ဘင်းမ်စတက်နဲ့ မြန်မာ

ပို့စ်တင်ချိန် - 2/13/2014 07:15:00 PM


=============

၂၀၁၄ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် အင်မတန်မှ ထူးခြားလေးနက်တဲ့နှစ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူပြီး အာဆီယံ ထိပ်သီးအစည်းအဝေးများနဲ့ ဆက်စပ်အစည်းအဝေးများကို အိမ်ရှင် နိုင်ငံအနေနဲ့ ဂုဏ်ယူဝင့်ကြွားစွာ ကျင်းပပြုလုပ်သွားနိုင်ရန် ပြင်ဆင်လျက်ရှိသလို၊ နှစ်ပေါင်း(၃၀)ကျော်ကြာ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိတဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ ကောက်ယူဖို့ တာစူနေချိန်လည်း ဖြစ်ပါတယ်။

ဒီလိုအနေအထားမျိုးမှာ ဘင်းမ်စတက် အဖွဲ့ကြီးရဲ့အလှည့်ကျဥက္ကဋ္ဌအဖြစ်နဲ့ တာဝန်ယူနေရတဲ့ မြန်မာနိုင်ငံအတွက် အခြေအနေ အချိန်အခါ ပေးလာတာနဲ့အညီ အဖွဲ့ဝင်နိုင်ငံများရဲ့ ညှိနှိုင်းသဘောတူညီချက်အရ တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးများကို များမကြာမီ လက်ခံကျင်းပခွင့်ရတော့မှာ ဖြစ်တဲ့အတွက် မင်္ဂလာပေါ် မင်္ဂလာဆင့် ဆိုသလို မြန်မာနိုင်ငံသားများ ဂုဏ်ယူဝမ်းမြောက်ဖို့ ဖြစ်လာပါတော့မယ်။

အာဆီယံ အကြောင်းသိကောင်းစရာနဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးများနဲ့ ပတ်သက်လို့ မြန်မာပြည်သူများ အကြား မစိမ်းကြပေမယ့် ဘင်းမ်စတက် အဖွဲ့အစည်းနဲ့ ပတ်သက်လို့တော့ အသိပညာ ဗဟုသုတ နည်းပါးကြမှာ သေချာပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်များအကြား ဘင်းမ်းစတက်အဖွဲ့ ဘယ်လိုဖြစ်တည်လာတယ်၊ ဘယ် နိုင်ငံတွေက ကမကထလုပ်ပြီး ဒီအဖွဲ့ကြီး ပေါ်ပေါက်လာဖို့ တွန်းအားပေးကြတယ်၊ ဘင်းမ်စတက်ဆိုတာ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတယ်၊ ဘယ်လို လုပ်ငန်းဆောင်ရွက်တယ်၊ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိတယ်၊ ရှေ့အလားအလာ ဘယ်လိုရှိတယ်၊ ဒီထိပ်သီးအစည်းအဝေးမှာ ဘာတွေ အောင် မြင်မှုရမယ် စသဖြင့် မိတ်ဆက်ပေးချင်လို့ ဒီဆောင်းပါးကို ရေးသားစီစဉ်ရခြင်း ဖြစ်ပါတယ်။

