မြန်မာ- အိန္ဒိယ နယ်စပ်တွင် ရူပီးငွေ သုံးစွဲရန် ခက်ခဲ

ပို့စ်တင်ချိန် - 2/13/2014 09:08:00 PM


ကလေး၊ ဖေဖော်ဝါရီ ၁၂

မြန်မာ- အိန္ဒိယ နယ်စပ်ရှိ တမူး၊ ကလေး၊ ကလေးဝနှင့် ချင်းပြည်နယ် ရိဒ်ဒေသတို့တွင် အိန္ဒိယ ရူပီးငွေ တရားဝင် သုံးစွဲရန် ခက်ခဲမှု ရှိနေကြောင်း နယ်စပ်ဒေသရှိ ကုန်သည် လုပ်ငန်းရှင်များထံမှ သိရှိ ရသည်။

“တမူးမြို့နဲ့ သုံးမိုင် အကွာဆို သုံးစွဲခွင့်၊ သယ်ယူခွင့် မရှိတော့ဘူး။ နယ်စပ် ဒေသမှာက နှစ်နိုင်ငံ ပိုက်ဆံကို သုံးစွဲကြရတာဆိုတော့ တရားဝင် သုံးစွဲနိုင်ခွင့်ရရင် ကုန်သွယ်ရေးအတွက် ပိုကောင်း လာနိုင်တယ်” ဟု တမူးမြို့ရှိ ကုန်သည်တစ်ဦးက ပြောဆိုသည်။

တစ်ဖက်နိုင်ငံမှ ကုန်သည်များ၊ အ၀ယ်တော်များ ဈေးလာရောက် ၀ယ်ယူလျှင် အိန္ဒိယနိုင်ငံထုတ် ရူပီး ပိုက်ဆံများဖြင့်သာ လာရောက် ၀ယ်ယူလေ့ ရှိကြောင်း၊မိမိတို့ဘက်မှ ကုန်ပစ္စည်းများ တင်ပို့လျှင်လည်း ရူပီးငွေဖြင့် ပို့မှသာ အမြတ်ငွေ ပိုမို ရရှိသဖြင့် မသုံးမဖြစ် သုံးစွဲ နေကြရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

၂၀၁၃ ခုနှစ်အတွင်း ကလေး- တမူး ကားလမ်းပေါ်တွင် ရူပီးငွေ သယ်ဆောင်လာသဖြင့် ဖမ်းဆီးခံရခြင်းများ ရှိခဲ့ပြီး အိန္ဒိယနိုင်ငံဘက်မှလည်း ရူပီးငွေအား ဟောင်းနွမ်းခြင်း၊ စုတ်ပြဲခြင်းများကို လက်မခံကြောင်း နန်းဖာလုံ ဈေးရှိ ကုန်သည်တစ်ဦးက ပြောဆိုသည်။

“ကလေးမြို့မှာဆိုလည်း ရူပီးငွေ သုံးစွဲခွင့် မရှိဘူး” ဟု ကလေးမြို့ရှိ အိန္ဒိယပစ္စည်း ရောင်းဝယ်သူ တစ်ဦးက ဆိုသည်။

၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် တမူးမြို့တွင် ငွေလဲကောင်တာ ဖွင့်လှစ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအချိန်ထိ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း၊ အိန္ဒိယနိုင်ငံတွင် တစ်နှစ်လျှင် ငွေစက္ကူအသစ် ပြောင်းလဲ ထုတ်ဝေသဖြင့် လာမည့် မတ်လခန့်တွင် ထုတ်ဝေဖွယ် ရှိသော အိန္ဒိယ ငွေစက္ကူများတွင် မင်ခြစ်ရာ ရှိခြင်း၊ ဟောင်းနွမ်း စုတ်ပြဲခြင်း၊ အပ်ပေါက်ရာ ရှိခြင်းတို့ တွေ့ရှိလျှင် လုံးဝ သုံးစွဲခွင့် ရနိုင်မည် မဟုတ်ဟု တစ်ဖက် ကုန်သည်များထံမှ ကြားသိရကြောင်း နယ်စပ်ဒေသ နန်းဖာလုံ ဈေးရှိ ဈေးရောင်းချသူ အများစုက ပြောဆိုသည်။

လက်ရှိ မြန်မာ- အိန္ဒိယ နယ်စပ်တွင် မြန်မာငွေ တစ်ရာကျပ်လျှင် အိန္ဒိယ ရူပီးငွေ ၁၄၈၀ မှ ၁၅၀၀ ထိ ရှိကြောင်း နန်းဖာလုံ ဈေးရှိ ငွေလဲလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

The Voice Weekly