဂလာဒေခ်ျ့ ပါလီမန်မှာ အမတ်နေရာ ၃၀၀ ရှိရာမှာ ၁၅၃ နေရာကတော့ ပြိုင်ဘက် မရှိတဲ့ အတွက် မဲဆန္ဒနယ် ၁၄၇ ခုမှာသာ ရွှေးကောက်ပွဲကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိ အစိုးရပါတီကတော့ လူအများအပြား ရွှေးကောက်ပွဲကို လာရောက်မဲပေးခဲ့ကြတဲ့ အတွက် အောင်မြင်ခဲ့တယ်လို့ ပြောဆိုပေမယ့် အတိုက်အခံ ပါတီကတော့ ရွှေးကောက်ပွဲကို လူတွေ လာရောက် မဲမပေးကြတဲ့ အတွက် ပြည်သူတွေ လက်မခံတဲ့၊ ရှက်စရာကောင်းတဲ့ ရွှေးကောက်ပွဲသာ ဖြစ်တယ်လို့ ဝေဖန် ပြောဆိုပါတယ်။

အတိုက်အခံ ပါတီက ရွှေးကောက်ပွဲကို ဒီရွှေးကောက်ပွဲကို လူထုက လက်မခံတဲ့ အတွက် ပြန်လည်ကျင်းပဖို့ တောင်းဆိုလိုက်ပြီး ဒီကနေ့နံနက်ကနေ စတင်ပြီး  ၄၈ နာရီ သပိတ်တိုက်ပွဲကို ခေါ်ယူလိုက်တာကြောင့် တနိုင်ငံလုံးမှာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေနဲ့ ခရီးသွားလာရေး လုပ်ငန်းတွေ အားလုံး ရပ်တန့်သွားခဲ့ပါတယ်။

ခုလို နိုင်ငံအတွင်းမှာ ရွှေးကောက်ပွဲကို ထောက်ခံသူတွေနဲ့ မထောက်ခံသူတွေ အကြားမှာ တစ်ဘက်နဲ့ တစ်ဘက် အမြင်သဘောထားကွဲလွဲမူတွေနဲ့ အတူ အပြန်အလှန် တိုက်ခိုက်မူတွေ ပေါ်ပေါက်နေတဲ့ အချိန်မှာ တဘက်မှာလည်း ဘာသာရေး အစွန်းရောက်သူတွေက ဒေသအချို့မှာ ဟိန္ဒူ လူနည်းစုတွေကို ပစ်မှတ်ထား တိုက်ခိုက်မူတွေလည်း ပေါ်ပေါက်နေတယ်လို့ သတင်းစာတွေမှာ သတင်းဖေါ်ပြပါတယ်။

Jessore (ဂျော်ဆိုး ခရိုင်) Abhaynagar မြို့နယ် အတွင်းမှာ အတိုက်အခံ ဘီအန်ပီပါတီနဲ့ဂျာမတ် ပါတီဝင်တွေက ဟိန္ဒူလူနည်းစုတွေရဲ့ အိမ်ပေါင်း ၁၃၀ ကျော်ကို ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး အိမ်ပေါင်း ၁၀ ကျော်ကိုလည်း မီးရှို့တိုက်ခိုက်ခဲ့ရတယ်လို့ ဒီကနေ့ထုတ် The Daily Star  သတင်းစာမှာ ဖေါ်ပြပါတယ်။

ဒေသခံတွေရဲ့ အပြောအရ လက်ရှိ အစိုးရ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ ဦးဆောင်တဲ့ အါမီလိဂ့်ပါတီကို ဟိန္ဒူတွေအပါအ၀င် လူနည်းစု ဗုဒ္ဓဘာသာ၊ ခရစ်ယာန်တွေက အကြီးအကျယ် ထောက်ခံမူတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ခုလို နိုင်ငံအတွင်းမှာ မတည်ငြိမ်မူတွေနဲ့ အတူ ရွှေးကောက်ပွဲကို ဆန့်ကျင်နေကြပေမယ့် လက်ရှိ အာဏာလက်ကိုင်ထားတဲ့ အ၀ါမီလိဂ် အစိုးရ ရရှိလာတဲ့ ရွှေးကောက်ပွဲ ရလဒ်နဲ့ အစိုးရအဖွဲ့ကို ဒီလ ၁၁ ရက်နေ့ကို နောက်ဆုံးထားပြီး အစိုးရဖွဲ့စည်းသွားမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

မီးရှို့တိုက်ခိုက်မူတွေကြောင့် မဲမပေးလိုက်ရတဲ့ မဲရုံပေါင်း ၅၃၉ ရုံမှာ ဒီလ ၂၄ ရက်နေ့အတွင်း ပြန်လည်ပြီး ရွှေးကောက်ပွဲတွေကျင်းပသွားမယ်လို့ လက်ရှိ အစိုးရက ပြောပါတယ်။

ဒါ့ပြင် ရွှေးကောက်ပွဲအတွင်း မဲပေးတဲ့ ပြည်သူတွေကို တိုက်ခိုက်သူတွေ၊ မဲရုံတွေကို ဖျက်ဆီး- မဲပုံးတွေကို လုယက်သူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်သူတွေကို အပြတ်အသတ် နှိမ်နှင်းသွားမယ်လို့ လက်ရှိ အစိုးရ တရားဝင် လူသိရှင်ကြား ထုတ်ဖေါ် ပြောကြားလိုက်တဲ့ အတွက် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းဟာ ရှေ့မှာလည်း ဆက်လက် ပိုမို ကျယ်ပြန့် ကြီးထွားလာနိုင်တဲ့ အနေအထားမှာ ရှိနေတာကို တွေ့နေရပါတယ်။
Burmesenews narinjara