ဘင်းမ်စတက်အဖွဲ့ ဖြစ်တည်လာပုံနဲ့ မြန်မာနိုင်ငံ ဘင်းမ်စတက်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပုံ
စာဖတ်သူအများ သိရှိပြီး ဖြစ်တဲ့အတိုင်း စစ်အေးကာလအပြီး ကမ္ဘာ့ပြောင်းလဲမှု ပုံသဏ္ဍန်မှာ ကမ္ဘာလုံးဆိုင်ရာ တစ်သားတည်းဖြစ်စဉ်နှင့် ဒေသဆိုင်ရာ ဖြစ်စဉ်တို့ဟာ အတူတကွ ဖြစ်ပေါ်လာသည့် ဖြစ်စဉ်တွေပါပဲ ကမ္ဘာလုံးဆိုင်ရာ တစ်သားတည်း ဖြစ်စဉ်ကြောင့် ကောင်းကျိုး၊ ဆိုးကျိုးများ ပေါ်ပေါက်လာတဲ့အခါ ဖွံ့ဖြိုးဆဲ နိုင်ငံ တွေဟာ ကမ္ဘာလုံးဆိုင်ရာ တစ်သားတည်း ဖြစ်စဉ်ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ ကို အသွင်အမျိုးမျိုး၊ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းအနေနဲ့ဆိုရင် လှုပ်ရှားဆောင်ရွက်ရတဲ့နယ်ပယ်နဲ့ လုပ်ငန်းခွင်ဟာ ကျယ်ပြန့်လွန်းတဲ့အတွက် လိုအပ်ချက်နဲ့အညီ ပိုမို ကျစ်လစ်သိပ်သည်းတဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပထဝီအနေ အထား အရ တစ်ဆက်တည်း တည်ရှိမှုဟာ ဒေသဆိုင်ရာ အဖွဲ့အစည်းများ ပေါ်ပေါက်လာခြင်းအတွက် အခြေခံ အကျဆုံး အချက်ဖြစ်တယ် ဆိုတာကို လေ့လာတွေ့ရှိနိုင်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဒေသများမှာရှိတဲ့ နိုင်ငံအသီးသီးဟာ နယ်ပယ်မျိုးစုံမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ အချင်းချင်း ပံ့ပိုးကူညီနိုင်ဖို့ မိမိသမိုင်းအစည်အလာ ယဉ်ကျေးမှု ထုံးတမ်းဓလေ့ အစဉ်အလာများ လူမှုရေးဘဝများနဲ့ မကိုက် ညီတဲ့ အတွေးအခေါ်နဲ့ လုပ်နည်းကိုင်နည်းများ၊ မိမိတို့ ဒေသတါင်းကို ရောက်မလာဖို့ တားဆီးကာကွယ်ရန်၊ ဒေသအချင်းချင်းအဖွဲ့အစည်း မူဘောင်၊ ပုံသဏ္ဍာန်အားဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် စသည့် ရည်ရွယ် ချက်တွေနဲ့ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အဖွဲ့အစည်းများအဖြစ် ဖွဲ့စည်းလာကြခြင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဒေသများအလိုက် ပထဝီအနေအထားအရ တည်ရှိနေမှုအပေါ် မူတည်ပြီး ဒေသအဖွဲ့အစည်းတွေအဖြစ် ဖွဲ့စည်းကာ မိမိတို့ ဒေသနှင့် ပြည်သူများအကျိုးစီးပွားအတွက် ကြိုးပမ်း ဆောင်ရွက်ကြခြင်းပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ အီးယူ(EU)၊ အေပက်(APEC)၊ နေတိုး(NATO)၊ အာဆီယံ (ASEAN)၊ နာ့ဖ်တာ(NAFTA)၊ ဘရစ်ခ်စ်(BRICA) စတဲ့အဖွဲ့အစည်းတွေကို လွယ်လင့်တကူ မြင်နိုင်ပါတယ်။

အဲဒီ အဖွဲ့အစည်းတွေလိုပဲ ဘင်းမ်စတက်အဖွဲ့ဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဘင်းမ်စတက်အဖွဲ့ ဖွဲ့စည်း ပေါ်ပေါက်လာစေဖို့ တွန်းအားပေး ပုံဖော်ခဲ့တဲ့ အဓိက နိုင်ငံတွေကတော့ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်ပါတယ်။ ဘင်းမ်စတက်အဖွဲ့မှာ အနောက်ဘက် အိမ်နီးချင်း အာရှနိုင်ငံများနဲ့ စီးပွားရေး တိုးချဲ့ ဆက်သွယ်ဆောင်ရွက်လိုတဲ့ ထိုင်းနိုင်ငံရဲ့ အနောက်မျှော်မူဝါဒ(Look West Policy)နဲ့ အရှေ့တောင်အာရှ နိုင်ငံများနဲ့ စီးပွားရေးအရ ပိုမိုနီးကပ်စွာ ဆက်သွယ် ဆောင်ရွက်လိုကြတဲ့ တောင်အာရှနိုင်ငံများရဲ့ အရှေ့မျှော် ဝါဒ(Look East Policy)တို့ရဲ့ ပေါင်းစပ်မှု ရလဒ်တစ်ခုပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ ဈေးကွက်တိုးချဲ့နိုင်ရေးနဲ့ စီးပွားရေးယှဉ်ပြိုင်နိုင်မှု ပိုမိုတိုးမြှင့်နိုင်ရေးအတွက် အနောက်ဘက်ရှိ အိမ်နီးချင်းအာရှနိုင်ငံများနဲ့ စီးပွားရေး ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့နိုင်ရန် ကြိုးပမ်းဆောင်ရွက်မှု တစ်ရပ်အနေဖြင့် ဘင်္ဂလား ပင်လယ်အော် ကမ်းစပ်တစ်လျှောက်ရှိ အာရှနိုင်ငံများဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနဲ့ ထိုင်း နိုင်ငံတို့ ပါဝင်တဲ့(၅)နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တစ်ဖွဲ့ကို စတင်ဖွဲ့စည်းတည်ထောင်ရန် အိန္ဒိယနိုင်ငံနဲ့ စတင်ညှိနှိုင်းတိုင်ပင်ခဲ့ပါတယ်။

