မဲဇလီကုန်း ယာဉ်တိုက်မှု ၊ ရဲစခန်း ဘက်လိုက်မှု ရှိတယ်ဟုဆို

ပို့စ်တင်ချိန် - 1/13/2014 06:16:00 PM


ဧရာဝတီတိုင်း ဒေသကြီး ၊ ဟင်္သာတခရိုင် ၊ အင်္ဂပူမြို့နယ် ၊ မဲဇလီကုန်းဒေသ ၊ ဇောင်းတန်း ကျေးရွာအုပ်စု မုက္ခာ ကျေးရွာမှာ (၉-၁-၂၀၁၄)ရက်နေ့ ည(၆)နာရီခန့်တွင် အင်္ဂပူမြို့ မှ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီးနှင့် မော်တော်ဆိုင်ကယ် တစ်စီးတို့ ယာဉ်တိုက်မှု ဖြစ်ပွါးခဲ့ကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါသည်။

အဆိုပါ ယာဉ်တိုက်မှုတွင် မော်တော် ဆိုင်ကယ်မောင်းသူ ကိုနေထွန်းဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည့် အပြင် ဘယ်ဘက်လက်သန်း တစ်ချောင်းကိုလည်း ဖြတ်ထုတ်ပစ်ခဲ့ ရပါသည်။ ထို့ပြင် ဘယ်လက်မောင်းအား စတီးရိုး အစား ထိုးထည့်သွင်း ရမည်ဟု ဆိုသည်။

အဆိုပါ မော်တော်ဆိုင်ကယ်အား တိုက်မိခဲ့သည့် မော်တော်ယာဉ်မှာ လိုင်စင်မဲ့ ယာဉ် ဖြစ်သည့်အပြင် မော်တော်ယာဉ်မောင်း ဦးဇော်ဝင်းအောင်မှာလည်း တရားဝင်ယာဉ်မောင်း လိုင်စင်မရှိသေးသူ ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

သို့ သော် မဲဇလီကုန်းရဲစခန်းမှ လိုင်စင်ရှိ မော်တော်ဆိုင်ကယ်ကိုသာလျှင် သိမ်းယူထားပြီး ဆိုင်ကယ်ပိုင်ရှင် မိသားစုကို အမျိုးမျိုး အကြပ်ကိုင် ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိကြောင်း နစ်နာဆုံးရှုံးရသူ မိသားစုဝင်များ ဘက်မှ စွပ်စွဲ ပြောကြားထားသည်။

အဆိုပါ ယာဉ်တိုက်မှုတွင် လိုင်စင်မဲ့ မော်တော်ယာဉ်မောင်းအား ဖမ်းဆီးထား သော်လည်း လိုင်စင်မဲ့ မော်တော်ယာဉ်အား ပိုင်ရှင်ဖြစ်သူ ဦးအေးထွန်းဆိုသူမှ ရဲစခန်းနှင့် ညှိနှိုင်းကာ ပြန်လည်ထုတ်ယူသွားပြီး ဖြစ်ပါသည်။

ယာဉ်ပိုင်ရှင် ဦးအေးထွန်း၏ အကို ဦးမောင်ရွှေ ဆိုသူမှာ အင်္ဂပူမြို့နယ်မှ ရဲများနှင့် မည်သို့ အကြောင်း ဆက်နွယ်မှန်း မသိရသော်လည်း လက်ရှိဖြစ်စဉ်တွင် ၎င်းနှင့် အမှုစစ် ဒုရဲအုပ် ကိုကိုနိုင်တို့မှ နစ်နာသူနှင့် မိသားစုဝင်များကို ဥပဒေပုဒ်မများဖြင့် ခြိမ်းခြောက်ဖိအား ပေးကာ အမှုဖြစ်စဉ်အား လိုသလို အမှုတည်ဆောက်လျက်ရှိကြောင်း နစ်နာဆုံးရှုံးရသူ မိသားစုဝင်များ ထံမှ စုံစမ်းသိရှိရပါသည်။

BY THIT HTOO LWIN