Apple ကိုကျော်ကာ ကမ္ဘာ့တန်ဖိုးအကြီးဆုံး အမှတ်တံဆိပ်အဖြစ် Google ရပ်တည်

ပို့စ်တင်ချိန် - 5/24/2014 06:36:00 AM




(၂၀၁၄)ခုနှစ်အတွက် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး အမှတ်တံဆိပ်များ စာရင်း၌ Appleကို နောက်ကောက်ချကာ Googleက ထိပ်ဆုံးနေရာမှ ရပ်တည်ခဲ့ကြောင်း သိရှိရသည်။ Millward Brownက စုစည်းကောက်ခံထားသော တန်ကြေး (၄၀)ရာခိုင်နှုန်းထိ မြင့်တက်လာသည့် Googleက နည်းပညာ ပြိုင်ဘက်ကြီး Appleထက် အသာစီးယူကာ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ Googleက ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး အမှတ်တံဆိပ်အဖြစ် ရပ်တည်နေချိန်တွင် Apple၏ အမှတ်တံဆိပ် တန်ဖိုးကမူ (၂၀)ရာခိုင်နှုန်းမျှ ကျဆင်းသွားပြီး ဒုတိယနေရာ၌ ရပ်တည်ခဲ့သည်။

လက်ရှိအချိန်တွင် Google၏ တန်ဖိုးသည် ဒေါ်လာ(၁၅၈.၈၄)ဘီလျံဖိုးမျှ ရှိနေပြီး Apple၏ တန်ဖိုးကမူ ဒေါ်လာ (၁၄၇.၈၈)ဘီလျံခန့်ဟု Millward Brownက ခန့်မှန်းထားသည်။ ထို့ကြောင့် ကုမ္ပဏီကြီး နှစ်ခုကြား တန်ဖိုးကွာဟမှုသည် ဒေါ်လာ (၁၁)ဘီလျံဖိုးမျှထိ ရှိနေသည့် သဘောလည်း ဖြစ်သည်။ Millward Brownမှ ဈေးကွက်လေ့လာသူများက နည်းပညာ ကဏ္ဍတွင် Google၏ တိုးချဲ့မြှုပ်နှံမှုများက ကုမ္ပဏီ၏ တန်ဖိုးကို သိသိသာသာ ထိုးတက်လာစေခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက တန်ဖိုး အမြင့်ဆုံး ခုန်တက်လာသည့် အမှတ်တံဆိပ်မှ တရုတ်အင်တာနက် Portal တစ်ခုဖြစ်သည့် Tencentဖြစ်သည်။ Tencent၏ တန်ဖိုးသည် (၁၂)လတာအတွင်း (၉၇)ရာခိုင်နှုန်း မြင့်တက်လာကာ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး အမှတ်တံဆိပ်များ စာရင်းတွင် အဆင့်(၁၄) ချိတ်ခဲ့သည်။

Googleသည် ယခုနှစ်ပိုင်းအတွင်း Google Glassကဲ့သို့ Gadgetများအပြင် မောင်းသူမဲ့ မော်တော်ယာဉ် နည်းပညာမျိုးကို အလေးအနက် ဆန်းသစ် တီထွင်နေခြင်းကြောင့် အမှတ်တံဆိပ်၏ ဩဇာအာဏာကို ပိုမိုကျယ်ပြန့် ခိုင်မာလာစေခဲ့သည်။ (၂၀၁၄)ခုနှစ်၏ တန်ဖိုးအမြင့်ဆုံး အမှတ်တံဆိပ်များ စာရင်းတွင် နည်းပညာ လုပ်ငန်းစုကြီးများကသာ ထိပ်ပိုင်းနေရာကို ကြီးစိုးနေပြီး Google၊ Apple၊ IBM၊ Microsoftတို့က အစဉ်လိုက် ရှိနေပြီး နံပါတ်(၅) နေရာတွင် စားသောက်ကုန်လုပ်ငန်း McDonald’sက ရပ်တည်လျှက် ရှိသည်။ ထို့နောက်တွင်မူ Coca Cola၊ Vista၊ AT&T၊ Marlboroနှင့် Amazonတို့က ထိပ်ဆုံး(၁၀)နေရာ၌ ပါဝင်လာကြောင်း သိရှိရသည်။

Planet Myanmar Network