အဲဒီလို ညှိနှိုင်းချက်နဲ့အညီ အိန္ဒိယနိုင်ငံက ၁၉၉၇ ခုနှစ် မေလမှာ သံတမန်လမ်းကြောင်းမှ တစ်ဆင့် ချဉ်းကပ်လာခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ အဆိုပါအဖွဲ့မှာ မူလအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဖို့နဲ့ အဖွဲ့ထူထောင်ရေးကိစ္စရပ်နဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမယ့် ပထမဦးဆုံးအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်။

အဲဒီအချိန်မှာ မြန်မာအနေနဲ့ အဖွဲ့ထူထောင် အခြေအနေကို စောင့်ကြည့် လေ့လာလိုသေးတာကြောင့် အစည်းအဝေးကို လေ့လာသူအဆင့်နဲ့သာ ပါဝင်တက် ရောက်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးရဲ့ ရလဒ်ဖြစ်တဲ့ ၁၉၉၇ ခုနှစ် ဇွန်လ(၆)ရက်နေ့ ဗန်ကောက်ကြေညာစာတမ်းနဲ့အညီ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ သီရိလင်္ကာနှင့် ထိုင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( Bangladesh-India-Sri Lanka-Thailand Economic Cooperation:BIST-EC) ကို စတင်ဖွဲ့စည်း တည်ထောင်နိုင်ခဲ့ပါတယ်။ အဲဒီအဖွဲ့ကို ဘင်္ဂလား ပင်လယ်အော်ကမ်းခြေ တစ်လျှောက်ရှိ နိုင်ငံတွေနဲ့ ပါဝင်ဖွဲ့စည်းထားတာဖြစ်လို့ ဘင်္ဂလားပင်လယ်အော်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(Bay of Bengal Economic Cooperation Organizationး BBECO) လို့လည်း စာနယ်ဇင်းတွေက အလွတ်သဘော ရည်ညွှန်းဖော်ပြခဲ့ကြပါတယ်။

အဲဒီအဖွဲ့ရဲ့ အဓိက ဦးတည်ချက်ကတော့ အရေးကြီးတဲ့ ဦးစားပေး စီးပွားရေး ကဏ္ဍကြီး (၈) ရပ်မှာ ပူးပေါင်း ဆောင်ရက်မှု မြှင့်တင်ခြင်းအားဖြင့် အဖွဲ့ဝင်နိုင်ငံများအားလုံးမှာ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးပင်ဖြစ်ပါတယ်။

ဘစ္စတက်အဖွဲ့သို့ မြန်မာနိုင်ငံက ပါဝင်ခြင်းအားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးနဲ့ နိုင်ငံတကာရေးရာ ကိစ္စရပ်တွေမှာ အကျိုးရှိစေနိုင်မယ်လို့ ယူဆသုံးသပ်ရတာကြောင့်၊ အစည်းအဝေးအပြီးမှာတင် မြန်မာနိုင်ငံဟာ အစ္စတက်အဖွဲ့မှ အဖွဲ့ဝင်အဖြစ်ပါဝင်ရေးအတွက် စတင်ဆောင်ရွက်ခဲ့ပါတယ်။

လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဘစ္စတက်အဖွဲ့ဝင်အဖြစ် ပါဝင်လိုကြောင်း အဆိုပြုလွှာများ ပေးပို့ခဲ့တဲ့အခါ ဘစ္စတက်အဖွဲ့မှာ မြန်မာနိုင်ငံအဖွဲ့ဝင် အဖြစ် ပါဝင်ရေးကိစ္စကို အဲဒီအဖွဲ့ရဲ့ မူလအဖွဲ့ဝင် (၄)နိုင်ငံလုံးက မဆိုင်းမတွ တညီတညွတ်တည်း ထောက်ခံမှုတွေ ပေးခဲ့ကြတာကြောင့်၊ မြန်မာနိုင်ငံအနေနဲ့ ဗန်ကောက်မြို့မှာ ၁၉၉၇ ခုနှစ်၊ သြဂုတ် (၂၅) ရက်နေ့မှာ ကျင်းပတဲ့ ဘစ္စတက်လုပ်ငန်းအဖွဲ့ရဲ့ ဒုတိယအကြိမ် အစည်းအဝေးက စတင်ပြီး စတင် ပါဝင်တက်ရောက်ဘို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားခဲ့ပါတယ်။

