ပုလဲ-ဂန့်ဂေါလမ်းပိုင်းရှိ ပုံတောင်တောင်တန်း နတ်ထိပ်အဆင်း၌ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ကုန်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျမှု ဖြစ်ပွား

ပို့စ်တင်ချိန် - 10/27/2013 12:28:00 PM

ပုလဲ-ဂန့်ဂေါလမ်းပိုင်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့ကို ဆက်သွယ်သည့် ပုလဲ-ဂန့်ဂေါ လမ်းပိုင်း၌ အောက်တိုဘာ ၂၃ ရက်မှ စတင်ကာ ကုန်တင်ယာဉ်များ သွားလာ၍ မရဘဲ ယာဉ်ကြောပိတ်ဆို့မှုများ အောက်တိုဘာ ၂၆ ရက်အထိ ဆက်လက်ပိတ်ဆို့ နေဆဲဖြစ်ကြောင်း၊ အဆိုပါ လမ်းပိုင်းရှိ ပုံတောင်တောင်တန်း နတ်ထိပ်အဆင်း နေရာ၌ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ကုန်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

"ဒီမနက်ထိ ကားတွေပိတ်နေတုန်းဘဲ။ ဒီမနက် မိုးနည်းနည်း ရွာတယ်။ ကားတွေ တစ်စီးနဲ့တစ်စီး ရှောင်ဖို့လုပ်ကြရင်း ပုံတောင်နတ်ထိပ်အဆင်းမှာ ကုန်ကားတစ်စီးက ပေ ၁၀၀ လောက်နက်တဲ့ ချောက်ထဲထိုးကျသွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတော့ မရသေးဘူး" ဟု ပုလဲ-ဂန့်ဂေါ လမ်းပိုင်းမှ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တစ်ဦးက အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ပုလဲ-ဂန့်ဂေါ လမ်းပိုင်း၌ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေသည်မှာ လေးရက်ကြာလာပြီဖြစ်ရာ နှစ်ပေါင်း ၃၀ ကျော် ကာလအတွင်း အဆိုးရွားဆုံး ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

"ဒီလမ်းမှာ မိုးရွာလို့မြေပြို၊ တောင်ပြိုလို့ လမ်းပျက်တာ၊ ကားပိတ်တွေ မိုးတွင်းဘက်တွေမှာ အဖြစ်များပါတယ်။ ဒါပေမဲ့ အခုဖြစ်ပွားနေတာက လေးရက်တောင် ရှိလာပြီ။ ကျွန်တော် ကုန်ကားမောင်းလာတာ နှစ် ၃၀ ကျော်ပြီ။ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး။ ရှေ့လည်းဆက်မရ၊ နောက်လည်းဆုတ်မရနဲ့။ ခရီးသည်တင်ကားက အစီး ၅၀ လောက် ပိတ်မိနေတယ်။ ကျန်တဲ့ ကုန်စည်တင်ထားတဲ့ကားတွေ ပိတ်နေတော့ ဘယ်မြို့မှ ကုန်မပို့နိုင်တော့ဘူး။ အားလုံးက ဒီမှာပဲ ဖြစ်သလိုနေပြီး လမ်းပွင့်သွားတဲ့အထိ ထိုင်စောင့်ရုံ နေရတယ်" ဟု မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းတွင် ပြေးဆွဲနေသည့် ကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောကြားခဲ့သည်။

Eleven Media Group