အဲဒီ့နောက် ဘစ္စတက်အဖွဲ့ရဲ့ ဝန်ကြီးအဆင့် အထူးအစည်းအဝေးနဲ့ အဆင့်မြင့်အရာရှိများ အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှာ ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့က (၂၂) ရက်နေ့အထိ ကျင်းပခဲ့တဲ့ နေရာမှာ အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်ဆွေ ခေါင်းဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။ အဲဒီလို တက်ရောက်ခြင်းဟာ ဘင်းမ်စတက်အစည်းအဝေးကို မြန်မာနိုင်ငံက ဝန်ကြီးအဆင့် ပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်ပါတယ်။

အဲဒီအစည်းအဝေးကာလအတွင်း ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့မှာ မြန်မာနိုင်ငံကို တင်းပြည့်အဖွဲ့ဝင်အဖြစ် တရားဝင် လက်ခံကြိုဆို ခဲ့ကြတဲ့အတွက် ဘစ္စတက်အဖွဲ့ရဲ့ အမည်ကိုလည်း ဘင်းမ်စတက် (BIMST-EC) လို့ ပြောင်းလဲ လိုက်ပါတယ်ဆိုတဲ့ ကြေညာစာတမ်းကို အဖွဲ့ဝင်(၅) နိုင်ငံရဲ့ နိုင်ငံခြားရေး ဒုတိယဝန်ကြီးတွေက အတည်ပြု လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြပါတယ်။

အဲဒီ ကြေညာစာတမ်းနဲ့အညီ နိုင်ငံတကာ အသိုက်အဝန်းမှာ ဘင်းမ်စတက်(BIMST-EC) ဆိုတဲ့ အဖွဲ့အစည်းဟာ ပီပီပြင်ပြင် ရုပ်လုံးပေါ်ထွက်လာခြင်းဘဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့ကနေ (၉) ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဖူးခက် မြို့မှာ ကျင်းပခဲ့တဲ့ ဆဌမအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးမှာ ဘူတန်နှင့် နီပေါတို့ အဖွဲ့ဝင် နိုင်ငံသစ်များ ဖြစ်လာခဲ့ပါတယ်။၂၀၀၄ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့က ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှာ ကျင်းပ ခဲ့တဲ့ ပထမအကြိမ် ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ရဲ့အမည်ကို ဘင်းမ်စတက်- ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် (Bay of Bengal lnitiative for Multi-Sectoral Techincal and Economic Cooperative) လို့ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။

လက်ရှိ လုပ်ငန်း ဆောင်ရွက်နေပုံ
အဖွဲ့သက်တမ်း (၁၆) နှစ်နီးပါးရှီတဲ့ အထိ ဘင်းမ်စတက်အဖွဲ့မှာ အတွင်းရေးမှူးချုပ်ရုံးထည်ထောင်ရခြင်း မရှိသေးတာကြောင့် အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်ရုံး တာဝန်တွေကို ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေး ဦးစီးဌာနက ထာဝန်ယူညှိနှိုင်းပေးပါတယ်။ အတွင်းရေးမှူးချုပ်ရုံးရဲ့ ရုံးလုပ်ငန်း တာဝန်တွေကို ဥက္ကဌ တာဝန်ကျေတဲ့ နိုင်ငံက ပူးတွဲတာဝန်ယူရပါတယ်။ ဝန်ကြီးအဆင့် အစည်းအဝေး၊ အဆင့်မြင့် အရာရှိကြီးများ အဆင့် အစည်းအဝေးတွေ ရပ်နားထားတဲ့ ကြားကာလတွေမှာ လုပ်ငန်းကိစ္စတွေ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ အမြဲတမ်း ယန္တရားတစ်ရပ်အနေနဲ့ ဘင်းမ်စတက် လုပ်ငန်းအဖွဲ့ (BMISTEC Working Group) ကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှာ ဖွဲ့စည်းတည်ထောင်ထားပါတယ်။

လုပ်ငန်းအဖွဲ့ရဲ့ အစည်းအဝေးတွေကို လစဉ်ကျင်းပ ပါတယ်။ အဲဒီ အစည်းအဝေးတွေကို အဖွဲ့ဝင် နိုင်ငံတွေက သံအမတ်ကြီးတွေ တက်ရောက်ကြပြီး အဖွဲ့ရဲ့ အလှည့်ကျဥက္ကဌ တာဝန်ယူတဲ့ နိုင်ငံက သံအမတ်ကြီးတွေက သဘာပတိအဖြစ် ဆောင်ရွက်ပါတယ်။

လက်ရှိမှာ တော့ မြန်မာနိုင်ငံက အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထားတော့ ဗန်ကောက်မြို့၊ မြန်မာသံရုံးက သံအမတ်ကြီးက သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်နေပါတယ်။

MOI Webportal Myanmar